ရခိုင်ပြည်နယ်တွင် ဒေသခံပြည်သူလူထု ထောက်ခံမှုများခဲ့သော ပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) သည် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယခုလအတွင်း ပြန်လည်မှတ်ပုံတင်မည်ဟု ပါတီတာဝန်ရှိသူများက အတည်ပြုသည်။
အဆိုပါ ပါတီမှတ်ပုံပြန်တင်ရန်အတွက် ယခုမတ်လ ၆ ရက်နေ့မှ ၁၂ အထိ မြို့နယ်အသီးသီးတွင် အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုကြသည်။
” ဒီလအတွင်း ပါတီကို မှတ်ပုံပြန်တင်မယ်။ ဘယ်နေ့တင်မယ်ဆိုတာကို ပြောလို့ မရသေးဘူး။ ပြည်နယ်အဆင့်တင်မှာပါ။ ကျန်တာတွေကတော့ နောက်မှ ထုတ်ပြန်ပါလိမ့်မယ်” ဟု ANP ပါတီမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်ပြီးနောက် ပါတီများ ပြန်လည်မှတ်ပုံမတင်လျှင် အလိုအလျောက်ပျက်ပြယ်သွားမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ပြင်ဆင်ပြဌာန်းခဲ့သည်။
ထို ဥပဒေအရ နိုင်ငံတစ်ဝန်းလုံးစည်းရုံးမည့် ပါတီဖြစ်ပါက မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းနှင့် ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ရှိရမည်ဟု ဖော်ပြထားသည်။
ထိုအထဲတွင် ပြည်နယ်နှင့်တိုင်းအဆင့် ဖြစ်ပါက ပါတီဝင်ဦးရေတစ်ထောင်နှင့် ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ရာရှိရမည်ဟု ဆိုသည်။
” ကျွန်တော်တို့ကတော့ ပါတီပြန်ပြီးမှတ်ပုံတင်မယ့်ဟာကို သဘောမတူ လက်မခံပါဘူး။ ဒါကြောင့် ပါတီနဲ့ မပတ်သက်တော့ဘူး။ ဒီအတိုင်းပဲနေလိုက်တော့မယ်။ အရင်တုန်းကတောင် ဘာမှမထူးတာ အခုဆိုရင် ပိုဆိုးမှာပေါ့” ဟု ANP ပါ တီဝင်တစ်ဦးက MPA သို့ ပြောသည်။
ရခိုင်အမျိုးသားပါတီ (ANP) သည် ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးများတွင် ရခိုင်တစ်ပြည်နယ်မှာ အများဆုံးအနိုင်ရခဲ့သော်လည်း ပြည်နယ်အစိုးရဖွဲ့ခွင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာများကို မရရှိခဲ့ပေ။
သို့သော်လည်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီကမ်းလှမ်းသည့် ရာထူးကို ANP ပါတီ၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဒေါ်အေးနုစိန်က လက်ခံရယူထားသည့်အပြင် ANP ပါတီ၏ ရန်ကုန်တိုင်း ပါတီဥက္ကဋ္ဌ ဦးဇော်အေးမောင်သည်လည်း စစ်ကောင်စီ၏ ပြည်ထောင်စုဒုဝန်ကြီးရာထူးကို ရယူထားသည်။
ထို့အပြင် ANP ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင် ဦးဦးလှစောနှင့် ဦးဖေသန်းတို့သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ နိုင်ငံရေးမှူးရာထူးကို ရယူထားကြသည်။