မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အမျိုးသမီးငယ်များ ရင်ဆိုင်နေရသည့် အခက်အခဲများအတွက် အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို အကောင်အထည်ဖော် ကူညီရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ကရင်လူ့အခွင့်အရေးအဖွဲ့ က ယနေ့တွင်တောင်းဆိုလိုက်သည်။
အောက်တိုဘာလ ၁၁ ရက်နေ့၊ ယနေ့တွင်ကျရောက်သည့် နိုင်ငံတကာမိန်းကလေးများနေ့တွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ အမျိုးသမီးငယ်လေးများ ရင်ဆိုင်နေရသော အခက်အခဲများကို မီးမောင်းထိုးပြလို၍ ယခုကဲ့သို့ ထုတ်ပြန်ချက်ဖြင့် အသိပေးလာခြင်းလည်းဖြစ်သည်။
လက်ရှိတွင် အမျိုးသမီးငယ်များအနေဖြင့် ငြိမ်းချမ်းစွာ အသက်ရှင်နေထိုင်နိုင်ရန်၊ အစားအစာ လုံလောက်ရန်၊ ပညာသင်ယူခွင့်ရရှိရန်၊ ကျန်းမာရေး လက်လှမ်းမီနိုင်ရန်နှင့် တရားမျှတမှုရရှိရန် အခက်အခဲများစွာ ရှိနေသည့်အတွက် တောင်းဆိုလိုက်ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့နှင့် ကရင်အမျိုးသမီးအစည်းအရုံးတို့က မိန်းကလေးများအား အကြပ်အတည်းထဲသို့ တွန်းပို့စေသည့် ပြည်တွင်းတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအား လုပ်ဆောင်သင့်သည့် အရာများကို အကောင်အထည်ဖော်ရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
မိန်းကလေးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် ထိုးစစ်ဆင်မှုများကြောင့် ကရင်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်ရသူ ၃၅၀၀၀၀ ကျော်ရှိလာသည်ဟု ယင်းအဖွဲ့က အသိပေးထားသည်။
အမျိုးသမီးများသည် နေရပ်ရွှေ့ပြောင်းနေထိုင်ရမှုများကို မတူကွဲပြားစွာ ရင်ဆိုင်နေရပြီး ထွက်ပြေး တိမ်းရှောင်နေရသူထက်ဝက်သည် ကလေးသူငယ်များဖြစ်နေသည်ဟု အသိပေးထားသလို ထိုကလေးငယ်များ ထက်ဝက်သည် မိန်းကလေးများဖြစ်ကြသည်ဟုဆိုသည်။
ထွက်ပြေးတိမ်းရှောင်နေရသူများသည် ထိခိုက်ဒဏ်ရာရရှိမှု၊ မြေမြှုပ်မိုင်းပေါက်ကွဲမှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး အန္တရာယ်များကို ရင်ဆိုင်ကြရပြီး ထွက်ပြေးတိမ်းရှောင်နေရချိန်တွင်လည်း ဆင်းရဲကြမ်းတမ်းမှုများအတွင်း နေထိုင်ကြရသည်ဟု အသိပေးသည်။
ထို့အခြေအနေများတွင် ၎င်းတို့သည် သောက်ရေသန့်၊ အစားအစာ၊ ပညာရေး၊ ရေဆိုးစနစ်နှင့် မိခင်နှင့်ကလေးကျန်းမာရေး ကဲ့သို့သော ကျန်းမာရေးစောင့်ရှောက်မှု စသည်များကို လက်လှမ်းမီနိုင်ခြင်မရှိ ဖြစ်နေကြရသည့်အပြင် စစ်ကောင်စီ၏ ဖမ်းဆီးမှုနှင့် ညှင်းပန်းနှိပ်စက်မှုများကို အမျိုးသားများမှ ရှောင်ရှားနေချိန်တွင် ကျေးရွာများအတွင်း ရှိနေသေးသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် အကြမ်းဖက်စစ်ကောင်စီ၏ ခြိမ်းခြောက်မှုနှင့် တိုက်ခိုက်မှုအန္တရာယ်များကို ရင်ဆိုင်ကြရသည်ဟု ထုတ်ပြန်အသိပေးထားသည်။
ထို့အတွက်ကြောင့် အကြမ်းဖက် စစ်ကောင်စီကို အသိအမှတ်ပြုစေမည့်အရာများကို မပြုလုပ်ရန်၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး မည့်သည့်ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို မပြုလုပ်ရန်၊ ကလေးသူငယ်များအပေါ် ညှင်းပန်းနှိပ်စက်မှုများနှင့် ကျား၊မ အခြေပြု လိင်အကြမ်းဖက်မှုများအား ခွင့်ပြုခဲ့ပြီး စနစ်တကျ ကျူးလွန်ခဲ့သော စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ခုံရုံးများတွင် အရေးယူလုပ်ဆောင်မှုများ ချက်ချင်းလုပ်ဆောင်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့က နိုင်ငံတကာကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။