ဒီနေ့က ဗမာပြည်သမိုင်းရဲ့ မှောင်မိုက်တဲ့ နေ့ပေါင်းများစွာထဲက တနေ့ပါ။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ် ဒီလိုနေ့မှာပဲ ရိုဟင်ဂျာ ပြည်သူတွေဟာ မြန်မာစစ်တပ်နဲ့ အစိုးရရဲ့ ပြင်းထန်တဲ့ နယ်မြေရှင်းလင်းရေး စစ်ပွဲအတွင်းမှာ အဆိုးယုတ်ဆုံး ကံကြမ္မာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရလို့ပါ။ အာရကန်ပြည်မှာ နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့တဲ့ ရိုဟင်ဂျာ ပြည်သူတွေအတွက်တော့ ဒီဖြစ်စဉ်ဟာ တတိယအကြိမ်မြောက် မွေးရပ်မြေကနေ မောင်းနှင်ထုတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။
ရာစုနှစ်တဝက်ကျော်ကြာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ အတူ ရိုဟင်ဂျာဆိုတဲ့ အမည်ဝေါဟာရနဲ့ ဖြစ်တည်မှုပါ ပပျောက်စေဖို့ ရည်ရွယ်ချက်ရှိ လုပ်ဆောင်မှုတွေ၊ အမုန်းစကားနဲ့ တိုက်ခိုက်ခံရမှု၊ သတင်းအချက်အလက်အမှားတွေနဲ့ ပုံဖျက်ခံရမှုတွေကို ရင်ဆိုင်ခဲ့ကြရတာပါ။ ရိုဟင်ဂျာ လူမျိုးစုတွေအပေါ် ဒီလိုလုပ်ဆောင်မှုတွေဟာ Genocide ဖြစ်စဉ်တခုအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုရလောက်အောင်ကို မြန်မာစစ်တပ်နဲ့ အစိုးရအဆက်ဆက်က ရည်ရွယ်ချက် ရှိရှိ ကျူးလွန်ခဲ့ကြတာပါ။ အခုဆိုရင် ၂၀၁၇ ဩဂုတ်လရဲ့ မှောင်မိုက်တဲ့ အဖြစ်အပျက်တွေ၊ သမိုင်းဖြစ်ရပ်ဆိုးတွေဟာ ၆ နှစ်တိုင်ခဲ့ပြီ ဖြစ်ပြီး ယနေ့အချိန်အထိ တရားမျှတမှု မရသေးသလို၊ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာပြည်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေ၊ အာရကန်ပြည်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေရဆဲဖြစ်ပြီး၊ အခြေခံလူ့အခွင့်အရေးတွေ ရုပ်သိမ်းခံနေရဆဲ အခြေအနေဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေအောက်မှာ ရှင်သန်ရုန်းကန်ရင် မိမိတို့ရဲ့ ရိုဟင်ဂျာဖြစ်တည်မှု၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ လူသားဂုဏ်သိက္ခာနဲ့အညီ နေရပ်ပြန်ခွင့်ရရှိဖို့ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ရိုဟင်ဂျာပြည်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ကြိုးစားလုပ်ဆောင်နေကြတဲ့အပေါ်မှာလည်း အင်မတန် ချီးကျူးဂုဏ်ယူမိပါတယ်။
ရိုဟင်ဂျာပြည်သူတွေလိုပဲ ဗမာပြည်အတွင်းမှာရှိတဲ့ လူမျိုးစုတွေ၊ လူ့အဖွဲ့အစည်းတွေရဲ့ ကံကြမ္မာနဲ့ အခြေအနေကလည်း အခုချိန်မှာ ဆိုးဆိုးရွားရွား ကြုံတွေ့ ရင်ဆိုင်နေရပါတယ်။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းဖို့ ကြိုးစားမှုနဲ့အတူ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်မို့ ဖိနှိပ်ခံပြည်သူတွေကြားမှာ ပိုမိုအားကောင်းတဲ့ သွေးစည်းညီညွတ်မှုတွေနဲ့အတူ ဖိနှိပ်မှုတွေကို လက်တွဲတိုက်ထုတ်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီလို အဖိနှိပ်ခံ ပြည်သူတွေရဲ့ သွေးစည်းညီညွတ်မှု၊ ပူးပေါင်းလုပ်ဆောင်မှုကသာ အာဏာရှင်ပုံစံအမျိုးစုံနဲ့ လူမျိုးကြီးဝါဒကို တိုက်ထုတ် ရှင်းလင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
ဒီလို ရိုဟင်ဂျာ ပြည်သူတွေအပါအဝင် အဖိနှိပ်ခံ ပြည်သူတွေနဲ့ အတူ တရားမျှတမှု၊ တန်းတူမှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေနဲ့ ပြည့်စုံတဲ့ လူ့ဘောင်ကို ရရှိဖို့ ဆက်လက်တိုက်ပွဲဝင်သွားတဲ့ ခရီးလမ်းမှာ ကျနော်အနေနဲ့ ဆက်လက်ပါဝင်ပြီး ဆောင်ရွက်နေမှာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကာလ သမိုင်းဖြစ်ရပ်ဆိုးတွေကို မှတ်တမ်းတင်ပြီး နောက်တချိန်မှာ ဒီလိုသမိုင်းဖြစ်ရပ်ဆိုးတွေကို မကြုံရနိုင်ဖို့ သမိုင်းလက်ဆင့်ကမ်း လုပ်ငန်းတွေကိုလည်း ကျနော်ဆက်လက်လုပ်ဆောင်သွားဖို့လည်း ခေတ်အဆက်ဆက် အသက်နဲ့ ဘဝတွေဆုံးရှံးခဲ့ရတဲ့ ရိုဟင်ဂျာပြည်သူတွေနဲ့ အဖိနှိပ်ခံပြည်သူတွေကို တိုင်တည် ကတိပြုပါတယ်ခင်ဗျ။
ပုံကတော့ လွန်ခဲ့တဲ့ ၆ နှစ်က အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား မှတ်တမ်းတခုပါ။