စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် မဲဇာရဲစခန်းသို့ တပ်ကူလွတ်လိုက်သည့် ခမရ၃၀၉ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်းတော်မြို့နယ်အတွင်းရှိ ပြည်သူ၁၅ဦးကို ဇူလိုင်လ ၁၂ရက်နေ့တွင် ပေါ်တာဆွဲ ခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်းတော်မြို့တွင်းသို့ ဇူလိုင်လ၁၂ရက်နေ့တွင် အင်အား၁၀၀ခန့်ဖြင့် ဝင်ရောက်လာခဲ့ပြီး အင်းတော်မြို့နယ်အတွင်းရှိ ကူးဆိပ်၊ ကျော်ရွာ ၊ နားခါ ၊ ကျန်တော နှင့် နားနောင်ကျေးရွာမှ အသက် ၁၈နှစ် မှ ၆၀ အရွယ်အတွင်းရှိ လမ်းသွားလမ်းလာပြည်သူ၁၅ ဦးကို ဖမ်းဆီးသွားပြီးနောက် စစ်ဝတ်စုံများကိုဝတ်ခိုင်းကာ ၄င်းတို့၏ အထုတ်အပိုး ဝန်စည်စားလှယ်များ သယ်ဆောင်ခိုင်းပြီး သံဘိုရွာကို ခေါ်ဆောင်သွားသည်ဟု ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။
“ဖမ်းသွားတာကတော့ မနေ့ကတည်းက ဖမ်းသွားတယ်။ အခုထိတော့ ပြန်မလွတ်သေးဘူး။ ဖမ်းဆီးသွားတဲ့ရွာသားတွေကို စစ်ခွေးတွေက မင်းတို့ပြေးရင်သတ်ပစ်မယ် ငါတို့နောက်ကို အေးဆေးလိုက်ခဲ့ဆိုပြီး ရွာသားတွေကို သူတို့စစ်ဝတ်စုံတွေဝတ်ခိုင်းပြီး ခေါ်သွားတယ်။ ဒီမနက်အထိတော့ သံဘိုရွာမှာရှိနေတယ် ” ဟု Indaw Revolution IR တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
မျက်မြင်တွေ့ရှိရသော ပြည်သူများ၏ ပြောကြားချက်အရ ဖမ်းဆီးခံရသော ပြည်သူများမှာ စစ်ဝတ်စုံများဝတ်ဆင်ရသောကြောင့် ငိုယိုနေကြောင်းကိုလည်း Indaw Revolution ကဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီကျော်တွင် အင်းတော်မြို့နယ်၊ အလယ်ဆိပ်ရွာရှိ ပြည်သူများ၏ နေအိမ်များကို မွှေနှောက်ဖျက်ဆီးခဲ့ပြီး လူနေအိမ်နှစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
“အလယ်ဆိပ်ရွာသားတွေက မနေ့ကတည်းက သူတို့အိမ်တွေကိုသော့ခတ်ပြီး နီးစပ်ရာရွာကို ပြေးကုန်ကြပြီ။ ဒီမနက် စစ်ခွေးတွေက ရွာထဲကိုဝင်ပြီး သော့ခတ်ထားတာတွေကို ရိုက်ဖျက်တယ်။ ရွာသားတွေရဲ့ အိမ်ထဲကပစ္စည်းတွေကိုလည်း ဝင်မွှေနေတယ်။ ရွာမှာ မပြေးတဲ့မိသားစုတစ်စု ကျန်ခဲ့တယ်။ အဲဒီမိသားစုကိုလည်း သူတို့ဖမ်းခေါ်သွားတယ်။ ရွာသားတွေရဲ့အိမ်နှစ်လုံးလည်း မီးရှို့သွားတယ်။ လောလောဆယ် ဒီလောက်ပဲ စုံစမ်းသိရသေးတယ် ” ဟု IR တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီးပြီး ယခုလို ၎င်းတို့၏ အထုတ်အပိုးများ ထမ်းခိုင်းခြင်းများ ပြုလုပ်နေသည်မှာ အမြဲတမ်းလိုလိုပင် ဖြစ်နေကြောင်းလည်း သိရသည်။
ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ သတင်းများကို နားစွင့်ပြီးသွားလာကြဖို့ရန်နှင့် ယင်းသို့မဟုတ်ပါက အမြဲတမ်းလိုလို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ချောဆွဲခံရမှာဖြစ်ပြီး တော်လှန်ရေးရဲဘော်များအနေဖြင့်လည်း ပြည်သူများကို ငဲ့ညှာနေရသောကြောင့် လုပ်ကိုင်ဆောင်ရွက်ရသည်မှာ ကျပ်တည်းနေရကြောင်းလည်း ဖြည့်စွက်ပြောကြားထားသည်။