အိမ်စိုးဖြူ (ဆောင်းပါး)
လေပြင်းများတိုက်ခတ်နေသည့်ကြားမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ လူအများသည် ပြိုကျလာနေသည့် အဆောက်အအုံ၏ အနောက်ဘက်မှ ဘေးလွတ်ရာ အမိုးအကာအောက်ဘက်သို့ တိုးဝင်ပြေးနေကြသည်။ ထိုအချိန်တွင် “ခွမ်း” ဟု မြည်သံအကျယ်ကြီးဖြင့် ခေါင်မိုးပေါ်မှနေ၍ မှန်ကွဲစများ ပြုတ်ကျလာခဲ့သည်။
စင်ကျလာသည့် မှန်ကွဲစများမှာ လူတချို့တို့ထံသို့ တည့်တည့်ကျရောက်လာခဲ့သည်။ အောက်ဘက်မှ အသက် (၃ဝ) အရွယ်အမျိုးသမီး တစ်ဦး၏ လည်ပင်းတစ်ဝိုက်ကို မှန်ကွဲစများ စိုက်ဝင်သွားခဲ့သည်။ သွေးများသည် အမျိုးသမီး၏ ရင်ဘက်တစ်ခုလုံး၌ ပြည့်လို့နေသည်။ သတိမေ့မျောသွားသည့် အဆိုပါ အမျိုးသမီးအား ရှေးဦးသူနာပြုစုပေးနေသည့် ကယ်ဆယ်ရေးအဖွဲ့ဝင် အမျိုးသမီးငယ်မှာ ရုတ်တရက် လူနာကို ကြည့်ရင်း ငိုချလိုက်တော့သည်။
ယင်းဖြစ်ရပ်အလုံးစုံကို မှတ်တမ်းတင်ရိုက်ကူးနေခဲ့သည့် မေတ္တာရောင်ခြည်သွေးလှူရှင်အသင်း၏ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “မုန်တိုင်းတိုက်နေတာပြင်းတဲ့အတွက် အပေါ်က မှန်ချပ်တွေ ကွဲကုန်ပါတယ်။ ဒီမှာ မှန်ချပ်လာစင်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ အရေးပေါ်လူနာတစ်ယောက်ကို အသက်ဆုံးရှုံးသွားရတော့မယ့် အခြေအနေပါ။ ကျွန်တော်တို့ ဆေးရုံကိုသွားဖို့ အချိန်မရှိတော့ပါဘူး။ အဆင်လည်းမပြေပါဘူး”ဟု ပြောသည်။
- ရခိုင်မြောက်ပိုင်းတွင် မိုခါကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့သလား
အဆိုပါဖြစ်ရပ်မှာ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းသည့် မိုခါဆိုက်ကလုန်းမုန်တိုင်းကြား၌ လေဘေးရှောင်ရန် အစိုးရမှ သတ်မှတ်ထားရာ နေရာတစ်ခုဖြစ်သည့် စစ်တွေမြို့ အာဂျိတ်တော်ကုန်းမှ အဓိဌာန်ကျောင်းတိုက်၏ အဆောက်အအုံတစ်ခုလုံးအတွင်းက အဖြစ်အပျက်ကို မေတ္တာရောင်ခြည်ပရဟိတ္တသွေးလှူရှင်အသင်းမှ ရိုက်ကူးထားခဲ့ခြင်းဖြစ်သည်။
စစ်တွေမြို့ကို မေလ ၁၄ ရက်နေ့ မွန့်လွဲ ၁၂ ကျော်ခန့်တွင် မိုခါမုန်တိုင်း စတင်တိုက်ခတ် ဝင်ရောက်လာပြီး နေ့လယ် ၁ နာရီဝန်းကျင်တွင် ကမ်းနားပိုင်းရှိ မိဇံ၊ မြို့သူကြီး၊ လမ်းမတော်မြောက်၊ ရွှေပြားရပ်ကွက်များကို ကုလားတန်မြစ်ရေစတင် ဝင်ရောက်ခဲ့သည်။ လေတိုက်နှုန်းမှာ ၁ နာရီ မိုင် ၁၂ဝ ခန့်အထိရှိလာပြီးနောက် ဆက်သွယ်ရေးရုံးမှ နှစ်ပေါင်း ၅ဝ ကျော်ပြီဖြစ်သည့် MPT တာဝါတိုင်ကကျိုးကျသွားခဲ့သည်။ ယင်းနောက် စစ်တွေမြို့အပါအဝင် မြို့နယ်တချို့မှာ ဖုန်း၊ အင်တာနက် လိုင်းများ ပြတ်တောက်သွားခဲ့သည်။
