“အသက်ရှင်နေတဲ့သူတွေ ရှိရင် ကယ်ကြပါအုံး……အသက်ရှင်နေသူတွေ ကယ်ပါအုံးဗျာ”
ဗီဒီယိုဖိုင်တစ်ခုထဲမှာ ဒီညီးညူအော်သံနဲ့ အော်ဟစ် အကူအညီတောင်းခံနေတဲ့ အမျိုးသားဟာ ဗုံးထိထားလို့ ခြေထောက် အောက်ပိုင်းလှုပ်မရတာ့ လောက်အောင် ဖြစ်နေတဲ့ကြားကနေ အတင်းကုန်းရုန်းထဖို့ ကြိုးစားရင်း အသက်ရှင်ဖို့ အကူအညီတောင်းခံနေခဲ့တာပါ။
ဗီဒီယိုဖိုင်ထဲက အမျိုးသားဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ ပဇီကြီးကျေးရွာကို စစ်ကောင်စီဘက်ကနေ လေယာဉ်ဗုံးကြဲခဲ့လို့ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် လူပေါင်း ၁၆၈ ဦး သေဆုံးခဲ့သူများထဲမှ တစ်ဦးပါ။
သူဟာ ဗုံးဒဏ်ကြောင့် ခြေထောက် အပါအဝင် တစ်ကိုယ်လုံးဒဏ်ရာ အပြည့် သေအံ့မူးမူးနဲ့ပဲ ပဇီကြီးကျေးရွာ ဗုံးကျဲခံရပြီးနောက် မြေပြင်အခြေအနေကို သူ့ရဲ့ဖုန်းနဲ့ ဗီဒီယိုရိုက်ကူးခဲ့တာပါ။
သူဟာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဆေးရုံခေါ်သွားပေးတဲ့ လမ်းမှာတင် ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့်ပဲ သေဆုံးသွားခဲ့သူတစ်ဦးလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဟာ မေလ ၁၁ ရက်နေ့၊ ယနေ့ဆိုရင် တစ်လပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၈ ဦးထဲမှာ အမျိုးသား ၁၂၁ ဦး၊ အမျိုးသမီး ၄၇ ဦးနဲ့ ကလေးသူငယ် ၂၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီးမှာ ပဇီကြီးကျေးရွာနေ အိမ်ထောင်စုတိုင်းမှာ မိသားစုဝင်၊ မိဘဆွေးမျိုးတွေဟာ လေယာဉ်ဗုံးကြဲဒဏ်ကြောင့်ရော လေကြောင်းကနေ စက်သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဒဏ်တွေကြောင့်ပါ သေဆုံးခဲ့ရပါတယ်။
ဒါပေမယ့်လည်း သေဆုံးခဲ့ကြတဲ့ မိသားစုဝင်၊ မိဘ၊ ဆွေမျိုး၊ သားသမီးတွေရဲ့ ရက်လည်နာရေးကိုတောင် လုပ်ခွင့်မရခဲ့ကြဘဲ ဆက်တိုက် စစ်ကြောင်းထိုး တိုက်ခိုက်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် စစ်ဘေးဒုက္ခသည်တွေ အဖြစ်နဲ့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ အခုဆို တစ်လတိုင်ခဲ့ပြီ ဖြစ်ပါတယ်။
“ရက်လည်တုန်းကလည်း ရက်လည်ဆွမ်းကျွေးပွဲ မလုပ်ခဲ့ကြရဘူး။ မနေ့က ညနေခင်းလောက်ကတော့ နီးစပ်ရာ တချို့က သာမန်တရားနာပွဲလေး အကျဉ်းချုံးပဲ လုပ်လိုက်ကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ကန့်ဘလူခရိုင်အတွင်းက ပဇီကြီးကျေးရွာ အပါအဝင် အနီးအနား ကျေးရွာတွေဖြစ်တဲ့ ဇင်းခွေးကုန်း၊ မလည်တိုက်နယ်ချောင်းမကြီးကျေးရွာ၊ ချောင်းသာကျေးရွာ၊ လေးတွင်းစဉ်ကျေးရွာ၊ မယ်ဇတောကျေးရွာ၊ ရွာသာယာကျေးရွာ နဲ့ ငှက်ပျောတိုင်ကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းထိုးသွားလာနေတာတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
