By MPA / BMC
ကျွန်တော်က ကိုယ်ပိုင်အမှတ် xxx ရဲ ဒုတပ်ကြပ် xxx ပါ ။ ကျွန်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ xxx ဌာနကနေ ၃လပိုင်း ၆ရက်နေ့မှာ CDM လုပ်ခဲ့ပါတယ် ။
ကျွန်တော်က စစ်သားမျိုးရိုး ။ ကျွန်တော့် တစ်အိမ်လုံး အဘိုးကနေစပြီး အကိုတွေအထိ စစ်သားတွေချည်းပဲ။ အခု လက်ရှိလည်းရှိသေးတယ်။ ကျွန်တော်တစ်ယောက်တည်း ရဲပေါ့ ။ ကျွန်တော်ရဲထဲဝင်လာတာ ပြည်သူလူထုကို ကာကွယ်မယ် ဘာညာဆိုပြီး ခံယူချက်တွေနဲ့တော့မဟုတ်ဘူး။ အဲဒီတုန်းက ပြောရမယ်ဆို အလုပ်အကိုင် ရှားပါးတယ်။ ဒါကြောင့်မို့ ရဲထဲဝင်ခဲ့တာပါ။ ကျွန်တော် ၂၀၁၀ မှာ စဝင်ခဲ့တာ ခုဆို၁၀ နှစ်ကျော်ပြီ ။
ရဲထဲကို စဝင်တော့ ကျွန်တော့်အသက်က ၁၈ ပဲ ရှိသေးတယ်။ မြန်မာနိုင်ငံတော်ကြီးကိုကာကွယ်ဖို့ ပြည်သူလူထု အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့ ၊ စောင့်ရှောက်ဖို့ အဲဒီလိုရည်မှန်းချက်တွေနဲ့ ဝင်လာတာတော့ မဟုတ်ဘူး။ အလုပ်အကိုင်တခုအနေနဲ့ပဲ။ ၁၀တန်းအောင်ရင် အိမ်က DSAလျှောက်ခိုင်းမယ် ပြောတယ်။ ကျွန်တော်က ၁၀တန်း ကျသွားတယ်။ ကျသွားပြီးနောက်ပိုင်း ကျွန်တော်က ဆိုးတော့ စစ်တပ်ထဲသွင်းလိုက်မယ် ဘာညာနဲ့ အိမ်က ခြိမ်းခြောက်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် စစ်တပ်ထဲမှာနေရတာ မကြိုက်ဘူး။ သူတို့ကတော့စစ်သားဆိုတော့ စစ်သားရဲ့စည်းမျဉ်းစည်းကမ်းအတိုင်းလို့ ပြောတာပဲ။ ဒါပေမယ့် အရမ်းကြီး တင်းကျပ်တဲ့ပုံစံ၊ ကြီးငယ်နိုင်ညှင်းတွေကို ကျွန်တော့်မျက်စိရှေ့မှာ တွေ့ခဲ့ရတော့ စစ်တပ်ထဲမှာ နေဖို့တော့ ဆန္ဒမရှိဘူး။ အဲဒီတုန်းက အိမ်ကသဘောမတူဘူး၊ သိလည်းမသိဘူး၊ ကျွန်တော့်ဘာသာ ရဲထဲဝင်လိုက်တာ။ အိမ်ကခွင့်ပြုချက်တော့ မပါဘူး။
ကျွန်တော်က xxx မှာ သင်တန်း ၆လ တက်တယ်။ သင်တန်းဆင်းတော့ xxx မှာ တာဝန်ကျတယ်။ xxx ရဲစခန်းမှာ ၂နှစ်ကျော် ၃နှစ်လောက် နေပြီးတဲ့အခါကျတော့ xxx ပြည်နယ်ရုံးကို ရောက်သွားတယ်။ ကျွန်တော်က ကွန်ပျုတာနည်းနည်းကျွမ်းကျင်တော့ အဲဒီက ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်တယ် ။ xxx ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဝန်ကြီးရုံး။ အဲဒီမှာလဲ ကွန်ပျူတာ အနေနဲ့ပဲ တွဲဖက်ဆိုပြီး ခေါ်လိုက်တယ်။ အဲဒီမှာ ၈လလောက် တာဝန်ထမ်းဆောင်ပြီး xxx ပြည်နယ်ရုံးကို ပြန်ကျတယ်။ xxx ပြည်နယ်ရုံးကနေမှ xxx မှာ ကျွန်တော် နောက်ဆုံး အခု CDM လုပ်လာတဲ့အထိ ၃နှစ်လောက် ကြာခဲ့တယ် ။