မုန်တိုင်းသည် ညနေပိုင်း ၆ နာရီခန့်အထိ တိုက်ခတ်ခဲ့ပြီး နေအိမ်များ ရေနစ်နေသည့် မိဇံ၊ မြို့သူကြီး၊ အိုးတန်း၊ ရွှေပြား၊ လမ်းမတော်မြောက်၊ ကျေးတောရွာမ၊ ကျေးတောပိုက်ဆိပ် အစရှိသည့် ကျေးရွာများရှိ နေအိမ်အတွင်း ပိတ်မိကျန်နေရစ်ခဲ့သူများနှင့် ကယ်ဆယ်ရေးသမားများမှာ ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်။
လမ်းမတော်မြောက်ကျေးရွာသားတစ်ဦး၏ ပြောပြချက်အရ ၎င်း၏ မိသားစုဝင်များနှင့် နောက်ဆုံး အဆက်အသွယ်ရခဲ့သည့်အချိန်တွင် ၁ဝ ပေကျော်မြင့်သည့် သူ့မိသားစု၏ နေအိမ်နစ်မြုပ်သွားခဲ့ပြီး တချို့နေအိမ်များပေါ်တွင် ပိတ်မိနေသူများရှိနေသဖြင့် ကူညီပေးကြရန် လူမှုကွန်ရက်မှတဆင့် အကူအညီတောင်ခံခဲ့သည်ကိုတွေ့ရသည်။ အလားတူ အကူအညီတောင်းခံမှုများ လူမှုကွန်ရက်မှတဆင့်သာ လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။ အစိုးရဌာနဆိုင်ရာများကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
စစ်တွေတွင် မိုခါကြောင့် သေဆုံးသူ ၅ ဦး၊ ဒဏ်ရာပြင်းထန်၍ ဆေးရုံတင်ထားရသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူူ လူ ၁ဝဝ ထက်မနည်းရှိခဲ့ကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။ နောက်ထပ်သေဆုံးမှုများ ရာချီရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ရန် ခက်ခဲနေသေးသည်။
အလားတူရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာတွင်လည်း စစ်ကောင်စီမှ သတ်မှတ်ထားသည့် မုန်တိုင်းရှောင်နေရာတစ်ခုဖြစ်သည့် ဒုံးပိုက်ကျေးရွာ ဓမ္မာရုံခေါင်မိုးပြိုကျခဲ့သဖြင့် အသက် ၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့သည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေကို မေလ ၁၅ ရက်နေ့ ည ၉ နာရီခန့်က ဆက်သွယ်မေးမြန်းချက်အရ သေဆုံးသူ ၁၃ ဦးရှိခဲ့သည်ဟု အတည်ပြုပြောဆိုသည်။ ဒေါ်ခင်စောဝေက “ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အခုပဲ အဆက်သွယ်ရလို့မေးကြည့်တော့ ဒုံးပိုက်မှာ ၁၃ ယောက်သေတယ်လို့ ပြောတယ်”ဟု ဆိုသည်။
သေဆုံးသူများသည် မခင်သဇင်ထွန်း (၇) နှစ်၊ ဒေါ်လှသိန်းယဉ် (၇၆) နှစ်၊ ဒေါ်ခင်သန်းမြ (၆၄) နှစ်၊ ဒေါ်ခင်ဆန်းဦး (၄၂) နှစ်၊ ဒေါ်လှရွှေသိန်း (၄၅) နှစ်၊ ဒေါ်နွဲ့လှိုင်ဦး (၄၅) နှစ်၊ ဒေါစိုးတင်ရီ (၆၈) နှစ်၊ ဒေါ်ခင်မြရီ (၆၈) နှစ်၊ ဒေါ်မခင်မြင့် (၆၂) နှစ်၊ ဒေါ်မချစ်( ၆၅) နှစ်၊ ဦးကျော်ထွန်း ( ၆၅)နှစ်၊ ဦးမောင်ကျော်အောင် ( ၆၈) နှစ်နှင့် ဦးမောင်စောညွှန့် (၈၂) နှစ်တို့ ဖြစ်ကြသည်ဟု စုံစမ်းသိရှိရသည်။
