ရခိုင်ရှိ ရိုဟင်ဂျာအချို့သည် နိုင်ငံသားစိစစ်ရေးကတ်နှင့် နိုင်ငံသားပြုခွင့်ရ စိစစ်ရေးကတ်များ ရရှိရေးအတွက် စစ်ကောင်စီဝန်ထမ်းများကို သိန်းရာဂဏန်းအထိ ပေးနေကြရကြောင်း ရိုဟင်ဂျာများက အတည်ပြုပြောကြားသည်။
အဆိုပါ ကတ်များ လျှောက်ထားရာတွင် ရပ်ကျေးစာရေး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၊ ရဲတပ်ဖွဲ့နှင့် လဝကတို့ကို အဆင့်ဆင့်ပေးနေကြရပြီး အနည်းဆုံး သိန်းငါးဆယ်မှ သိန်းတစ်ရာဝန်းကျင်အထိ ပေးနေကြရသည်ဟု ဆိုကြသည်။
” ကတ်လျှောက်ဖို့ ရပ်ကျေးစာရေးဆီက ထောက်ခံစာယူကတည်းက ပေးရတာ ကတ်ထုတ်ပေးတဲ့ လဝကဝန်ထမ်းတွေ အထိပါ။ ကျနော်ဆိုရင် သိန်းတစ်ရာလောက် ကုန်ပါတယ်။ နှစ်နှစ်ကျော်မှရတာပါ” ဟု မောင်တောမြို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရရှိထားသည့် ရိုဟင်ဂျာတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်ရှိ ရိုဟင်ဂျာများအားလုံးသည် လွတ်လပ်စွာ သွားလာခွင့်များနှင့် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနေကြရသဖြင့် ငွေကြေးတတ်နိုင်သူများက ထိုကဲ့သို့ သိန်းပေါင်းများစွာ ငွေကုန်ကြေးကျခံပြီး ပြုလုပ်ရယူနေကြခြင်းဖြစ်သည်ဟု ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြသည်။
ထို နိုင်ငံသားစိစစ်ရေးကတ်နှင့် နိုင်ငံသားပြုခွင့်ရစိစစ်ရေးကတ်မရှိသူများသည် လေယာဥ်စီးနင်းခွင့်၊ ခရီးသွားလာခွင့်များ မရသည့်အပြင် မြို့နယ်ကျော်ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာ လဝကရုံးတွင် ခရီးသွားလာခွင့် လက်မှတ်ပုံစံ (၄) ကို တစ်လ၊ နှစ်လခန့် ကြိုတင်လျှောက်ထားကြရပြီး ငွေကြေးများလည်း ပေးနေကြရသည်ဟု ဆိုကြသည်။
ထိုကဲ့သို့ ကန့်သတ်တားမြစ်ချက်များကြောင့် ရခိုင်ရှိ ရိုဟင်ဂျာများထဲက ငွေကြေးတတ်နိုင်သူများသည် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများအတွက် သွားလာရလွယ်ကူစေရန် စစ်ကောင်စီဝန်ထမ်းများကို ငွေပေးကာ ပြုလုပ်နေကြသည်ဟု ဆိုကြသည်။
” ဒီမှာ နေသူတွေ ပိုက်ဆံရှိသူတွေက အစကတည်းက NVC တွေ လျှောက်ထား၊ ကိုင်ထားကြပါတယ်။ အဲဒီကတဆင့် ပြုကတ် (NVC က နိုင်ငံသားပြုခွင့်ကဒ်ရဖို့ နိုင်ငံသားကတ်လျှောက်ခွင့်ရဖို့ အကြိုစိစစ်ခံကတ်)၊ နိုင်ငံတွေလျှောက်ပြီး (မြန်မာနိုင်ငံအနှံ့) ရန်ကုန်အထိ သွားနေကြတာပါ။ ဘင်္ဂလီပဲရေးရေး၊ ဘာပဲရေးရေး ကတ်ရဖို့လိုတော့ အဲဒါကို ဂရုမစိုက်ကြတော့ဘူး” ဟု ဘူးသီးတောင်မြို့ပေါ်မှ ရိုဟင်ဂျာလူကြီးတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ စိစစ်ရေးကတ်များကို ရခိုင်တွင် မောင်တောခရိုင်နှင့် စစ်တွေခရိုင်ရှိ ရိုဟင်ဂျာများက အများဆုံးပြုလုပ်နေကြပြီး စာရွက်စာတမ်း၊ အချက်အလက်များ ပြည့်စုံသော်လည်း လက်မှတ်ထိုးထုတ်ပေးရသည့် လဝကအရာရှိများတောင်းသော ငွေကြေးပမာဏမရပါက ထုတ်မပေးဘဲ အချိန်ကြာအောင် ပြုလုပ်ထားကြောင်း ရိုဟင်ဂျာများက ဆိုကြသည်။
ထိုအပြင် စာရွက်စာတမ်း၊ အချက်အလက်များ မပြည့်စုံသော်လည်း လက်မှတ်ထိုးထုတ်ပေးရသည့် လဝကအရာရှိများတောင်းသော ငွေကြေးပမာဏရရှိပါက အမြန်ရရှိနေကြောင်းနှင့် စစ်ကောင်စီ၏ စစ်တပ်အရာရှိများကတဆင့်လည်း ပြုလုပ်ရရှိနေသည်များလည်း ရှိကြောင်း ရခိုင်မှ လဝကအရာရှိအချို့က MPA သို့ ပြောသည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို မြန်မာအစိုးရအဆက်ဆက်က နိုင်ငံသားအဖြစ် အသိအမှတ်မပြုသည့်အပြင် ရိုဟင်ဂျာဆိုသည်ကိုလည်း တရားဝင် အသိအမှတ်မပြုဘဲ ဘင်္ဂလီဟုသာ သုံးနှုန်းနေသေးကြောင်းလည်း ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ သုံးသန်းနီးပါးရှိနေပြီး အများစုသည် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူများဖြစ်သလို အခြေခံ လူ့အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာသွားလာခွင့်များ ဆုံးရှုံးနေကြရသည်ဟု ဆိုကြသည်။
” ကမ္ဘာပေါ်ရှိ နိုင်ငံမဲ့ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံအတွင်း၌ နေထိုင်ကြပြီး ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များသည် ကမ္ဘာပေါ်ရှိ နိုင်ငံမဲ့အုပ်စုများတွင် အကြီးဆုံး အုပ်စုတစ်စုဖြစ်ပါသည်။ ထိုလူ့အဖွဲ့အစည်းသည် ၎င်းတို့၏ အခြေခံရပိုင်ခွင့်နှင့် နိစ္စဓူဝကိစ္စရပ်များအပေါ်တွင် ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရပါသည်” ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။