ကျွန်တော်တို့က ရဲထဲကို စဝင်ပြီဆိုတာနဲ့ ၄နှစ် တာဝန်ထမ်းဆောင်ပါ့မယ်ဆိုပြီး ကတိခံဝန်ချက်ထိုးရတယ်။ ၄နှစ်ပြည့်ပြီးရင် ထွက်လို့ရတယ်။ အဲဒီလို ဘွန်းထိုးပြီး ဝင်လာတယ်။ ၄နှစ်နဲ့လဲ တော်ရုံတန်ရုံ ထွက်ရတဲ့သူ ရှားပါတယ်။ မိသားစုအခက်အခဲ၊ ကျန်းမာရေးအခက်အခဲကြောင့် ထွက်ခွင့်တွေ တင်ကြတယ်ပေါ့။ တင်လိုက်ပြီဆိုရင် အောက်ခြေစခန်းကနေ ရဲစခန်းစခန်းမှူးဆီ တင်လိုက်ပြီဆို စခန်းမှူးက အဲဒီထွက်ခွင့်ကို ကြည့်တယ်၊ ပြီးရင် သူ ထိုးချင်တဲ့နေရာ ထိုးလိုက်တယ်။ သူက ထွက်ခွင့်ကို မပေးချင်ဘူး၊ မပေးချင်တဲ့ အကြောင်းပြချက်ကလည်း အထက်ကနေ အဆင့်ဆင့် သူတို့ကို ဖိအားတွေ ရှိတယ်၊ အင်အားပြုန်းတီးမှု ဘာညာပေါ့။ ဒီကနေ တစ်ယောက် ထွက်သွားတာနဲ့ အင်အားတစ်ယောက် လျော့တယ်ပေါ့။ ဒီကနေ လူတစ်ယောက် ထွက်ပြီဆိုတာနဲ့ သူတို့ကို အပေါ်ကနေ ဖိအားပေးခံရတယ်။
ထွက်စာက စခန်းကနေ မြို့နယ်ရုံးကို ရောက်သွားတယ်၊ မြို့နယ်ရုံးက “ မင်းစခန်းက လူတစ်ယောက် ထွက်ခွင့်တောင်းနေပြီ။ ဒါ မင်းအုပ်ချုပ်မှုလျော့နည်းတဲ့ ဖြစ်စဉ်ပဲ ၊ မင်းနိုင်အောင် မအုပ်ချုပ်နိုင်ဘူးလား ဘာလို့ထွက်စာတွေတင်ကြတာလဲ “ နဲ့ ပြောတတ်ကြတယ်။ ထွက်ခွင့်တင်တဲ့သူက ငွေရေးကြေးရေးတတ်နိုင်ရင် မြို့နယ်မှူးနဲ့ သွားပြော၊ ပြောပြီးရင် မြို့နယ်မှူးက ခရိုင်ရုံးကို တင်ပေးလိုက်ပြီ။ ခရိုင်ရုံးရောက်ရင်လဲ ခုနကလိုပဲ အထက်ကနေ အဆင့်ဆင့် ဖြစ်ပြန်ရော။ ခရိုင်ကနေ အဆင့်ဆင့် ရှိတာကိုး။ မြို့နယ်ခရိုင်၊ ပြည်နယ်၊ ပြီးရင် နောက်ဆုံးအဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အဲဒီလို တင်ပေးရတယ်။
လူတစ်ယောက် ထွက်ခွင့်ရဖို့က အရမ်းခက်ခဲတယ်။ သူတို့စာထဲမှာပြောသလို ၄နှစ် တာဝန်ထမ်းဆောင်ပြီး ထွက်လို့ရမယ် ဘာညာဆိုတာမျိုးတော့ လွယ်လွယ်ကူကူမရဘူး။ ငွေကြေးတတ်နိုင်ရင်တော့ ရတယ် ။ ဒါက လာဘ်စားမှုထဲ ပါသွားတာပေါ့။ ဒီလူက နယ်ထိန်းတွေ ဘာတွေ လုပ်ထားဖူးပြီး ဌာနတို့ဘာတို့ လုပ်ထားမယ်၊ ပိုက်ဆံနည်းနည်းပါးပါးရှိတယ်ဆိုရင် အပေါ်က ပိုင်ရာဆိုင်ရာ လူကြီးတွေကို နည်းနည်းပါးပါး ဂါရဝလုပ်ရတယ်။
