စစ်ကောင်စီက ဖိနှိပ်နေသော်လည်း မြန်မာပြည်သူများသည် အကြမ်းမဖက်သောနည်းဖြင့် ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က ပြောသည်။
မတ်လ ၁၆ ရက်နေ့၊ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ့အရေး အထူးကိုယ်စားလှယ် Noeleen Heyzer က အစီရင်ခံရာ၌ ယင်းသို့ ပြောသည်။
“ကျနော်တို့ မြန်မာပြည်သူတို့ ဆင်နွှဲခဲ့တဲ့ အသံတိတ်သပိတ်ကို Noeleen Heyzer က ရည်ညွှန်းလိုက်တယ်လို့ ထင်ပါတယ်။ အသံတိတ်သပိတ်ဟာ မြန်မာပြည်သူတို့က စစ်အုပ်စုကို ဘယ်လောက်ထိ ပြင်းပြင်း ထန်ထန် ဆန့်ကျင်နေသလဲဆိုတာကို အကြမ်းမဖက်တဲ့နည်းနဲ့ နိုင်ငံတကာ သိအောင်ပြသနိုင်ခဲ့တယ်”ဟု နိုင်ငံရေးသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကောင်စီသည် စစ်တပ်ကျောထောက်နောက်ခံပြုသည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးအတွက် ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသလို ရွေးကောက်ပွဲကြောင့် အကြမ်းဖက်မှုများ ပိုဆိုးလာနိုင်ကြောင်းလည်း Noeleen Heyzer က အစီရင်ခံခဲ့သည်။
” အာဏာသိမ်းစစ်ကောင်စီအပေါ် မြန်မာပြည်သူတွေက လုံးဝ အယုံအကြည် မရှိပါဘူး” ဟုလည်း Noeleen Heyzer က ဆိုသည်။
ဆက်လက်ပြီး Noeleen Heyzer က ပြီးခဲ့သည့် ဖေဖေါ်ဝါရီက အရေးပေါ် အခြေအနေ သက်တမ်း နောက်ထပ် ၆ လ တိုးပြီးနောက် စစ်တပ်သည် တိုက်ပွဲအရှိန်မြှင့်လာကာ ဗုံးကြဲတိုက်ခိုက်မှု၊ ပြည်သူ့ နေအိမ် မီးရှို့ဖျက်ဆီးမှု အပါအဝင် အကြမ်းဖက်မှုများလည်း တိုးမြှင့်လုပ်ဆောင်လာကြောင်း ပြောသည်။
Data for Myanmar ၏ စစ်တမ်းအရ ၂၀၂၃၊ ဇန်နဝါရီ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ် မီးရှို့ခဲ့ခြင်းကြောင့် ပြည်သူ့နေအိမ် ၅၅၄၈၄ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
မကြာသေးမီက ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် ဘုန်းကြီးကျောင်းအတွင်း အရပ်သားပြည်သူ ၂၈ ဦး ကို စစ်တပ် ကသတ်ဖြတ်ခဲ့သည့်အကြောင်းလည်း ၎င်းက ထည့်သွင်းအစီရင်ခံခဲ့သည်။
မြန်မာလူငယ်များသည် အခက်အခဲများစွာကို ရင်ဆိုင်နေရပြီး စိတ်ပျက်လက်ပျက်ဖြစ်နေကာ ရွေးချယ်စရာ မရှိတော့၍ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်ဟု ယုံကြည်ကြောင်းလည်း ပြောသည်။
လက်ရှိတွင် စစ်တပ်နှင့် ခုခံတော်လှန်သူတို့ကြား တိုက်ခိုက်မှု အရှိန်မြှင့်နေခြင်းကြောင့် စေ့စပ် ညှိနှိုင်းရေးမှာ အလားအလာမရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။