“မြေပြင်မှာလည်း စစ်ကြောင်းထိုးသလို လေယာဉ်နဲ့လည်း ဗုံးသီးလာလာချတယ်ဗျ။ ပြည်သူတွေကတော့ နေရာအသီးသီးမှာ တိမ်းရှောင်နေရတာပေါ့ဗျာ”လို့ ကန့်ဘလူခရိုင်က ကျေးရွာတွေရဲ့ လိုအပ်ချက်ကို ကူညီထောက်ပံ့နေတဲ့ မြေပြင်အဖွဲ့တစ်ဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက ဆိုပါတယ်။
ကန့်ဘလူခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူတွေဟာ စစ်ဘေးအန္တရာယ်ကို ရင်ဆိုင်နေရသလို တစ်ဘက်မှာလည်း နေရေးထိုင်ရေးအတွက်လည်း ပူပန်နေကြရပါတယ်။
“လက်ရှိ ပဇီကြီးကျေးရွာနဲ့ အနီးအနားက ကျေးရွာတွေက တောထဲမှာ တဲတွေ ဆောက်ပြီး နေနေကြရတယ်။ ဟိုတစ်စု ဒီတစ်စု နေနေကြရတာပေါ့။ သူတို့နေရာကို ပြန်လာဖို့ဆိုတာကတော့ မဖြစ်နိုင်တော့ဘူး။ စစ်ကြောင်းထိုးတိုင်း အိမ်တွေကို မီးရှို့သွားတယ်။ ဒီတစ်ရက် နှစ်ရက်ပဲ ရှိသေးတယ်။ စစ်ကြောင်းထိုး ငြိမ်သေးတာ” လို့ ကန့်ဘလူခရိုင်အတွင်း မြေပြင်ကူညီထောက်ပံ့ရေး တာဝန်ခံက ဆိုပါတယ်။
ပဇီကြီးကျေးရွာ ဖြစ်စဉ်အပြီး တစ်လအတွင်းမှာတင် ကန့်ဘလူခရိုင်အတွင်းက လေးတွင်းစဉ်ကျေးရွာရှိ နေအိမ် ၆၈ လုံး၊ ချောင်းသာကျေးရွာက အိမ်ခြေ ၃၂ လုံးနဲ့ ကျန်းမာရေးဆေးခန်း ၁ ခန်း၊ လူမှုရေးရုံး ၁ ရုံးတို့ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ မြေပြင်စာရင်းကောက်ယူမှုတွေကို လုပ်ဆောင်နေတဲ့ မြေပြင်အဖွဲ့တဖွဲ့ထံက သိရပါတယ်။
ပဇီကြီးကျေးရွာဖြစ်စဉ် အပါအဝင် တလအတွင်း ကန့်ဘလူခရိုင်အတွင်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုး တိုက်ခိုက်နေမှုတွေကို ကြည့်မယ်ဆိုရင် ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေတာ တွေ့ရပါတယ်။
ပဇီကြီးကျေးရွာ ဖြစ်စဉ်တုန်းကလည်း အဲ့ဒီတိုက်ခိုက်မှုကို လုပ်ခဲ့တယ်ဆိုတာကိုလည်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက “PDF အမည်ခံရုံးဖွင့်ပွဲ လုပ်ပါတယ်။ ရုံးဖွင့်ပွဲဆိုတဲ့ဟာကို ဆောင်ရွက်ပါတယ်။ ကျနော်တို့ အနေနဲ့ ဒီဟာနဲ့ ပတ်သက်ပြီး တိုက်ခိုက်မှု ရှိပါတယ်။ တိုက်ခိုက်မှု ရှိတဲ့အခါမှာတော့ ဒီအခမ်းအနားမှာ ရှိနေတဲ့ PDF အမည်ခံ အဖွဲ့တွေက သေဆုံးတယ်ဆိုတာလည်း ကျနော်တို့ သိရပါတယ်။ ကျနော်တို့ရဲ့ တိုက်ခိုက်မှု တစ်ခုထဲကြောင့်လဲ ဖြစ်သွားတာ မဟုတ်ပါဘူး။ မြေပြင်မှာတော့ အဲ့ဒီအဖွဲ့တွေ အနေနဲ့ အဲ့ဒီနေရာလေး တဝိုက်မှာ PDF အဖွဲ့ကနေ အသုံးပြုတဲ့ မိုင်းတွေ ထောင်ထားတာရှိတယ်။ ပြီးရင် PDF အဖွဲ့ကနေ အသုံးပြုတဲ့ယမ်းတွေ သိုလှောင်ထားတဲ့ ခဲယမ်းထားရှိတဲ့နေရာရှိတယ်။ အဲ့ဒီနေရာတည့်တည့်ကို လက်နက်ထိမှန်တဲ့အတွက်ကြောင့်မလို့ ပေါက်ကွဲပြီးတော့ သေဆုံးတယ်ဆိုတာလည်း ကျနော်တို့ သတင်းအတိအကျ ရရှိတယ်”လို့ RFA သတင်းဌာနမှာ အခုလို ဖြေခဲ့တာတွေ့ရပါတယ်။
