ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် ဆက်စီမော်လ်ဒယ် နန်းမွေစံတို့အား လိင်အသားပေးဓာတ်ပုံနှင့်ဗီဒီယိုများကို လူမှုကွန်ရက်ပေါ်တွင် အခကြေးငွေယူကာ ဖြန့်ဝေသည်ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီမှ အမှုဖွင့်ထားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီအနေနှင့် ပုရိသယောကျာ်းသား ပရိသတ်များစွာပိုင်ဆိုင်ထားသည့် ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် နန်းမွေစံတို့၏ အပြုအမူသည် မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေသည့်အတွက် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သော အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃(က) ဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်သည်ဟု အကြမ်းဖက်စစ်ကောင်စီ ဝါဒဖြန့်မီဒီယာMRTVရုပ်သံမှ သတင်းထုတ်ပြန်ခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) SSPP/SSA ၏ ကမ်းလှမ်းမှုဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၃ရက်နေ့တွင် ဟိုက်ပါရေတံခွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေး အတွက် Documentary ရိုက်ကူးရေးပြုလုပ်ပြီး အပြန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခေါ်ယူစစ်ဆေးခြင်းကို ခံခဲ့ရဖူးသူ ဖြစ်သည်။