“Suicide မလုပ်မီနောက်ဆုံးရေးခဲ့တဲ့ နှုတ်ဆက်စာ၊ သေတမ်းစာ၊ စကားပြောဖိုင်၊ video ဖိုင် ဘာကိုမှမဖော်ပြရပါဘူး။ အခု online ပေါ်မှာ တော်တော်များများတွေ့နေရတဲ့ ဖိနပ်ပုံကိုလည်း မတင်သင့်ပါဘူး။ ဒါတွေက စိတ်ထိခိုက်စရာတွေဖြစ်တတ်သလို မရည်ရွယ်ဘဲ နည်းပေးလမ်းပြသဘောဖြစ်သွားတတ်တယ်”
မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေး ဝေဒနာ ခံစားရမှုများလာပြီး မိမိကိုယ်မိမိအဆုံးစီရင်မှုများ ဖြစ်ပွားလာမှုနှင့်ပတ်သက်၍ တယ်လီကျန်းမာ၏ စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို MPA က ကောက်နုတ်ဖော်ပြလိုက်ပါသည်။
(အင်တာဗျူး)
MPA ။ ။ မြန်မာနိုင်ငံမှာ ပြည်သူအများစုအနေနဲ့ ဘယ်လို စိတ်အခြေအနေ အဆင်မပြေမှုတွေကြုံတွေ့နေရသလဲ။
တယ်လီကျန်းမာ ။ ။ မြန်မာနိုင်ငံမှာ ပြည်သူအများစုကြုံတွေ့နေရတဲ့ စိတ်အခြေအနေအဆင်မပြေမှုတွေ က စိတ်ဓာတ်ကျတာ၊ စိုးရိမ်သောကများတာ၊ အိပ်မပျော်တာ၊စိတ်တိုဒေါသထွက်လွယ်တာ၊ စိတ်ဒဏ်ရာရပြီးနောက် စိတ်ဖိစီးမှုပြင်းထန်တဲ့ရောဂါ (PTSD) ခံစားရတာ၊ မူလစိတ်ရောဂါအခံရှိသူများ ရောဂါပြန်ပေါ်နိုင်ခြေများတာ၊ မိမိကိုယ်ကိုယ် ထိခိုက်နာကျင်အောင်လုပ်ချင်တာနဲ့ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစား တာ၊ ဆေးရုံဆေးခန်းများမှာ ကုသရဖို့ခက်ခဲတာ စတာတွေပါ။
MPA ။ ။ စိတ်အခြေအနေအဆင်မပြေတဲ့သူတွေအတွက် ဘာလုပ်သင့်သလဲ။ ဘယ်လိုနေထိုင်သင့်သလဲ။
တယ်လီကျန်းမာ ။ ။ စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့်အပြုအမူတွေနဲ့ ဆင်ခြင်နေထိုင်သင့်ပါတယ်။ တစ်နေ့တာတိုင်းမှာ ညီညွတ်မျှတစွာနေထိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ်ခန္ဓာကျန်းမာရေး လိုက်စားတာ၊ အောင်မြင်မှုလို့ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေတဲ့အလုပ်၊ သေးငယ်ပေါ့ပါးတာလေးတွေပဲဖြစ်ဖြစ် လုပ်တာ၊ ချစ်ခင်ရိုင်းပင်းကူညီနိုင်မယ့်သူတွေနဲ့ အဆက်အသွယ်တောင်းတာ၊ စိတ်အပန်းပြေစေတာတွေ နေ့စဉ်လုပ်ရင် စိတ်ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးရနိုင်ပါတယ်။
အရေးတကြီးမှာချင်တာလေးတစ်ခုကတော့ စိတ်ကျန်းမာရေးအတွက် ဆေးတွေသောက်လက် စရှိသူဆိုရင် စိတ်ကျန်းမာရေးဆရာဝန်ကို မပြဖြစ်သေးဘူးဆိုရင် ဆေးကို သောက်လက်စအတိုင်း ဆက်သောက်ပါ။ ဆေးကုမ္ပဏီမတူလည်း ပါဝင်တဲ့ဆေးနဲ့ ဆေးပမာဏတူရင် သောက်လို့ရပါတယ်။ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့မှသာ ဆေးတွေကို အတိုးအလျှော့လုပ်သင့်ပါတယ်။ အရက်၊ မူးယစ်ဆေး၊ စိတ်ကြွဆေးတွေကိုလည်း ရှောင်သင့်ပါတယ်။
MPA ။ ။ ဘယ်လိုအကြောင်းအရာတွေကြောင့် အဆုံးစီရင်ချင်လာကြတာလဲ။