ကျွန်တော်တို့ ရဲ အခေါ် နဲ့ဆို ဂါတယ်ပေါ့။ လူကြီးတွေကို သွားပြီးတော့ ကန်တော့ရတာ။ အပြင်အရပ်သား အနေနဲ့ ပြောရင် လာဘ်ထိုး တာပေါ့။ အဲဒီလိုဆိုရင် ထွက်ခွင့်ကလွယ်နိုင်တယ် ။ လူအပေါ် မူတည်တယ်။ ထွက်ခွင့်ကိုင်တဲ့လူအပေါ် မှာ မူတည်တယ်။ ထွက်ခွင့်ကိုင်တာလဲ သူ့ဌာနနဲ့သူ ရှိတယ်။ ကျွန်တော်တို့ဆီမှာ အခြေခံရုံးလုပ်ငန်းအရ ဦး ရေး ထောက်ဆိုပြီး ရှိတယ်၊ ထွက်စာကိစ္စကျ “ရေး” နဲ့ ဆိုင်တာကိုး။ ထွက်စာကိုင်တဲ့ အဖွဲ့ကတဆင့်ရှိတယ်။ သူတို့ကလည်း လက်ဖက်ရည်ဖိုး ဘာညာတောင်းတတ်တယ်။ မြန်မာနိုင်ငံမှာဆို သိတဲ့အတိုင်း လက်ဖက်ရည်ဖိုးဆိုတာက ဈေးကြီးပါတယ်။ သိန်းချီပေးရတယ်လေ။
ဘယ်လောက်ထိကုန်ကျတယ်ဆိုတာတော့ အမှုတွဲကိုင်တဲ့သူအပေါ် မူတည်တာပေါ့။ လူနဲ့ ဆိုင်တယ်။ အဆင့်ဆင့် ပေးရတာ။ စခန်းမှူးလောက်ကတော့ ပေးရချင်မှလဲ ပေးရမယ်။ အောက်ခြေမှာတော့ အချင်းချင်းက စခန်းမှူးနဲ့ လက်ပွန်းတတီးရှိတာကိုး။ ဒါပေမဲ့ ပေးရရင်လဲ ပေးရမယ်။ မြို့နယ်မှူးလောက်ကျတော့လည်းတမျိုး၊ အကောင်ကြီးရင်ကြီးသလို ရာထူးကြီးရင်ကြီးသလို ပေးရတာပေါ့။ ကျွန်တော်တို့က ပြည်နယ်မှူးလောက် အဆင့်ကိုဆို ၁သိန်း ၂သိန်းတော့ သွားပေးလို့မရဘူး။ ခရိုင်မှူးလောက် အဆင့်ဖြစ်သွားရင်ကျတော့ “ အဘ “ ဘာညာဆိုပြီး ဆွဲခြင်းလေးနဲ့ သွားပေးရတယ်။ ဆွဲခြင်းထဲတော့ အရက်ပုလင်းလေးထည့်။ အဲဒီအရက်ပုလင်းလေးထဲမှာမှ စာအိတ်လေးပါထည့်ပြီး စာအိတ်လေးထဲမှာ ပိုက်ဆံလေး ၃၊ ၄သိန်း ထည့်ပြီး ခရိုင်မှူးကို သွားကန်တော့ထားရတာ။ ခရိုင်မှူးလောက်က ရသေးတယ်။ ခရိုင်မှူးက ပြည်နယ်ကိုတင်ပေးလိုက်တယ်။ ပြည်နယ်မှူး အဆင့်ကျ ၁သိန်း ၂သိန်းလောက်နဲ့ အဆင်မပြေဘူးလေ။ အများကြီး ပေးရပြီ ပေါ့။
ကျွန်တော်က စခန်းမှာနေရတာ များတယ်။ နည်းပညာသမား၊ ကွန်ပျူတာသမားဆိုတော့ ရုံးတွေမှာပဲ အနေများတယ်။ ဥပမာတခုပြောရရင် ကိစ္စတခုခုနဲ့ ပတ်သက်ပြီး စာတစ်စောင်ဝင်လာတယ်ထား၊ အဲဒီစာမှာ အမှားတခုခု ပါလာတယ်ဆိုရင် မှားနေတာကို ငါ underline တားပြီး လူကြီးကိုတင်ပြလိုက်ရင် မင်းဘယ်လိုဖြစ်သွားမလဲဆိုတဲ့အခါမျိုးဆိုရင် အောက်ကမှားတဲ့သူက ကြောက်လန့်ပြီးတော့ “ ဆရာ အဲဒီလိုတော့ မလုပ်ပါနဲ့။ ကျွန်တော် ဘယ်လိုလုပ်ပေးရမလဲ “ ဘာညာဆိုတာမျိုး ရှိလာတယ်။ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့တာကတော့ သိပ်မရှိဘူး ။ တပ်ဖွဲ့ဝင်အချင်းချင်း လာဘ်စားတာ ပိုများတယ်။ ဇာတ်တူသား စားတယ်ပေါ့။
