ရန်ကုန်မြို့၊သာကေတမြို့နယ်တွင် လုပ်အားပေး လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်အားလိုင်းပြုပြင်ရာမှ ဓာတ်တိုင်ပေါ် ဓာတ်လိုက်သေဆုံးသွားကြောင်း သိရသည်။
မတ်လ ၃၀ရက်နေ့၊ညနေ ၅နာရီ၊မိနစ် ၄၀ခန့်က သာကေတမြို့ နယ်၊ ၆/နောက်ရပ်ကွက်၊ရွှေပြည်သာလမ်းမနှင့်ဝေဇယန္တာလမ်းဆုံရှိ ဓာတ်တိုင်တွင် လုပ်အားပေး လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်ကာသေဆုံးသွားခြင်းဖြစ်ကြောင်း ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မနေ့က ညနေက ဖြစ်တာ။သေသွားတဲ့သူက လုပ်အားပေးဝန်ထမ်းပါ။အသက်က ၃၀ပေါ့။ဓာတ်တိုင်ပေါ်မှာပဲ ဆုံးသွားတာ။လိုင်းကြိုးတွေ ပူးပြီး ဓာတ်လိုက်သွားတာ” ဟု ၎င်းကပြောသည်။
ဓာတ်တိုင်ပေါ်တက်၍ပြုပြင်သူများအနေဖြင့် သက်ဆိုင်ရာ ထရန်စဖော်မာကို မိန်းချပြီးမှသာ ကျွမ်းကျင်ဝန်ထမ်းက ဓာတ်တိုင်ပေါ်တက် လုပ်ဆောင်သင့်ကြောင်းရန်ကုန်မြို့တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းတစ်ဦးက ပြောသည်။
“ တကယ်ဆို ဂိုဏ်းစီး(ခေါင်းဆောင်)က သေချာလုပ်သင့်တာပေါ့။ဝေါ့ချက်(လုပ်အားပေး)အဆင့်က တက်လုပ်ရင် ရံဖန်ရံခါအဆင်ပြေပေမယ့် အခုလိုအချိန်ကျ အသက်ပေးရတာ တန်မှ မတန်တာ။ရန်ကုန်မှာ ဟိုးယခင်ကတည်းက ခဏခဏသေနေတာပဲ။ဓာတ်တိုင်တွေမှာ လိုင်းကြိုးတွေက ကန်တဲ့ဟာရှိသလို ဆွဲတဲ့ဟာလည်းရှိတယ်။အခုက ဆွဲတဲ့ဟာနဲ့ကြုံပြီး ပွဲချင်းပြီးသေသွားတာ” ဟု ၎င်းက ပြောသည်။
ဓာတ်လိုက်သေဆုံးသွားသူ၏အလောင်းကို အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ ဆောင်ပေးခဲ့သည်။