ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် နိရဥ္ဓရာသတင်းဌာနကို မတ်လ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ယနေ့တွင် ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ” ပြည်သူလူထုအား စိုးရိမ်စိတ်များဖြစ်ပေါ်စေပြီး အမုန်းပွားစေနိုင်သဖြင့် Narinjara သတင်းဌာနမှ တာဝန်ခံ အယ်ဒီတာချုပ်အား မတ်လ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ထပ်မံအမှုဖွင့်” ထားကြောင်း ဆိုသည်။
” သူတို့ (စကစ) က သူတို့လူတွေကို စစ်ဆေးအရေးမယူဘဲ သတင်းမီဒီယာတွေကို ခြိမ်းခြောက်နေတာပါ။ ဒါဟာ စစ်အာဏာရှင်တွေ လုပ်ရိုးလုပ်စဥ်ပါပဲ။ တကယ် ဟုတ်မဟုတ်ဆိုတာကို ရခိုင်ပြည်သူလူထုတစ်ရပ်လုံး သိပါတယ်” ဟု ရခိုင်သတင်းဌာနတစ်ခုမှ အယ်ဒီတာချုပ်တစ်ဦးက MPA သို့ ပြောသည်။
“ထိုသို့ သတင်းဌာနများမှ မမှန်မကန်ရေးသားမှုများကြောင့် Narinjara သတင်းဌာနအား ၂၀၂၂ ခုနှစ်၊ မေလနှင့် အောက်တိုဘာလအတွင်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)တို့ဖြင့် သတင်းရေးသားသူနှင့် တာဝန်ခံအယ်ဒီတာတို့အား အမှုဖွင့်အရေးယူထားရှိပြီး တရားခံပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း” လည်း ဖော်ပြထားသည်။
၎င်းအပြင် ” ယခုရက်ပိုင်းတွင် Narinjara သတင်းဌာန၊ BNA သတင်းဌာနတို့မှ ဂိတ်များ ထပ်မံတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲ စစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိကြောင်း မဟုတ်မမှန်ချဲ့ကား၍ ရေးသားနေမှုကြောင့် ဒေသခံပြည်သူများမှာ ခရီးသွားရန် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်” ဟုလည်း ဆိုထားသည်။
ရခိုင်တွင် နိရဥ္ဓရာသတင်းဌာန၊ Development Media Group (DMG)၊ Western News နှင့် Border News Agency (BNA) တို့ရှိရာ Narinjara၊ DMG၊ Western News စသည့် သတင်းဌာနသုံးခုမှာ အမှုဖွင့်ခံထားရသည်။
” ရခိုင်မှာ သတင်းထောက်လုပ်နေရတာ၊ သတင်းယူနေရတာတွေက စစ်တပ်က အာဏာသိမ်းကတည်းကပါ။ ရခိုင်မှာ တကျော့ပြန် တိုက်ပွဲတွေဖြစ်လာတော့ ပိုဆိုးတာပေါ့။ အခုနောက်ပိုင်းက ကိုယ့်ကိုသတင်းထောက်မှန်း လူတွေကိုတောင် အသိမခံရဲတော့ဘူး။ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေလည်း ခံစားနေရပါတယ်” ဟု ရခိုင်အခြေစိုက် အမျိုးသမီး သတင်းထောက်တစ်ဦးက MPA သို့ ပြောသည်။
DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို ၂၀၁၉ ခုနှစ်၊ မေလ ၁၁ ရက်နေ့က သတင်းတပ်ဖွဲ့ (SB) မှ တရားလိုပြုလုပ်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၂) ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး DMG သတင်းဌာန၏ ဒု-တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် အမျိုးသမီး သတင်းထောက် (ဟောင်း) မနှင်းနွယ်တို့ကို စစ်တွေမြို့အမှတ် ၂ ရဲစခန်းတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နေ့က စစ်တွေတပ်နယ်က ဗိုလ်မှူးဘုန်းမြင့်ကျော်က တရားလိုလုပ်ကာ အမှုဖွင့်ခဲ့သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်တပ်တပ်ရင်းတစ်ခု၏ တောင်ကုန်းတွင် အလံဖြူထောင်ထားသည်ဆိုသော သတင်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာဘ ၂၈ ရက်နေ့က ရေးသားဖော်ပြခဲ့သဖြင့် ရခိုင်အခြေစိုက် Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးကိုလည်း ဗိုလ်မှူးဘုန်းမြင့်ကျော်က နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ၁၂၄-က ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါလ ၂၂ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသည်။