မန္တလေးမြို့၊ ၈၄ လမ်းနှင့် ၃၆ လမ်းထောင့်တွင် မေလ ၁၁ ရက်နေ့ ညနေ ၅ နာရီကျော်က အမျိုးသားတစ်ဦး ဓားခုတ်ခံရသည့် ဒဏ်ရာများဖြင့် လဲကျနေကြောင်း စုံစမ်းသိရှိရသည်။
အခုတ်ခံရတဲ့လူကတော့ ဖြစ်စဉ်နေရာနဲ့ သုံးလမ်းအကျော်လောက်မှာ အခုတ်ခံထားရတာပါ။ သူ့ကို မေးတော့ အရက်ဆိုင်နားမှာ လူသုံး၊ လေးယောက်လောက်က ခုတ်သွားတာလို့ ပြောတယ်။ သူ့အိမ်က အောင်ပင်လယ်ကဆိုတော့ မြို့သစ်ကို ခြေလျင် အမြဲ ပြန်နေကျပါ။ အဲ့ဒီလို ပြန်တဲ့အချိန်မှာ အခုတ်ခံရတာ ဟု မဏီစလ လူမှုကူညီရေး အသင်းထံမှ သိရှိရသည်။
အခုတ်ခံရသော နေရာသည် ၃၃ လမ်းပေါ်တွင် ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၎င်းအသင်းက ဆိုသည်။ ဒဏ်ရာရရှိသော အမျိုးသားသည် အသက် ၃၉ နှစ်အရွယ်ခန့်ဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှ သုံးလမ်းကျော်တွင် အခုတ်ခံရသော ဒဏ်ရာများမှ သွေးထွက်လွန်ကာ လဲကျနေခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဘာတွေ ပါသွားလဲ ဆိုတာတော့ မေးလို့ မရသေးဘူး။ သူကလဲ မူးနေတဲ့အရှိန်လဲ ပါနေတဲ့အတွက် မေးလို့ မရဘူး။ အခုတ်ခံရတာတော့ နဖူးနဲ့ နောက်စွယ် ညာစွယ်ခေါင်းနားပေါ့ ဟု လူမှုကူညီရေးအသင်းမှ ဖြေကြားသည်။
လက်ရှိတွင် ဓားခုတ်ခံရသောအမျိုးသားကို လူမှုကူညီရေးအသင်းများက မန္တလေးပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။ မည်သည့်အတွက်ကြောင့် အခုတ်ခံရသည့် ဖြစ်စဉ်အသေးစိတ်အတိအကျကိုတော့ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိတွင် မသိရှိသေးကြောင်း ဖြေကြားခဲ့သည်။