ရခိုင်တွင် ယခုလအတွင်း ဓားပြတိုက်လူသတ်မှုများ မကြာခဏဖြစ်နေသဖြင့် ဒေသခံပြည်သူများ စိုးရိမ်နေကြရသည်ဟု ဆိုကြသည်။
အဆိုပါ ဓားပြတိုက်လူသတ်မှုများသည် နယ်ဘက်တွင်သာမက မြို့ပေါ်အထိပါ ဖြစ်ပေါ်နေပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းနှင့် အရေးယူမှုများမရှိသည်ကို တွေ့ရသည်ဟုလည်း ဆိုကြသည်။
” အခုက လုတာတွေထက် ဓားမြတိုက်တာတွေအထိ ဖြစ်လာတော့ ကိုယ်အိမ်မှာကို နေရင်း စိုးရိမ်နေရပါတယ်။ သူတို့က ပစ္စည်းတွေယူပြီး လူသတ်တာတွေပါ ပြုလုပ်နေကြတော့ ပိုပြီး စိုးရိမ်ကြောက်လန့်နေရပါတယ်” ဟု မြေပုံမြို့နယ်မှ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့၊ တောင်ပိုင်းရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ညဉ့်အချိန်နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက်ပြီး အိမ်ပိုင်ရှင်ကို သတ်ဖြတ်ခဲ့မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ဆိုကြသည်။
ထိုအပြင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင်လည်း ဖေဖော်ဝါရီလ ၂၂ ရက်၊ ညက ပုဏ္ဏားကျွန်းမြို့၊ ချောင်းဝအတွင်း ငါးဖမ်းစက်လှေပေါ်တွင် ဓားပြတိုက်ပြီး ရိုက်နှက်ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ဆိုကြသည်။
” ရခိုင်မှာက အခုနောက်ပိုင်း ဓားပြတိုက်၊ လူသတ်မှုတွေ မကြာခဏဖြစ်နေပါတယ်။ ဒါပေမယ့် ဖမ်းဆီးရမိတာ၊ အရေးယူတာတွေကိုတော့ မတွေ့မိဘူး။ မြို့ပေါ်မှာ ဖုန်းလု၊ ဆိုင်ကယ်ခိုးတာတွေက ရိုးအီနေသလို ဖြစ်နေပါတယ်” ဟု ရခိုင်မှမြို့မိမြို့ဖတစ်ဦးက MPA သို့ ပြောသည်။
တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာတွင်လည်း ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညက ဓားပြတိုက်ပြီး အိမ်ပိုင်ရှင်၏ သမီးငယ်ကိုလည်း ဓားဖြင့် ထိုးမှုတစ်ခုဖြစ်ခဲ့ကာ စစ်တွေမြို့တွင်လည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့ညက လူငယ်စုံတစ်တွဲထံမှ ဓားထောက်ဖုန်းလုပြီး လူငယ်အမျိုးသားအား ဓားဖြင့်ထိုးမှုတစ်ခု ဖြစ်ပွားခဲ့သည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်းစစ်တပ်တို့အကြား နှစ်ဘက်အပစ်ရပ်ပြီးနောက် ဓားမြတိုက်၊ လုယက်နှင့် လူသတ်မှုများနှင့် ဖြစ်ပွားပြီး ဖုန်းလုယူမှုနှင့် ဆိုင်ကယ်ခိုးမှု စသည့်ရာဇာဝတ်မှုများ ပိုမိုများပြားလာသည်ဟု ဒေသခံပြည်သူများက ဆိုကြသည်။
ရခိုင်တွင် အင်အားကြီးအဖွဲ့နှစ်ခု အာဏာအားပြိုင်နေကြသော်လည်း ပြည်သူလူထု ဘေးကင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို မဆောင်ရွက်ပေးနိုင်ကြသဖြင့် ဒေသခံပြည်သူလူထုများ စိုးရိမ်ကြောက်လန့်စိတ်များဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။