ပြည်ထဲရေးဝန်ကြီးအသစ် ဦးကျော်ဆွေတက်လာတုန်းက ရဲမှူးချုပ် ၃ယောက် ရှေ့ဆင့်နောက်ဆင့်တွေ ပြုတ်ကုန်တာရှိတယ်။ ကျွန်တော် တွေ့ခဲ့တဲ့ ရဲမှူးချုပ်မိုးသန်းအောင် ဆိုတဲ့တစ်ယောက်ဆိုရင် ကျွန်တော်တို့ရုံးထဲမှာ သက်သာဆိုင်ဆိုပြီး ဖွင့်ထားတယ်။ သူ့ ဆိုင်မှာက ရဲ ဝတ်တဲ့ပစ္စည်းတွေ အများဆုံးဖွင့်တာ။ သူ့ဆိုင်က ရဲဝတ်စုံတွေက သတ်မှတ်ပုံစံအတိုင်းတော့ဟုတ်တယ်။ ဒါပေမယ့် အရည်အသွေး မပြည့်မီတာတွေ။ ရဲတွေဆိုတာကလည်း ပြည်သူလူထုနဲ့ အမြဲတွေ့နေတော့ နည်းနည်းပါးပါး သန့်သန့် ပြန့်ပြန့်၊ လှလှပပ၊ တောက်တောက်ပြောင်ပြောင် နေချင်တာပေါ့။ သူ့ဆိုင်မှာရှိတဲ့ပစ္စည်းက သတ်မှတ်ပုံစံအတိုင်းတော့ဟုတ်တယ်၊ ဒါပေမယ့် ကွာလတီက သိပ်မကောင်းတော့ တပ်ဖွဲ့ဝင်တွေက သိပ်မသုံးချင်ကြဘူး။
ဥပမာ ကျွန်တော်တို့ name plate မှာဆို သံပြားကြီးပေါ်မှာ ရေးထားတဲ့ name plate ထက်စာရင် name plate လေးပေါ်မှာ ကော်ကြည်လေး လောင်းထားတဲ့ name plate လေးက ပိုလှတယ်၊ ပိုပြီးတော့ သပ်သပ်ရပ်ရပ် ရှိတာပေါ့။ အောက်က နယ်ရဲစခန်းက အလုပ်ကိစ္စနဲ့ တက်လာတဲ့သူတွေက အဲဒီလို သန့်သန့် ပြန့်ပြန့် လုပ်ချင်တာ။ မရဘူး သွား ဟိုမှာသွားဝယ်၊ ဆားဗစ်တန်း ဆိုလဲ ကော်ကြည်လောင်းထားတဲ့ ဟာလေး။ အဲဒီလို သပ်သပ်ရပ်ရပ်လေး လုပ်ထားတာကို မကိုင်ရဘူး။ စည်းကမ်းနဲ့ မကိုက်ဘူးဆိုပြီး သူ့ ဆိုင်မှာသွားဝယ်ရတယ်၊ စာတွေ အဆင့်ဆင့်နဲ့ ဘယ်လိုဟာမဝတ်ရဘူး ဘယ်လိုဟာ ဝတ်ရမယ်ပေါ့။
ပြီးတော့ နောက်ထပ် တခုက အလုပ်ကိစ္စ တစ်ခုဖြစ်တာရှိတယ်။ ကျွန်တော်ကကိစ္စတခုနဲ့ သူ့အိမ်ရှေ့ကနေ ကားနဲ့ ဖြတ်သွားပြီး ပြန်လာတာ ကျွန်တော်တောင်ပြန်မရောက်သေးဘူး။ ရုံးကိုဖုန်းလှမ်းဆက်တယ်။ “ မင်း ဘိုးတော်အိမ်ဘက်ကသွားပြီး ဘိုးတော်ကို သတင်းမပို့လာဘူး လား “ တဲ့။ ကျွန်တော့် မော်တော်ယာဉ်မှူးက ဖုန်းဆက်တာကိုး။ “ ဗိုလ်ကြီး ကျွန်တော် သူ့အိမ်ရှေ့ကတော့ ဖြတ်သွားတာမှန်တယ်။ ဒါပေမယ့် ကျွန်တော် သူ့ အိမ်သွားတာမဟုတ်ဘူးလေ၊ သူ့အိမ်ကို ကျွန်တော် သတင်းဝင်ပို့စရာမလိုဘူးလေ “ လို့။ သူ့ကို အဲဒီလိုပြောတော့ “ အေး မင်းအခုချက်ခြင်း ကားပြန်လှည့်ပြီး သူ့အိမ်ကနေသွားပြီးစောင့် “ တဲ့။