တယ်လီကျန်းမာ ။ ။ မိမိကိုယ်ကိုယ်အဆုံးစီရင်ချင်တာကို တွန်းပို့နိုင်တာတွေက စိတ်ဖိစီးမှုတွေ ကိုင်တွယ်ဖြေရှင်းရာမှာ အခက်တွေ့ပြီး လုပ်မိလုပ်ရာလုပ်လိုက်တာ (ဥပမာ – ပတ်သက်သူကို အပြစ်ရှိတယ်ခံစားစေချင်တာ)။ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အသိပညာ အားနည်းနေလို့ဖြစ်စေ၊ ရှက်ရွံ့နေလို့ဖြစ်စေ စိတ်ကျန်းမာရေးဝန်ဆောင်မှုမယူဖြစ်တာ။
စိတ်ကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်လှမ်းမမီတာနဲ့ လူမှုရေးအကူညီတွေရယူဖို့ အခက်အခဲတွေရှိတာတွေဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးပြဿနာအချို့ က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလိုခြင်းနဲ့ ဆက်စပ်ပါတယ်။ ဒါတွေကတော့ စိတ်ကျရောဂါ၊ စိတ်ကြွ စိတ်ကျရောဂါ၊ အရက်၊ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်တဲ့ စိတ်ရောဂါ၊ စိတ်ဖောက်ပြန်ရောဂါနဲ့ ကိုယ်ရည်ကိုယ်သွေးပြဿနာ အစရှိတာတွေပါဝင်ပါတယ်။
MPA ။ ။ ဒီလိုအဆုံးစီရင်တာတွေ ထပ်မဖြစ်ဖို့ ဘာတွေလုပ်ဆောင်ဖို့လိုလဲ။
တယ်လီကျန်းမာ။ ။ လူတိုင်းမှာ လုပ်ဆောင်နိုင်တာတွေ ရှိပါတယ်။ ကာယကံရှင်၊မိသားစု၊ မိတ်ဆွေအသိုင်းအဝိုင်း၊ လူမှုရေးအဖွဲ့အစည်းတွေ၊ စိတ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့သူ၊ ကျန်းမာရေးဆိုင်ရာဝန်ထမ်းနဲ့ သတင်းမီဒီယာသမားတွေမှာ ကိုယ်စီလုပ်ဆောင်ပေးနိုင်တာတွေရှိပါတယ်။ ဘယ်သူမှတော့ ကိုယ့်အသက်ကို အလကားနေအလကား အဆုံးမစီရင်ချင်ပါဘူး။
ဒါ့ကြောင့် ဒီလိုအဖြစ်မျိုးတွေ မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာအပြင် လိုအပ်တဲ့အကူအညီယူတာတွေက အလွန်အကျိုး ရှိပါတယ်။ မိသားစုနဲ့မိတ်ဆွေအသိုင်းအဝိုင်းကလည်း တတ်နိုင်တဲ့ဘက်ကကြိုးစားပြီး ဖေးမကူမယ်။ လူမှုရေးအဖွဲ့အစည်း၊ စိတ်ပိုင်းဆိုင်ရာဝန်ဆောင်မှုနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကိုလည်း ပိုပြီး ကျယ်ပြန့်ထိရောက်အောင် ဆောင်ရွက်ဖို့လိုပါမယ်။ ဒီ့အတွက် ကျွမ်းကျင်ပညာရှင်တွေ အများကြီးလိုပါတယ်။
ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းနဲ့ပတ်သက်တဲ့ သတင်းတွေရေးကြရင် (post တွေတင်ကြ၊ ပြောဆိုကြရင်) လိုက်နာကြရမယ့် ရှောင်ရန်၊ ဆောင်ရန်တွေအကြောင်းတွေကိုလည်း အကျဉ်းချုပ်လေး ထည့်ပြောချင်ပါတယ်။ ရှောင်ရန်တွေက အတွေး၊ အမြင်ကို တိမ်းစောင်းစေနိုင်တဲ့ စကားလုံးတွေ(ဥပမာ – လွတ်မြောက်မယ့်လမ်းတို့၊ ငြိမ်းချမ်းစေမယ့် စိတ်ထွက်ပေါက်တစ်ခုတို့ ဆိုတာမျိုးတွေ၊ လွမ်းမောစရာ ရသစာပေဆန်တာမျိုးတွေ။ ဖြစ်တဲ့နေရာကိုအသေးစိတ်ဖော်ပြတာ။ နည်းလမ်းကို အသေးစိတ်ရေးသား တာ။ ပြုလုပ်သွားသူရဲ့ ဓာတ်ပုံ၊ သူ့မိသားစုရဲ့ဓာတ်ပုံကစလို့ ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ အခြားဘယ်ဓာတ်ပုံ ၊ video ၊ အသံဖိုင်ကိုမှ မဖော်ပြရပါဘူး။ Suicide မလုပ်မီနောက်ဆုံးရေးခဲ့တဲ့ နှုတ်ဆက်စာ၊ သေတမ်းစာ၊ စကားပြောဖိုင်၊ video ဖိုင် ဘာကိုမှမဖော်ပြရပါဘူး။