၎င်းအပြင် ရခိုင်ပြည်နယ်စစ်တွေမြို့အနီးက ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မိုခါမုန်တိုင်းကြောင့် သေဆုံးသူအနည်းဆုံး ၄၁ ဦးရှိကြောင်း AFP သတင်းဌာနက ရေးသားချက်အရသိရသည်။ စစ်တွေမြို့နယ် ပင်လယ်ကမ်းရိုးတန်းရှိကျေးရွာများဖြစ်ကြသည့် ဒါးပိုင်၊ အုန်းတောကြီး၊ ဘာဆာလာ Camp ၊ ဘောဒူဗ နှင့် ဗေဒကျေးရွာတို့မှ လူ ၄ဝဝခန့်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူအများအပြား ရှိနေကြောင်း ရိုဟင်ဂျာအသိုင်းအဝိုင်းက သတင်းများထွက်ပေါ်နေသော်လည်း ကွင်းဆင်းလေ့လာသူများ၏တွေ့ရှိချက်အရ အလောင်း ၁၇ လောင်းတွေ့ရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါ လူ ၄ဝဝ ခန့်သေဆုံးသည့် အကြောင်းအရင်းနှင့် အချက်အလက်အား စုံစမ်းနေဆဲဖြစ်သဖြင့် အတည်မပြုနိုင်သေးပေ။ ရခိုင်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လက်ရှိစာရင်းများအရ မြောက်ဦးမြို့နယ်မှ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး၊ ရသေ့တောင်မြို့နယ်မှ (၇) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ရွာသား ၁၃ ဦး၊ စစ်တွေမြို့ပေါ်မှ ၅ ဦးနှင့် ရိုဟင်ဂျာဒုက္ခသည် အနည်းဆုံး လူ ၁၇ ဦးတို့ သေဆုံးခဲ့ကြောင်း ကနဦးသိရှိရသည်။
မိုခါကြောင့် ထိခိုက်ပျက်စီးမှု ဘယ်လောက်ရှိခဲ့လဲ
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် (၇) ခုတွင် မိုခါကြောင့် လူအသေအပျောက်နှင့် ကျွဲ၊ နွားတိရစ္ဆာန်အများအပြား သေဆုံးခဲ့သည်။ ရခိုင်ရှိ စစ်တွေမြို့နယ်အပါအဝင် မုန်တိုင်းမျက်စိဖြတ်သန်းရာ ဒေသတစ်ခုဖြစ်သည့် ရသေ့တောင်မြို့နယ် မယူကမ်းဒေသတို့တွင် ကျွဲ၊ နွားများ အများအပြားသေဆုံးခဲ့သည်ဟု ဆိုသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “မုန်တိုင်းဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းတစ်လျှောက်က မြို့၊ ရွာ၊ အိုးအိမ်၊ အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုတွေ ၉၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ မုန်တိုင်းကြီးကြောင့် အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့ရတဲ့အပြင် ပြည်သူတွေမှာ သိုလှောင်သိမ်းဆည်းထားတဲ့ ဆန်၊ စပါး ၊ စားနပ်ရိက္ခာနဲ့ ကျွဲ၊ နွား၊ တိရစ္ဆာန် မြောက်မြားစွာလည်း ပျက်စီးဆုံးခဲ့ရပါတယ်”ဟု အတည်ပြုပြောဆိုထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မိုခါကြောင့် ထိခိုက်မှု အများဆုံး မြို့နယ် ၂၁ ခုအထိရှိလာပြီး လူ ၂၁ ဦး သေဆုံးပြီး အပျက်အစီး တစ်သောင်းကျော်ရှိကြောင်း စစ်ကောင်စီက မေလ ၁၅ ရက်နေ့ အစောပိုင်းက ထုတ်ပြန်ချက်ကြောင့် ယင်းနှင့် ပတ်သက်၍ တိကျမှုမရှိကြောင်း လေဘေးသင့်ပြည်သူများအကြား ဝေဖန်မှုများ ရှိခဲ့ကြသည်။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ် ဟားခါး၊ ပလက်ဝ၊ မတူပီနှင့် တီးတိန်မြို့များကိုပါ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် နေရာများအဖြစ် စစ်ကောင်စီက ထပ်မံသတ်မှတ်ခဲ့သည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (OCHA) က မြန်မာမှ မိုခါမုန်တိုင်းသင့်သူ ၅.၄ သန်းထိခိုက်ပြီး ၃.၂ သန်းအတွက် အရေးပေါ်လိုအပ်နေကြောင်း မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။ ၎င်းတို့အနေဖြင့် ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းမြို့နယ်တို့၏ ပျက်စီးဆုံးရှုံးမှုများ၏ အရေးပေါ်လိုအပ်ချက်များကို ဦးစားပေး စစ်တမ်းကောက်ယူနေကြောင်း သိရသည်။
ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ကြသလား။
ဆိုက်ကလုန်းမုန်တိုင်းမိုချာသည် ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဘဇား( Cox’s Bazar) နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တို့ကြား ဖြတ်ကျော်ဝင်ရောက်ပြီး လေတိုက်ခတ်စဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၁၁ဝ နှင့် ၁၂ဝ ခန့်အထိ ရှိနိုင်ပြီး ကမ်းလွန်ပင်လယ်တွင် လှိုင်းအမြင့်မှာ ၁၆ ပေမှ ပေ ၂ဝ ထိရှိနိုင်ကြောင်းကို မေလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်းများတွင် စစ်ကောင်စီ၏ မိုးလေဝဿနှင့် ဇလဗေဒဦးစီးဌာနမှ ခန့်မှန်း ထုတ်ပြန်ကြေညာခဲ့ကြသည်။
ရခိုင်ပြည်အတွင်းက မြို့နယ် (၇) ခုကို အာဏာသိမ်း စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ၂ဝ၂၃ ခုနှစ်၊ မေလ ၁၂ ရက်နေ့က အနီရောင်အဆင့်သတ်မှတ်လိုက်သည်။ မေလ ၁၄ ရက်နေ့က မိုခါဆိုက်ကလုန်းမုန်တိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ကို ဝင်ရောက်လာခဲ့တော့သည်။
အဆိုပါမြို့နယ်များတွင် လေဘေးရှောင်ရန် စစ်ကောင်စီဌာနဆိုင်ရာများက မုန်တိုင်းခိုလှုံရိပ်သာ (Cyclone Shelter) တချို့နှင့် ဘာသာရေးဆိုင်ရာ အဆောက်အုံတို့ကို ပြောင်းရွှေ့ရန်၊ မပြောင်းရွှေ့ပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဟု မေလ ၁၂ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့သည်။