သူ့အိမ်ဆိုပေမယ့် တပ်ဖွဲ့ကပေးထားတဲ့ အိမ် မဟုတ်ဘူး။ သူ့ရဲ့ အပြင်က အိမ်၊ ကိုယ်ပိုင်အိမ်ပေါ့။ ကားကို ပြန်လှည့်ပြီး သူ့အိမ်မှာ သွားစောင့်နေတာ။ သူကိုယ်တိုင် ခဏနေတော့ ရုံးမှာရှိတဲ့ လူကြီးတွေရော၊ ကျွန်တော့်လူကြီးတွေကိုပါ ထပ်ခေါ်ပြီးတော့ သူ့အိမ်က သံတိုသံစတွေ ကျွန်တော့်ကားပေါ်ကို ကျနော့်ကို တင်ခိုင်းတယ်။ သူက သက်သာဆိုင်မှာ ရောင်းဖို့ မန်ကျီးဖျော်ရည်လည်း ထုတ်တယ်၊ အဲဒါတွေလည်းတင်ခိုင်းတယ်။
တကယ်ဆို ကျွန်တော်က ကိုယ့်ကိစ္စနဲ့ကိုယ် သူ့အိမ်ရှေ့ ဖြတ်သွားတာ၊ အဲဒါတွေကို တင်ခိုင်းဖို့ သူ့အိမ်ကို ဝင်သတင်းပို့ရမယ်ဆိုတာ ဘယ်စည်းမျဉ်း စည်းကမ်းမှာမှ မရှိဘူး။ ထားပါတော့ ကျွန်တော်က သူ့အိမ်ကို သွားတယ် သူ့အိမ်ကိုသွားလို့ သူ့ကိုသတင်းမပို့ပဲ ပြန်လာရင် ဒါ ကျနော့်အပြစ်။ သူ့အိမ်ရှေ့က ဖြတ်သွားတိုင်း သူ့အိမ်ကို ဝင်သတင်းပို့နေရမယ်ဆိုတာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီမှာ ကျနော့်ကို ဆဲတာမှ ပိုးစိုးပက်စက်တွေ စုံအောင်ဆဲတာ၊ ကျွန်တော်ကလည်း တစ်ခွန်းချင်းကို ပြန်ပြောတာ။ ကျွန်တော် ခါတိုင်းလည်း ဒီလမ်းကို ဖြတ်သွားနေကြပဲ ဒါပေမယ့် သတင်းဝင် မပို့ဘူးဖူးဘူး။ ၊ သူက အဲလိုလုပ်တတ်မှန်းသိလို့ ကျွန်တော် bluetooth နားကျပ်တပ်ပြီး ဖုန်းကို အိတ်ကပ်ထဲ ထည့်ထားပြီး ခိုးဖမ်းထားတဲ့အသံဖိုင် ကျွန်တော့်မှာရှိတယ်။ ဆဲတာ မိုးမွှန်အောင် ပိုးစိုးပက်စက်ဆဲတာ။
ပြီးတော့ စုံခုံကို ညတွင်းချင်း သူ့အိမ်မှာလုပ်ခိုင်းတယ်။ ကျွန်တော်တို့ လုပ်ငန်းသဘောသဘာဝမှာ စုံခုံ ဆိုတာ ရုံးမှာပဲ လုပ်ရတာ။ စုံခုံ ဆိုတာ စုံစမ်းစစ်ဆေးရေး ခုံရေး ဖွဲ့ပြီး ဒီအမှုက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အဲဒီလို ဆုံးဖြတ်ရတဲ့ ခုံရုံး စုံခုံကို သူ့အိမ်မှာ ညတွင်းချင်းလုပ်ခိုင်းတာ။ နောက်ကျတော့ ကျွန်တော်အသံဖိုင် သွင်းထားတာ သိသွားလို့လားမသိဘူး၊ အဲဒီ စုံခုံကို ပယ်ဖျက်ပြီး ကျွန်တော့်ကို နောက်တစ်ခါကျရင် “ ဒီကောင်ကို ကားမမောင်းခိုင်းတော့ဘူး သူ့ကိုကားပေါ် မတင်နဲ့ “ ဆိုပြီးဖြစ်သွားတယ်။ အဲဒီလို ဖြစ်သွားတာတော့ ကြုံဖူးတယ်။ အဲဒီအသံဖိုင် ကျွန်တော့်မှာ ရှိသေးတယ်။ နောက်တော့ သူလဲ ပြုတ်သွားပါတယ်။ ပြုတ်သွားတယ်ဆိုတာ အဂတိနဲ့ ပတ်သက်ပြီး သူများတိုင်လို့ လေ ။
