ရခိုင်တွင် ရိုဟင်ဂျာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများနှင့် အဓမ္မပြုကျင့်ခံရမှုများရှိနေသော်လည်း ထိရောက်သည့် ကာကွယ်စောင့်ရှောင့်မှုများနှင့် အကူအညီများ မရရှိကြကြောင်း ကာယကံရှင်များက ဆိုကြသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဖွဲ့ရာကုန်းဒုက္ခသည်စခန်းနေ ရိုဟင်ဂျာအမျိုးသမီးများသည် အဓမ္မပြုကျင့်ခံရမှုများမှာ အချိန်အတန်ကြာရှိနေပြီဖြစ်ကာ ဥပဒေအရ အမှုဖွင့်တိုင်ကြားမှုများ ပြုလုပ်ကြသော်လည်း ထိရောက်မှုမရှိကြောင်း ဆိုကြသည်။
” ရဲစခန်းမှာ တိုင်ထားပါတယ်။ အမှုဖွင့်ထားပါတယ်။ ဒါပေမဲ့ ထိထိရောက်ရောက် အရေးယူတာမရှိပါဘူး။ ကျမတို့ပဲ ဖိအားပေး ခြိမ်းခြောက်ခံနေရပါတယ်။ တကယ့် အကာအကွယ်အကူအညီပေးမယ့်သူ မရှိသလိုပါ” ဟု ကာယကံရှင် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထို ဖွဲ့ရာကုန်းရိုဟင်ဂျာကယ်ဆယ်ရေးစခန်းနေ ရိုဟင်ဂျာအမျိုးသမီး ၄၅ ဦးအထိကို စခန်းတာဝန်ခံ ဦးအုစ်ဖာန်ဂေါ်နီက ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ဆယ်နှစ်တာကာလတွင် ၎င်းကြိုက်နှစ်သက်သည့် အမျိုးသမီးများအား အတင်းအဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်များက ဆိုကြသည်။
ထို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အဓမ္မပြုကျင့်မှုများကို အရေးယူနိုင်ရန် INGO၊ NGO နှင့် ပြည်နယ်စစ်ကောင်စီ၏ တာဝန်ရှိသူများအထိ လူကိုယ်တိုင်နှင့် စာရေးသားပေးပို့ တိုင်တန်းခြင်းများ ပြုလုပ်ခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိသဖြင့် ရခိုင်အရပ်ဘက်အမျိုးသမီးများအဖွဲ့ အကူအညီနှင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားရသည်ဟု ဆိုကြသည်။
“ ကျွန်မတို့ကလည်း အခုလိုလုပ်ရပ်ဟာ လုံးဝကျေအေးပေးနိုင်လို့ မဖြစ်ဘူး။ နောက်ထပ် လူတွေကို မလုပ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် တရားဥပဒေက ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ထိုကိစ္စများကို လိုက်ပါဆောင်ရွက်ပေးနေသည့် လူသားများအတွက် ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်မှ သဘာပတိအဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။
ထို ရိုဟင်ဂျာအမျိုးသမီးများထဲတွင် အသက်မပြည့်သေးသူများ၊ မသန်စွမ်းသူများအပြင် အိမ်ထောင်သည် ကလေးမိခင်များ ပါဝင်သော်လည်း ဖိအားပေးခြိမ်းခြောက်မှုများနှင့် ဘာသာရေးအရ ပြောဆိုမှုများကြောင့် ရိုဟင်ဂျာအမျိုးသမီးကိုးဦးသာ လာရောက်အကူအညီတောင်းခံလာခဲ့သည်ဟု ရခိုင်အမျိုးသမီးအဖွဲ့များက ဆိုကြသည်။
ရခိုင်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေးဆန်သည့် ပဋိပက္ခများကြောင့် ၂၀၁၂ ခုနှစ်မှ ယနေ့အထိ ရိုဟင်ဂျာတစ်သိန်းကျော်သည် ယာယီကယ်ဆယ်ရေးစခန်းများတွင် မလုံခြုံမှုများ၊ စားဝတ်နေရေး အခက်အခဲများဖြင့် နေထိုင်နေကြရပြီး ထိုအထဲတွင် အမျိုးသမီးများမှာ မလုံခြုံသည့် အိမ်သာများ၊ နေအိမ်များကို အသုံးပြုနေကြရသည်ဟု ဆိုကြသည်။