By MPA 004
ဓာတ်ပုံသတင်းထောက် ကိုအေးကျော်သည် စစ်ကိုင်းမြို့နေအိမ်မှ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီးနောက် ၎င်းတို့၏လက်ချက်နှင့်ပင် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။
ကိုအေးကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ဇူလိုင်လ ၃၀ ရက်နေ့က နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ထိုနေ့နေ့လယ်ပိုင်းမှာပင် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု လွတ်လပ်တဲ့ အာရှအသံ RFA သတင်းဌာနနှင့် ရန်ကုန်ခေတ်သစ်မီဒီယာ သတင်းဌာနတို့တွင် ဖော်ပြထားသည်။
သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) သည် ကိုအေးကျော်၏ အခြေအနေနှင့် ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီထံ အီးမေးလ်ပို့ကာ ဆက်သွယ်အကြောင်းကြားထားသော်လည်း တုံ့ပြန်မှုများမရရှိသေးကြောင်း ယမန်နေ့နေ့စွဲနှင့် အသိပေးထားသည်။
CPJ ၏ အရှေ့တောင်အာရှအကြီးတန်းကိုယ်စားလှယ် Shawn Crispin က “မြန်မာအာဏာပိုင်တွေဟာ ကိုအေးကျော်နဲ့ပတ်သက်ပြီး ဘယ်ဆီဘယ်ဝယ်ရှိနေသလဲဆိုတာ စာရင်းရှင်းရမှာပါ။ အချုပ်ခန်းထဲမှာပဲ သေဆုံးသွားသလားဆိုတာ ရှင်းရှင်းလင်းလင်းပြောရပါမယ် ” ဟု အသိပေးထားသည်။
အကယ်၍ သေဆုံးသွားသည့်သတင်းမှန်ကန်လျှင် ယင်းသို့ပြုလုပ်ခဲ့သည့် တာဝန်ရှိသူများကို ဖော်ထုတ်ပြီး တရားမျှတမှု ပြန်လည်ပေးရမည်ဟု Shawn Crispin ဆက်လက်အသိပေးထားသည်။
ကိုအေးကျော်၏ ရုပ်အလောင်းကို စစ်ကိုင်းမြို့ ဘာသာရေးအဆောက်အဦးတစ်ခုတွင် မိသားစုက ဇူလိုင်လ ၃၁ ရက်နေ့က မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နောက်ဆုံးအသိပေးချက်အရ လက်ရှိတွင် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂,၁၆၇) ဦး ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁,၉၆၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၁,၃၇၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။