အာဏာသိမ်းတဲ့ အချိန်က ကျွန်တော် xxxက ရဲ ရိပ်သာမှာ ကျွန်တော် ရှိတယ် ။ ကျွန်တော်က အရင်က ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ သတင်းစာရှင်းလင်းပွဲမှာ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရပါဘူးလို့ ပြန်ဖြေလိုက်တဲ့အချိန်မှာ ဒီကောင်တွေ အာဏာသိမ်းတော့မယ်လို့ သိလိုက်တယ်။ ။ကျွန်တော်တို့ ဌာနမှာ ရဲရဲတောက်တောက် NLD မှ NLD ဆိုတဲ့ သူတွေ ရှိတယ်။ အဲ့ဒီလူတွေက “ ဟာ အာဏာ သိမ်းချင်တိုင်း သိမ်းလို့ရမလား “ တဲ့။ “ ဒီကောင်တွေ လုပ်ချင် တိုင်း ဘယ်လုပ်လို့ ရမလဲ “ တဲ့။ “ အရင် ၈၈ ခေတ် မဟုတ်ဘူး “ ဘာညာနဲ့ ပြောကြတာ။ အခုတော့အဲ့လို ပြောတဲ့သူတွေက အကုန်ကျန်ခဲ့တာပဲ။ တကယ် NLD ပါ ဆိုပြီး ကျွန်ဘဝနဲ့ ဆက်လုပ်နေတယ်။ ကျွန်တော်တို့က NLD လည်း မဟုတ်ဘူး၊ ကျွန်တော်တို့ NLD ကို မဲတောင်မပေးခဲ့ဘူး၊ ကျွန်တော်တို့ဆို တသီးပုဂ္ဂလကိုပဲ မဲပေးခဲ့တာ။
xxx မှာ ညကြီး မီးတွေပျက်သွားတယ်၊ ဖုန်းလိုင်းကလည်း လုံးဝမရတော့ အစောကြီး အိပ်ဖြစ်သွားတာ၊ မနက်ခင်းကျ ၇နာရီ ၈နာရီ လောက်ကျတော့ တစွန်းတစ အသံကြားတယ် အာဏာသိမ်းလိုက်ပြီလို့ အသံကြားရတယ် ။
အာဏာ စသိမ်းသိမ်းချင်းမှာ အဲလောက်ထိ feel မဖြစ်သေးဘူး။ ပထမဆုံး feel ဖြစ်တာက ကယားမှာ ဆန္ဒပြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပထမဆုံး ဆန္ဒပြကြတာ။ အဲဒီလူတွေက ရဲအစစ်တွေ မဟုတ်ပါဘူးဆိုပြီး စာတွေထွက်လာတော့ အဲဒီမှာ ကျွန်တော်စိတ်တိုသွားတယ်။ သူတို့က ရဲအစစ်တွေမှန်း သိသိကြီးနဲ့ ရဲအစစ်တွေ မဟုတ်ပါဘူးဆိုပြီး လိမ်လည်ပြီး စာထုတ်တယ်။ အဲဒီမှာ တစ်ချက်။ ပြီးတော့ မန္တလေးဖြစ်စဉ်မှာလည်း ယူနီဖောင်းတွေက ဘိုသီဘတ်သီ ဖရိုဖရဲတွေနဲ့။ သူတို့က ရဲတော့ မဟုတ်ဘူး စစ်သားတွေ။ ရွေးကောက်ပွဲကာလမှာ အထူးရဲ ဆိုပြီး ခေါ်ထားတာရှိတယ်။ စစ်သားတွေကို အဲဒီ အထူးရဲယူနီဖောင်းတွေ ပေးဝတ်ထားတာ။ အထူးရဲနဲ့ ကျွန်တော်တို့ ရဲယူနီဖောင်း နဲ့ ကွာတယ်။ အထူးရဲမှာက special police ဆိုပြီး အဖြူ နဲ့။ ကျွန်တော်တို့မှာက အဲဒီလို မဟုတ်ဘူး Myanmar police ဆိုပြီး အမဲပေါ်မှာ အဝါဖောက် ထားတယ်။ ယူနီဖောင်းဘိုသီဘတ်သီ နဲ့ စစ်ဦးထုပ်ကြီးတွေနဲ့ မန္တလေးမှာ လူတွေကို ပိုးစိုး ပက်စက်တွေရိုက်တာ။ အဲဒီ ဗီဒီယိုဖိုင်တွေ တွေ့တော့ ကျွန်တော် တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။