၎င်းအမိန့်ထုတ်ပြန်ပြီး နောက်တစ်ရက်၊ မေလ ၁၃ ရက်နေ့တွင် စစ်တွေမြို့နယ်အပါအဝင် မြို့နယ် ၇ ခုမှ ဒေသခံများမှာ သတ်မှတ်ထားသည့် အဆိုပါ မုန်တိုင်းရှောင်အဆောက်အအုံများနှင့် နီးစပ်ရာ ဆွေမျိုးများရှိရာ ဒေသများသို့ ဒေသခံ ပရဟိတ္တအဖွဲ့များနှင့် မိမိတို့ အစီစဉ်ဖြင့်ဘေးလွတ်ရာ နေရာများသို့ နေအိမ်စွန့်ခွာ ထွက်ပြေးခိုလှုံခဲ့ကြရသည်။
စစ်တွေမြို့မှ ပရဟိတ္တလုပ်ငန်းများ လုပ်ကိုင်နေသူ စာရေးဆရာ ဝေဟင်အောင်က စစ်တွေ အာဂျိတ်တော်ကုန်းမှ အဓိဌာန်ကျောင်းတွင် လူဦးရေ ၁၅ဝဝ ခန့်၊ ဆရာတော်ဦးညာဏစက္ကကျောင်းတွင် ၁၂ဝဝ ခန့် ရှိခဲ့ကြောင်း ၎င်း၏ ဖေ့ဘုတ်လူမှုကွန်ရက်ကတဆင့် ရေးသားဖော်ပြထားသည်။ အခြားနီးစပ်ရာဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသူများလည်းရှိသည်ဟု ဆိုသည်။
၎င်းအပြင် အလိုတော်ပြည့်ကျောင်းတိုက်အတွင်းတွင်လည်း လူဦးရေ ၁ဝဝဝ ဝန်းကျင်အပြင် အခြားဘုန်းတော်ကြီးကျောင်းအများအပြားတွင်လည်း လူထောင်နှင့်ချီ၍ ခိုလှုံနေခဲ့ကြသည်။
သို့ရာတွင် ဒေသခံလူမှုရေး၊ ပရဟိတ္တအဖွဲ့များကူညီမှုများရှိခဲ့သော်လည်း စစ်ကောင်စီအာဏာပိုင်များမှ မုန်တိုင်းရှောင်ပြည်သူများအား စနစ်တကျ ထိထိရောက်ရောက်နေရာချထားပေးခြင်း၊ အရေးပေါ်ကြိုတင်ပြင်ဆင်ထားမှုများ တစ်စုံတစ်ရာမရှိခဲ့၍ ဒေသခံများ၏ ဝေဖန်မှုများရှိခဲ့သည်။
ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌဒေါ်ညိုအေးက “အပွင့်လင်းဆုံးပြောရရင် လေဘေးကို ကိုယ့်အစီစဉ်နဲ့ ကိုယ်ရှောင်ခဲ့ကြရတာ။ ပရဟိတအဖွဲ့တွေကပဲ လိုက်လုပ်ပေးခဲ့ကြတာပါ။ အစိုးရက ဘာတာဝန်ခံမှု၊ တာဝန်ယူမှုမှ မရှိဘူး။ အဓိဌာန်ကျောင်းက လည်ပင်းကို မှန်ကွဲစမှန်သွားတဲ့ ကလေးမလေးအကြောင်းတွေးရင် အင်မတန်ကြေကွဲရပါတယ်။ နေရာမှာ ပွဲချင်းပြီးသေတာပါ။ ဒဏ်ရာရရှိသူတွေလည်း ရှိသေးတယ်လို့ သိရတယ်” ဟုပြောသည်။
၎င်းအပြင် စစ်တွေမြို့မှ သေဆုံးသူ (၅) ဦးတွင် စစ်တွေရှိ ဓာတ်ဦးကျောင်းတိုက် ခေါင်မိုးထုတ်တန်းပြိုကျရာမှပိပြီး အသက်(၆ဝ) ကျော်အဖိုးအိုတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဒေါ်ညိုအေးကဆိုသည်။ အဆိုပါ မုန်တိုင်းရှောင် အဆောက်အအုံများတွင် လူအများစုပုံနေထိုင်ရသည့်အတွက် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်းသူမက ဆက်ပြောသည်။
သို့ရာတွင် ရက္ခိုင့်တပ်တော်( ULA/AA) မှ တပ်ဖွဲ့ဝင်တချို့မှာ မြေပုံ၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ဒေသခံများအား ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု(ULA/ AA) ထောက်ခံများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြကြသည်ကို တွေ့ရသည်။
