အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရခိုင်ခရီးစဥ်များသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အပေါ် ရိုက်ခတ်မှုများ ရှိနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များနှင့် ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူများက သုံးသပ်ပြောဆိုကြသည်။
စစ်ခေါင်းဆောင်သည် ယခု ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်း ၂ လအတွင်း ရခိုင်သို့ ၂ ကြိမ်တိုင် လာရောက်ခဲ့ပြီး မတူညီသည့်နေရာ ၂ ခုတွင် မတူညီသည့် အကျိုးစီးပွားများအတွက် လာရောက်ခြင်းဖြစ်သည်ဟု ဆိုကြသည်။
” သူရဲ့ ရခိုင်ခရီးစဥ်တွေက ULA/AA အပေါ် အများကြီးရိုက်ခတ်မှုတွေ ရှိနိုင်တာပေါ့။ ပထမလာတော့ ထိုင်းက စစ်ဦးစီးချုပ်နဲ့ တွေ့ကြတယ်။ ပြန်သွားပြီး သိပ်မကြာဘူး။ ငပလီကမ်းခြေမှာ ရုရှားအိမ်ရာ စီမံကိန်းလုပ်မယ် အကြောင်းပြပြီး လက်မှတ်ထိုးပေး လိုက်တယ်။ အခုက အိန္ဒိယကို ပေးရမယ့် ဆိပ်ကမ်းကိစ္စပေါ့” ဟု ရခိုင်အရေး စောင့်ကြည့်လေ့လာနေသူတစ်ဦးက MPA သို့ ပြောသည်။
ထို စစ်ခေါင်းဆောင်သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရခိုင်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး အိန္ဒိယနှင့် တရုတ်ရင်းနှီးမြုပ်နှံမှုများရှိသည့် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။
စစ်တွေမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မိသားစုများနှင့် တွေ့ဆုံခဲ့ပြီး စစ်တွေမြို့ပေါ်ရှိ ဦးဥတ္တမခန်းမတွင် ရခိုင်စီးပွားရေးသမားတချို့နှင့် တွေ့ဆုံခဲ့သည်။
” အခုက ဒေသဖွံ့ဖြိုးရေးအတွက် လာတယ်လို့ အကြောင်းပြပေမယ့် အဓိက စစ်ရေးနဲ့ နိုင်ငံရေးအရ ULA/AA ကို ထိုးနှက်ဖို့ အိန္ဒိယနဲ့ တရုတ်အတွက်လာခဲ့တာ။ နောက်တစ်ချက်က တကယ်တိုက်နေတဲ့ မြေပြင်က သူ့စစ်သားတွေကို စည်းရုံးဖို့၊ နောက်ပြီး ကိုယ့်ကျိုးရှာနေတဲ့ ရခိုင်ကစီးပွားရေးသမားတချို့ကို ဖဲ့ထုတ်စည်းရုံးခဲ့တာကို တွေ့ရတယ်” ဟု ရခိုင်ရှိ နိုင်ငံရေး အကဲခတ်တစ်ဦးက MPA သို့ ပြောသည်။
ထို့အပြင် စစ်တွေမြို့ရှိ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်၏ စစ်တွေဆိပ်ကမ်းသို့ သွားရောက်ခဲ့သည့်အပြင် စစ်တွေမြို့မှတဆင့် ကျောက်ဖြူမြို့သို့ သွားရောက်ပြီး ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းများသို့လည်း သွားရောက်ခဲ့သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ ရောက်ရှိလာပြီး ထိုင်းဘုရင့်တပ်မတော်၏ စစ်ဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို ခရီးစဥ်ပြီးနောက်ပိုင်း ငပလီကမ်းခြေမှ နေရာအချို့ကို ကမ်းခြေအိမ်ရာ စီမံကိန်း တည်ဆောက်ရန် ရုရှားသို့ လက်မှတ်ရေးထိုးပေးအပ်ခဲ့သည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ရုတ်တရက် ယာယီအပစ်ရပ်ခဲ့ကြသော်လည်း ULA/AA ကမူ စစ်ကောင်စီခေါင်းဆောင်၏ ရခိုင်ခရီးစဥ်ကို အနီးကပ်စောင့်ကြည့်နေသည်ဟု မနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။