ပြီးတော့ ဗိုလ်ကြီး ကိုအောင်ကိုကို မိန့်ခွန်းပြောတဲ့အချိန်မှာလည်း ကျွန်တော် တော်တော်စိတ်ထိခိုက် သွားတယ်။ မြသွဲသွဲ့ခိုင်ဖြစ်စဉ်ရယ် နောက်တစ်ခုက ရဲအစစ်တွေက ဆန္ဒပြတာကို ရဲအစစ်တွေ မဟုတ်ပါဘူး ဆိုပြီး ကျွန်တော်တို့ ရဲတွေကို ပုံဖျက်တာ။ အဲဒါကို CDM မလုပ်ခင်ကတည်းက facebook မှာ အချက်အလက်တွေနဲ့ တင်တယ်။
ပြီးတော့ ကျွန်တော်က မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရဲကားမှန်သမျှ အကုန်သိတယ်၊ ရေကားတွေ၊ တင့်ကားတွေ၊ အဖြူတွေသုတ် အပြာစင်းတွေသုတ်ပြီး လုပ်ထားတဲ့ကားတွေက ငါတို့ရဲမှာ တစ်ခါမှ မရှိပါဘူးလို့။ သူတို့က စစ်ကားတွေကို ပုံဖျက်ပြီးတော့ ရဲကားလုပ်ပစ်တယ်။ ပြီးတော့ စစ်သားတွေကိုလည်း ရဲ ယူနီဖောင်းပေးပြီး သူတို့က ပြည်ပအမြင်မှာတော့ ဆန္ဒပြလူစုလူဝေး ထိန်းသိမ်းတာကို စစ်သားတွေမပါဘူး ရဲတွေပဲ ကိုင်တွယ်နေတယ်ပေါ့။ အဲလို ပြချင်တာ။ ဒါပေမယ့် အဲဒါကြီးက ၅၀ ၊ ၅၀ ပဲ။ ၅၀ က ဆန္ဒပြ ဖြိုခွင်းတဲ့နေရာမှာ စစ်သားတွေက များတယ်။ ကျွန်တော်တို့ကရဲ ဆိုတော့ ကြည့်လိုက်တာနဲ့ သိတယ်။ ဒါ ရဲအစစ်လား ရဲ အတုလား စစ်သားလား သိတယ်။ အကဲခတ်မိတယ် ။
ပြန်ချုပ်ပြောရရင် အာဏာသိမ်းသိမ်းချင်းတော့ သိပ်ပြီး မခံစားမိသေးဘူး။ အာဏာသိမ်းပြီး နည်းနည်းကြာမှ ကယားက ဆန္ဒပြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရဲအစစ်တွေမဟုတ်ဘူးလို့ ထုတ်ပြန်တဲ့ကိစ္စရယ်၊ ရဲ ယူနီဖောင်း နဲ့ စစ်သားတွေက ပြည်သူတွေကို မတရားရိုက်နှက်နေတဲ့ ဗီဒီယိုတွေ တက်လာအချိန်မှာ စိတ်ထိခိုက်သွားပြီးတော့ CDM လုပ်ဖို့ ဆုံးဖြတ်တာ။
CDM လုပ်ဖို့ ဆုံးဖြတ်တာတောင်မှ တော်တော်စဉ်းစားသေးတယ်။ ငါ CDM လုပ်ပြီး ဘယ်ကိုသွားရမလဲ၊ ငါ့နေရာကို ငါ ပြန်လို့ မရဘူး၊။ ကျွန်တော်က CDM လို့ သုံးတယ်။ သူတို့က ကျွန်တော်တို့ကို CDM လို့ မသုံးတော့ဘူး။ တပ်ဖွဲ့ကနေ ထွက်သွားရင် ရဲပြေးလို့ပဲ ကျွန်တော်တို့ကို သတ်မှတ်တာ။ ရဲပြေးဖြစ်သွားရင် ကိုယ့်အိမ်ကိုပြန်ရင် အဖမ်းခံရမှာ။ ငါ CDM လုပ်ရင် ဘယ်ကိုအရင်ဆုံးသွားရမလဲ။ ဘယ်မှာ ပုန်းခိုရမလဲ။ ဒီ CDM ကလည်း တစ်လ နှစ်လ နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ဆိုတော့ အကြာကြီး စဉ်းစားရသေးတယ်။ ဆုံးဖြတ်ပြီး ၃ ၊ ၄ရက် အတွင်းမှာပဲ ဖုန်းတစ်လုံးနဲ့ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်လာခဲ့တာ။ ဘာမှမပါဘူး။