(ULA/ AA) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မုန်တိုင်းမတိုက်ခင်ကတည်းက ၎င်းတို့ မှာရှိသည့် အရင်းအမြစ်တွေအားလုံးကို အသုံးပြုပြီး ကြိုတင်ပြင်ဆင်ပြောင်းရွှေ့မှုများကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါကြောင်း အွန်လိုင်းမှတဆင့် ထုတ်ဖော်ပြောဆိုထားသည်။
မုန်တိုင်းပြီးနောက် နောက်ဆက်တွဲ လက်ရှိအခြေအနေ
မုန်တိုင်းကြောင့် ပြန်လည်တည်ဆောက်ရေးများကို မေလ ၁၅ ရက်နေ့ မှယနေ့ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းအထိ လူနေအိမ်များကို ကိုယ်ထူကိုယ်ထဖြင့် ပြန်လည်ပြုပြင်နေကြသည်။ စစ်ကောင်စီ၏ ဌာနဆိုင်ရာတချို့က ဓာတ်မီးတိုင်များပြန်လည်စိုက်ထူရန် ပြင်ဆင်နေကြသည်ကို တွေ့ရသည်။
စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့တွင် အိမ်ဆောက်ပစ္စည်းနှင့် စားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြှင့်တက်လျက်ရှိသည်။ ကြက်ဥ တစ်လုံး ၄ဝဝ ကျပ်၊ သခွားသီးအသေးတစ်လုံး ၅ဝဝ ကျပ်၊ ခေါင်မိုးသွပ်ရိုက်သံမှို တစ်ပိဿ ၂ဝဝဝဝ ကျပ်၊ သွပ်မိုးသံဖြူ ၁ ပေကို ၂ ထောင်ကျပ်ဝန်းကျင်မှ သောင်းဂဏန်းအထိ ရောင်းချနေသူများရှိနေကြောင်း ဒေသခံများမှသိရသည်။
စစ်တွေမြို့ပေါ်ရှိ အဓိဌာန်ဆရာတော်ကျောင်း၊ အရှင်ဉာဏစက္ကဆရာတော်ကျာင်းနှင့် ရေပိုက်ဆုံ ဘုန်းတော်ကြီးကျောင်း (၃) ခုတွင်လူ ၁ဝဝဝ ကျော်မှာ နေစရာအိမ်မရှိတော့သဖြင့် လေဘေးရှောင်စခန်းအဖြစ် ယာယီလုပ်ပေးထားရကြောင်း မေတ္တာရောင်ခြည် ပရဟိတ္တသွေးလှူရှင် အသင်းတာဝန်ရှိသူက ဆိုသည်။
၎င်းအပြင် စစ်တွေမြို့အတွင်း ဆားငံရေဝင်ခဲ့သည့်အတွက် သောက်သုံးရေး အခက်အခဲရှိနေကြောင်း၊ လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် ရေသန့်စက်ရုံများ အလုပ်မလုပ်နိုင်ဘဲ ရပ်ထားကြရသဖြင့် မကြာခင်ရက်ပိုင်းအတွင်း မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြို့နယ်များတွင် သောက်သုံးရေ ပြတ်တောက်လာနေကြောင်း လေဘေးရှောင်များအရေး လှုပ်ရှားသူများက ဆိုသည်။
“အားကစားရုံခြံဝန်းထဲက ရေကန်ကရေကို သန့်ပြီး ကားတစ်စီးနဲ့ လိုက်ဝေနေတာတော့ရှိတယ်။ ဒါပေမယ့် မလောက်ငှတဲ့အတွက် အခက်အခဲရှိပါတယ်။ ရေအခက်အခဲရှိလာတဲ့အပြင် ရေကြောင့် ဝမ်းရာဂါတွေဖြစ်လာနိုင်မှာ စိုးရိမ်ရပါတယ်”ဟု ၎င်းက ပြောသည်။
နောက်ထပ် စစ်တွေမြို့ခံတစ်ဦးကလည်း စစ်တွေမြို့ပေါ်ရပ်ကွက်များအား ကျန်းမာရေးဝန်ထမ်းများမှ ရေများတွင် ရေသန့်ဆေးများ ထည့်ပေးနေပြီး ဝမ်းရောဂါစတင်ဖြစ်ပွားလာနေသည်ဟု သတိပေးပြောဆိုခဲ့သည်ဟုဆိုသည်။
