၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာထိန်းထားသည်ဟု အကြောင်းပြပြီး သက်တမ်းတိုးထားသည့် စစ်ကောင်စီက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို ချေဖျက်ရန် မြေပြင်တွင်လည်း ကြိုးစားလုပ်ဆောင်နေသည်ဟု ကိုယ်တိုင် ပါဝင်နေသူများက အတည်ပြု ပြောကြားသည်။
အဆိုပါ အာဏာသိမ်းစစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့သည် ရခိုင်ပြည်နယ်သို့ ယခု ဖေဖော်ဝါရီလ ၅ ရက်နေ့က ရောက်ရှိလာကြသည်။
ထိုခရီးစဥ်အတွင်း ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုများဖြစ်ပွားခဲ့သည့် မြို့နယ်များမှ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာ အကြီးအကဲများကို ခေါ်ယူအစည်းအဝေးပြုပြီး ထပ်မံလုပ်ခိုင်းစေခဲ့ခြင်းဖြစ်သည်။
” အဓိက ဖြစ်ပွားခဲ့တဲ့နေရာတွေကို သတိထားစောင့်ကြည့်ဖို့၊ သဲလွန်စတွေကို ဖျောက်ဖျက်ဖို့၊ မျက်မြင်သက်သေတွေကို စည်းရုံးပြီး ကိုယ်ဘက်က ပြောဆိုသက်သေထွက်ဆိုဖို့၊ နောက်ပြီး ဘယ်လို လုပ်သင့်သလဲဆိုတဲ့ အကြံတွေလည်း တောင်းခဲ့ကြပါတယ်” ဟု ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သူတစ်ဦးက MPA သို့ ပြောသည်။
ထို အစည်းအဝေးကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ပြည်နယ်အစည်းအဝေးခန်းမတွင် ယခု ဖေဖော်ဝါရီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွင် ၂ ကြိမ်ပြုလုပ်ခဲ့သည့်အပြင် မောင်တောမြို့ နယ်ရှိ ပြန်လည် လက်ခံရေးဆောင်ရွက်မည့် နေရာများသို့လည်း သွားရောက်ခဲ့ကြသည်။
ထိုသို့ အစည်းအဝေးပြုလုပ်ဆွေးနွေးကြရာတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် အမှုရင်ဆိုင်နေရသည်ကို ချေပနိုင်ရန်နှင့် ထိုအမှုကိစ္စနှင့် သက်ဆိုင်သည့် အရာအားလုံးကို လုပ်ဆောင်ကြရန် အဓိကပြောဆို မှာကြားခဲ့သည်ဟု ဆိုကြသည်။
” အိုင်စီဂျေမှာ အမှုမရှုံးဖို့ လုပ်လို့ရတာ၊ လုပ်သင့်တာတွေ အကုန်လုံးလုပ်ဖို့ မှာခဲ့တယ်။ ထွက်မပြေးဘဲ ဒီမှာကျန်လိုက်သူတွေကိုလည်း စည်းရုံးဖို့ အဓိကပြောတယ်။ အဓိကတော့ အိုင်စီဂျေမှာ အမှုရှုံးမှာကို ကြောက်နေတာ” ဟု ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မောင်တောခရိုင်းမှ စစ်ကောင်စီ၏ လုံခြုံရေးအရာရှိကြီးတစ်ဦးက MPA သို့ပြောသည်။
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များတွင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများ လူမျိုးတုံးသတ်ဖြတ်ခံခဲ့ရသဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် တိုင်ကြား တရားစွဲဆိုထားသည်။
ထိုဖြစ်စဥ်အတွင်း ရိုဟင်ဂျာလူမျိုးသောင်းနှင့် ချီပြီး သတ်ဖြတ်ခံခဲ့ရသည့်အပြင် နောက်ထပ် ခုနှစ်သိန်းနီပါးလည်း တဘက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ အသက်လု ထွက်ပြေးခဲ့ကြရကြောင်း ရိုဟင်ဂျာများက ဆိုကြသည်။