အိမ်ကို အသိပေးတာ မရှိဘူး။ ရှိလည်း လက်ခံမှာမဟုတ်ဘူး ကျွန်တော်သိတယ်။ ကျွန်တော့်အိမ်က စစ်တပ်အသိုင်းအဝိုင်းဆိုတော့ ကျွန်တော့်ကို အခုဆို စွန့်လွှတ်လိုက်ပြီ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အိမ်ကို သွားမေးတယ်၊ မသိချင်ယောင်ဆောင်ပြီးသွားမေးတာ။ အိမ်က ဘယ်လိုပြောလွှတ်လိုက်လဲဆို “ လာမမေးနဲ့ ၊ သူပုန်တွေနဲ့ အဆက်အသွယ်မလုပ်ဘူး “ ဆိုပြီး ပြန်ပြောလိုက်တယ်တဲ့၊ ကျွန်တော့်အိမ်က ကျွန်တော့်ကို ခါးခါးသီးသီးပဲ။
ကျွန်တော် အခုလက်ရှိကတော့ KNU မှာ ရဲတပ်ဖွဲ့အနေနဲ့ ပြန်ပြီးတာဝန်ထမ်းဆောင်နေတယ်။ ကျွန်တော်တို့ Karen National Police Force ကရင်အမျိုးသား ရဲတပ်ဖွဲ့ပေါ့။ ဒီမှာ ပြန်ပြီး တာဝန်ထမ်းဆောင်နေတယ်။ ပြည်တွင်းကသိလာတဲ့ အသိတွေ အတွေ့အကြုံတွေနဲ့ ဒီကဥပဒေနဲ့ ပေါင်းစပ်ပြီး ကျွန်တော် လုပ်နိုင်တာလေး လုပ်ပေးနေတယ် ။
အခက်အခဲဆိုတာကတော့ မပြောချင်ပါဘူး။ ကျွန်တော်တို့ကမှ ခက်ခဲနေတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ထက် ခက်ခဲနေတဲ့သူတွေ အများကြီး ဆိုတော့ အခက်အခဲကတော့ မပြောချင်ပါဘူး ။
ကျွန်တော်က တော်လှန်ရေး ပြီးရင်တော့ ပြန်မှာပါ။ ရဲထဲမှာကတည်းက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ရှိတယ်။ အိုတဲ့အထိတော့ ရဲလုပ်သွားဖို့မရှိဘူး။ ကျွန်တော် ရဲထဲမှာတုန်းကတွေးတာ နောက်ပိုင်းထွက်ပြီးရင် ဘီယာဆိုင်လေးဖွင့်မယ်ဆိုပြီး စဉ်းစားထားတာ။ အခုလည်း တော်လှန်ရေးပြီးရင် ရဲ တော့ ပြန်မလုပ်တော့ဘူး။ တကယ်လို့ ကျွန်တော်တို့ NUG အစိုးရ က ကျွန်တော်တို့ကို လတ်တလော လိုအပ်သေးတယ် ခဏတဖြုတ်ဖြစ်ဖြစ် တစ်နှစ်တန်သည် ၂နှစ်တန်သည်ထိ ကျွန်တော်တို့အစိုးရ အခြေကျသွားတဲ့အထိ တာဝန်ဆက်ထမ်းဆောင်ပေးမယ်၊ ပြီးရင်တော့ ကျွန်တော် ရဲ ဆက်လုပ်ဖို့ အစီအစဉ် မရှိပါဘူး ။
#တရားမျှတမှုရရှိဖို့အမှန်တရားထုတ်ဖော်ပြောကြစို့
#Let’sTelltheTruthtoGetJustice
#CDMစစ်သား
#CDM
#TransitionalJustice
#TruthTelling
#နွေဦးတော်လှန်ရေး
#မြန်မာစစ်တပ်
#မြန်မာနိုင်ငံရဲတပ်ဖွဲ့
#Myanmar_Police_Force