သို့ရာတွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား ဆက်သွယ်ရာ ဆက်သွယ်မှုပြင်ပသို့ ရောက်ရှိနေသဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (OCHA)၊ NGO/ INGOs )အဖွဲ့များနှင့် လူမှုရေးအဖွဲ့များမှ အခက်အခဲရှိနေသူများ၏ စာရင်းကိုကောက်ခံနေပြီး ရခိုင်ရှိပရဟိတနှင့် လူမှုရေးအဖွဲ့များကလည်း ပြန်လည်ထူထောင်ရေးအတွက် အလှူငွေများကောက်ခံနေကြသည်ကိုလည်း တွေ့နေရသည်။
ရခိုင်တွင် ၂ဝ၁၉ နှစ်စပိုင်း တိုက်ပွဲကာလနှင့် ကိုဗစ်ကာလများအတွင်း စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ခံစားခဲ့ကြရသည်။ လက်ရှိတွင် မိုခါမုန်တိုင်းကြောင့် အစောပိုင်းကာလများထက် ရခိုင်ပြည်နယ်စားဝတ်နေရေးမှာ ပိုမိုကျပ်တည်းလာနိုင်ခြေရှိကြောင်း ဒေသခံလူမှုရေးလှုပ်ရှားသူများက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ UNHCR ကွင်းဆင်းအဖွဲ့များမှ တွေ့ရှိခဲ့သည့် များပြားသော ပျက်စီးဆုံးရှုံးမှုများ၊ ပြိုလဲနေသည့် သစ်ပင်များ၊ ရေနစ်မြုပ်နေသည့် နေရာများ ၊ အမိုးများပြိုကျကာ နေအိမ်များ ပျက်စီးဆုံးရှုံးသွားသဖြင့် ရိုဟင်ဂျာနှင့် ရခိုင်ဒုက္ခသည်များ အပါအဝင် ထိခိုက်ခံစားလွယ်ရဆုံး သူများမှာ အမိုးအကာအရေးပေါ် အခြေအနေနှင့် ကာကွယ်စောင့်ရှောက်မှုများ လွန်စွာလိုအပ်နေကြောင်း မေလ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။
စစ်တွေမြို့မှ တက္ကသိုလ်ကျောင်းသူတစ်ဦးက “ ကျွန်မတို့မိသားစု လူကွဲသွားကြပြီး တစ်ယောက်တစ်နေရာ ရောက်သွားခဲ့ကြပါတယ်။ မုန်တိုင်းအတွင်းမှာ ကျွန်မအစ်ကိုတို့ခိုလုံနေတဲ့ အဆောက်အအုံ ပြိုကျတဲ့အထဲပါသွားပြီး သူ့ခြေထောက်မှာ သံချောင်းနဲ့ထိပြီး ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာကြောင့်အခုဖျားနေပါတယ်။ အိမ်ကလည်း ရစရာမရှိအောင်ပျက်သွားပါပြီ။ နေစရာလည်းမရှိတော့ဘူး” ဟု ပြောသည်။
အာဏာသိမ်းမှုကြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံး၌ စီးပွားရေးကျပ်တည်းနေသည့်အချိန်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနှင့် ကျွဲ၊ နွား တိရစ္ဆာန်သေကြေပျက်စီးမှုများ၊ ရပ်ရွာ၊ အိုးအိမ်အဆောက်အအုံပျက်စီးမှုများ၊ ဆန်စပါးနှင့် စိုက်ပျိုးမြေအများအပြားဆုံးရှုံးခဲ့ပြီး မုန်တိုင်းဒဏ်အများဆုံးခံရသည့် ရခိုင်ပြည်နယ်မှာ လတ်တလောတွင် လူမှုဘဝများ ပြန်လည်ထူထောင်ရန် အခက်အခဲနှင့် ရင်ဆိုင်ကြရပေတော့မည်။