တကယ်တမ်းမှာတော့ ပဇီကြီးကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ စွတ်စွဲပြောဆိုချက်အရ မိုင်းထောင်တယ်ဆိုတာ မဟုတ်ကြောင်းကိုတော့ မြေပြင်အဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ ဒေါင်းနီ အဖွဲ့က ပြောရေးဆိုခွင့် ရှိသူ ကိုကျော်ဝဏ္ဏက ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု သတင်းစာရှင်းလင်းပွဲမှာ အခုလို ဖြေရှင်းခဲ့ပါတယ်။
“လူတွေအများကြီးရှိတဲ့နေရာမှာ အခုလို ပွဲလမ်းသဘင်မှာ သွားလာနေတာကို မိုင်းတွေထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ဦးဆောင်နေတဲ့သူတွေကလည်း အတွေးအခေါ် မနည်းပါဘူး။ ရွာရဲ့ အနီးအနားမှာတော့ မရှိပါဘူး။ စစ်ကောင်စီရန် ကြောက်ရလို့ ရွာရဲ့ ခပ်လှမ်းလှမ်းမှာတော့ ရှိကောင်းရှိနိုင်မှာပေါ့။ အဲ့ဒါတော့ ကျနော်တို့ မသိနိုင်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။
NUG ဦးဆောင်ပြုလုပ်တဲ့ ပဇီကြီးကျေးရွာဖြစ်စဉ် သတင်းစာရှင်းလင်းပွဲမှာလည်း NUG ကာကွယ်ရေး ဝန်ကြီးဌာန လက်နက် ကျွမ်းကျင်သူ ဦးမင်းမင်းက ပဇီကြီးကျေးရွာဖြစ်စဉ်က ရရှိတဲ့ လက်နက်အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြခဲ့ပါတယ်။
“ကျနော်တို့ မြေပြင်မှာ တွေ့ရတဲ့ Rocket အစိတ်အပိုင်းတွေကို ကြည့်ခြင်းအားဖြင့် S5 Rocket ဖြစ်တယ်။ အဲ့ဒီရော့ကတ်ရဲ့ ပေါက်ကွဲယမ်းကတော့ 1 kg ဝန်းကျင် ပါရှိပါတယ်။ MI 35 အမြောက်တွေကိုလည်း သုံးသွားတာ တွေ့ရတယ်။ အဲ့ဒါတွေကို စက်သေနတ်တွေ အပြင် စက်အမြောက်တွေနဲ့ပါ သုံးသွားတာ တွေ့ရတယ်။ 30 mm ရှိတယ်ဆိုရင် စက်အမြောက် စာရင်းထဲမှာ ပါတာ တွေ့ရတယ်။ စက်အမြောက်တွေက ဘာကို အဓိက အသားပေးပြီး ထုတ်လုပ်ထားသလဲဆိုရင် အရာဝတ္တုတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ စက်အမြောက်တွေ ဖြစ်တယ်ပေါ့နော်။ အဲ့ဒီတော့ လူတွေကို ထိမှန်လို့ ရှိရင် ခြေ၊ လက်တွေက လုံး၀ ပျက်ထွက်သွားတာတွေကို ဖြစ်နိုင်တယ်။ ကျနော်တို့ မြေပြင်က အလောင်းတွေကို ကြည့်တဲ့အခါမှာ ဒီအချက်အလက်တွေကို သွားတွေ့ရတာ ဖြစ်တယ်” လို့ ဆိုပါတယ်။
ပဇီကြီးကျေးရွာ ဖြစ်စဉ်ဟာ စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်တွေထဲက ထိခိုက်သေဆုံးမှု အများဆုံး ဖြစ်စဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ အခုဆိုလည်း ပဇီကြီးကျေးရွာ အပါအဝင် အနီးနား ကျေးရွာတွေက ဒေသခံတွေရဲ့ သောကအပူဟာ အဘက်ဘက်က စိန်ခေါ်မှု ပေါင်းစုံနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရွာစဉ်လှည့် စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေး အန္တရာယ်ကို ကြောက်လို့ တောထဲမှာ သွားရောက်နေထိုင်ကြတဲ့အခါမှာ ဒေသခံပြည်သူတွေဟာ တစ်ဘက်မှာလည်း မြွေဆိုးအန္တရာယ်ကို ရင်ဆိုင်နေကြရပါတယ်။