အခု online ပေါ်မှာ တော်တော်များများတွေ့နေရတဲ့ ဖိနပ်ပုံကိုလည်း မတင်သင့်ပါဘူး။ ဒါတွေကစိတ်ထိခိုက်စရာတွေ ဖြစ်တတ်သလို မရည်ရွယ်ဘဲ နည်းပေးလမ်းပြသဘော ဖြစ်သွားတတ်ပါတယ်။ Google မှာ Suicideလို့ ရိုက်ပြီးရှာဖွေလိုက်ရင် သေကြောင်းကြံစည်မှုတွေအကြောင်းမဖော်ပြဘဲ အခြား ရုပ်ရှင်တွေ၊ ဂိမ်းတွေအကြောင်းပဲ ဖော်ပြထားတာတွေ့ရပါလိမ့်မယ်။ လိုက်နာသင့်တာတွေက သတင်းရေးတဲ့အခါ ၊ ပိုစ့်တင်တဲ့အခါ စာဖတ်သူကို စိတ်ကျန်းမာရေးဗဟုသုတ တိုးစေမယ့်အချက်တွေကို ထည့်သွင်းရေးသားရပါမယ်။
ဥပမာ – ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုတဲ့စိတ်က စိတ်ဓာတ်ကျသူတွေ ၊ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရသူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ မိသားစု၊ သူငယ်ချင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေကို ရင်ဖွင့်တိုင်ပင်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုစိတ်ဖြစ်ပေါ်ခဲ့ရင်၊ အလွန်အမင်းစိတ်ဖိစီးမှုနဲ့ ရင်ဆိုင်ရရင် ဆက်သွယ်နိုင်မဲ့ ဝန်ဆောင်မှုပေးတဲ့အဖွဲ့တွေနဲ့ ပတ်သက်ပြီးဖော်ပြထားရပါမယ်။ ဥပမာ -online နှစ်သိမ့်ဆွေးနွေးပေးတဲ့အဖွဲ့တွေရဲ့ Facebook page, phone number, hotlines, Link။ (Facebook ရဲ့ search bar မှာ Suicideလို့ ရိုက်ရှာကြည့်လိုက်ပါ။
သေကြောင်းကြံစည်မှုအကြောင်း မဖော်ပြဘဲ စိတ်ကျန်းမာအတွက် အကူအညီပေးမယ့် page တွေ အဖွဲ့အစည်းတွေအကြောင်းပဲ အရင်ဖော်ပြပေးတာတွေ့ရပါလိမ့်မယ်)။ စိတ်ကျန်းမာရေးပြသနာတွေ၊ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာတွေနဲ့ပတ်သက်ပြီး အယူအဆလွဲမှားမှု၊ ခွဲခြားဆက်ဆံမှုတွေလျော့နည်းအောင်ရေးသားဖော်ပြရပါမယ်။ ကျန်းမာရေးအသိပညာပေးတဲ့အချက်တွေ ထည့်သွင်းရေးသားရပါမယ်။
ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုတဲ့စိတ်ကို တောင့်ခံကျော်လွှားနိုင်ခဲ့တဲ့သူတွေအကြောင်းကို အသားပေးရေးသားရပါမယ်။ ပြည့်ပြည့်စုံစုံဖတ်ချင်ရင် WHO က ထုတ်တဲ့ Preventing Suicide: A resource for media professionals ဆိုတဲ့စာအုပ်ကို ဖတ်ကြည့်လို့ရပါတယ်။
MPA ။ ။ ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။
တယ်လီကျန်းမာ ။ ။ နောက်ဆုံးပိတ်အနေနဲ့ လက်ဆောင်စကားလေးတစ်ခွန်း ပါးလိုက်ချင်ပါတယ်။ “ မျှော်လင့်ချက်ဆိုတာ အမြဲရှိတယ်။ လတ်တလော ဘာလုပ်ရမှန်းမသိဖြစ်တတ်တဲ့အချိန် အခိုက်အတန့် တွေမှာလည်း နွေးထွေးတဲ့ခွန်အားတွေ မွေးမြူစုဆောင်းရင်း ရှေ့ဆက်ကြမယ်” ။