ရန်ကုန်တွင် ရှောင်တခင်စစ်ဆေးမှုများနှင့် ဧည့်စာရင်းစစ်မှုများကြောင့် ဖမ်းဆီးခံရသူများရှိနေကြောင်း လှိုင်မြို့နယ် သတင်းစုဆောင်းရေး ကင်းထောက်ခေါင်းဆောင်တစ်ဦးကပြောသည်။
ယင်းရှောင်တခင်စစ်ဆေးမှုများကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ရက်နေ့မှစတင်ပြီး ယနေ့အထိ ဆက်လက်လုပ်ဆောင်နေပြီး စမ်းချောင်း၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ လှိုင်သာယာ၊ သာကေတနှင့် ဆူးလေအနီးတဝိုက်တွင် အဓိက လုပ်ဆောင်နေကြောင်း လှိုင်မြို့နယ် သတင်းစုဆောင်းရေး ကင်းထောက်ခေါင်းဆောင်တစ်ဦးက ပြောသည်။
ယခုလို ရှောင်တခင်စစ်ဆေးရာတွင် သက်ဆိုင်မြို့နယ်များ၏ လမ်းသွားလမ်းလာများကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖုန်းစစ်ခြင်း၊ တက်တူးစစ်ခြင်းနှင့် မှတ်ပုံတင်စစ်ဆေးခြင်းတို့ကို အဓိကပြုလုပ်နေသည်ဟု စစ်ဆေးခံရသူများ၏ ပြောဆိုချက်အရ သိရကြောင်း ယင်းခေါင်းဆောင်မှ ရှင်းပြသည်။
“ သူတို့က ပြောက်ကျားစစ်လာတာ။ လှည်းတန်းမှာစစ်တုန်းကဆို ဖေ့ဘွတ်ခ် ပရိုဖိုင်ကိုစစ်တယ်။ အဲ့မှာ အနီ၊ အနက်ပါတဲ့သူတွေဆို ဖမ်းတာ ။ နောက်တစ်ခုက တော်လှန်ရေး တက်တူးထိုးထားတဲ့သူတွေကို ဖမ်းတယ်။ မက်စင်ဂျာတော့ ဝင်မကြည့်ဘူးပြောတယ်။ မှတ်ပုံတင်ပါရင်ပြရတယ်။ မပါရင် ဘယ်မှာနေလဲမေးတယ်။ ၅/ဆို ဖမ်းတယ် ” ဟု လှိုင်မြို့နယ် သတင်းစုဆောင်းရေး ကင်းထောက်ခေါင်းဆောင် အမျိုးသမီးတစ်ဦးမှ ရှင်းပြသည်။
ယင်းကဲ့သို့ စစ်ဆေးမှုများကြောင့် ဖမ်းဆီးခံရသူများစွာရှိနေပြီး အတည်ပြုနိုင်သည့် ဖမ်းဆီးခံရသူဦးရေသည် ယနေ့အချိန်ထိ ၁၂ဦးခန့်ရှိကြောင်း သူမက ဆက်လက်ပြောသည်။
“ အဖွဲ့တွေက ပို့လာတဲ့စာရင်းအရဆို ကြည့်မြင်တိုင်မှာ ကိုခင်မောင်ဆွေဆိုတဲ့သူဆို ၂၅ရက်နေ့ကတည်းက ဖမ်းခံထားရတာ။ တောင်ဥက္ကလာပ၊ စမ်းချောင်း၊ သင်္ဃကျွန်းနဲ့ မြောက်ဒဂုံ၊ သာကေတ၊ လှိုင်သာယာတွေ မှာ ဖုန်းစစ်ရင်း ဖမ်းခံရသူတွေပါတယ် ။ မိသားစုနဲ့တော့ အဆက်အသွယ်ရကြတယ်ပြောတယ် ” ဟု သူမကဆက်လက်ရှင်းပြသည်။
ယနေ့ ဇူလိုင်လ ၂၈ရက်နေ့ ညနေ ၆နာရီကလည်း လှိုင်မြို့နယ်၊ ဘုရားလမ်းမှတ်တိုင်အနီးတွင် လူငယ်များမှ “ တော်လှန်ရေးအတွက်လုပ်နေတာ သရဏဂုံမတင်နိုင်ဘူး ”ဟူသောစာတန်းကိုင်စွဲကာ ဆန္ဒပြခဲ့သောကြောင့် အနောက်ပေ ၅၀လမ်းမအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ပိတ်ကာ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး မာလာမြိုင် ၈လမ်းနှင့် ၉လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်အနီးမှ လမ်းသွားလမ်းလာပြည်သူများနှင့် food panda ဝန်ထမ်းများကို နောက်ကျောပေး၊ ဒူးထောက်ထိုင်ခိုင်းထားကြောင်း လှိုင်မြို့နယ်၊ ဘုရားလမ်းတွင်နေထိုင်သူ တစ်ဦးကပြောသည်။
“ ဒီနေ့ ဗဟိုလမ်းမပေါ်က သမိုင်းဂုံးတံတားနားမှာ ကောင်လေး၂ယောက်ကို ဆိုင်ကယ်နှစ်စီးညှပ်ပြီး ဖမ်းသွားတယ်။ အရပ်ဝတ်တွေနဲ့ပဲ။ ဗဟိုလမ်းပေါ်နဲ့ ဘုရားလမ်းနားမှာလည်း သူတို့အရပ်ဝတ်တွေနဲ့ရှိတယ် ” ဟု လှိုင်မြို့နယ်၊ ဘုရားလမ်းတွင်နေထိုင်သူ တစ်ဦးကပြောသည်။
အထက်ပါ ရှောင်တခင်စစ်ဆေးမှုများအပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်၇ခုတွင် ဧည့်စာရင်းများ ယခုတစ်ပတ်အတွင်း ဆက်တိုက်စစ်ဆေးလာပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ဘုရားလမ်းအတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၂၇ရက်နေ့က ဧည့်စာရင်းစစ်ဆေးအပြီးတွင် အိမ်ရှိလူများကို ဓာတ်ပုံရိုက်ယူသွားခဲ့ပြီး ဧည့်စာရင်းမတိုင်သူများကို မြို့နယ်ပေါ်မူတည်ကာ တစ်ဦးလျှင် တစ်သိန်းခွဲကျပ်မှ ငါးသောင်းကျပ်အထိ တောင်းရမ်းပြီး ပြန်လွှတ်ပေးနေကြောင်း MPAမှ စုံစမ်းသိရှိရသည်။