ကန့်ဘလူခရိုင်အတွင်းမှာ ၂၀၂၁ ခုနှစ်ကုန်ပိုင်းကစပြီး ၂၀၂၃ ခုနှစ် ဧပြီလအထိဆိုရင် မြွေဆိုး အကိုက်ခံရလို့ သေဆုံးသူ အရေအတွက် ၆၁ ဦးအထိ ရှိလာပြီလို့ ဆေးကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အချက်အလတ်တွေအရ သိရပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်တွေဟာ အချိန်ကြာ စစ်ရှောင်နေခဲ့ရတဲ့အတွက် အခုဆို စားရေးမှာ စိန်ခေါ်မှုတွေ ကြုံတွေ့နေရပြီလို့ မြေပြင်ကို တိုက်ရိုက်ထိတွေ့မှု ရှိနေသူတချို့ထံက သိရပါတယ်။
“ပဇီကြီးရွာက ဒေသခံတယောက် ဖုန်းဆက်လာတာ။ သူတို့မှာ စားဖို့တောင် ခက်နေပြီတဲ့ ဆန်မရှိတော့လို့ ကူညီပေးပါဦးလို့ ပြောတယ်။ ကျမလဲ မေးလိုက်တယ်။ ပဇီကြီးကျေးရွာအတွက် လှူဒါန်းပေးနေတဲ့အဖွဲ့တွေ ရှိတယ်။ မရဘူးလားဆိုတော့ နည်းနည်းပဲ ရတယ်လို့ ပြောတယ်။ သူတို့ကို ငွေမလှူပါနဲ့တဲ့ သူတို့ဆီလဲ မရောက်ဘူးတဲ့ စားဖို့ပဲ ပေးပါတဲ့လေ။ ဒါဆို ပြည်သူတွေအတွက် လှူတဲ့ ငွေတွေက ဘယ်ရောက်ကုန်တာလဲ။ တကယ်လက်တွေ့ လှူပေးဖို့ လိုတယ်”လို့ ပဇီကြီးကျေးရွာ ဒေသခံတစ်ဦးရဲ့ ဆွေမျိုးတစ်ဦးက ဆိုပါတယ်။
ပဇီကြီးကျေးရွာ ဖြစ်စဉ်အပြီးမှာ ပဇီကြီးကျေးရွာအတွက်လို့ ဆိုကာ အလှူငွေ ကူညီထောက်ပံ့မှုတွေ ရှိနေပေမယ့် မြေပြင်မှာတော့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ တကယ့်လက်တွေ့အခြေအနေက အခက်အခဲရင်ဆိုင်နေရဆဲပါ။
“လူ ၇၇၀ စာအတွက် ဆန်အပိုင်းက ၁၇ အိတ်ပဲ ကျန်တော့တယ်ဆိုလို့ ကျနော် ကိုယ်တိုင်ဝယ်ပြီး ဒီနေ့ ကျေးရွာအဖွဲ့ကို ပို့ပေးလိုက်တယ်။ သူတို့မှာ ဆီလည်း တစ်ပုံးပဲ ကျန်တော့တယ်လို့ ပြောတယ်။ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့အတွက် ငွေအစား ပစ္စည်းတွေပဲ တိုက်ရိုက်လှူပေးစေချင်တယ်”လို့ ပဇီကြီးကျေးရွာကို မြေပြင်တိုက်ရိုက်ကူညီပေးနေသူ တစ်ဦးကလည်း ဆိုပါတယ်။
အသက်ရှင်ကျန်ရစ်သူ တယောက်ယောက်များ လာကယ်ဦးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အကူအညီတောင်းခံနေခဲ့တဲ့ ဗီဒီယို ဖိုင်ထဲက အမျိုးသားကတော့ မြန်မာပြည်သူတွေရဲ့ ရုန်းကန်နေရတဲ့ ဒုက္ခတွေကနေ လွတ်မြောက်ရာကို ထွက်သွားနှင့်ခဲ့ပြီလို့ ဆိုနိုင်ပေမယ့် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကန့်ဘလူခရိုင်အတွင်းက ပဇီကြီးကျေးရွာ အပါအဝင် ဒေသခံတွေကတော့ ဒုက္ခပေါင်းစုံနဲ့ ရုန်းကန်ရနေတဲ့ အခြေအနေမှာ ရှိနေဆဲပဲဖြစ်ပါတယ်။