မြန်မာပြည်၏ ရွေးကောက်ခံပြည်သူ့အစိုးရကို စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ နောက်ပိုင်း မြန်မာပြည်၏ သတင်းလွတ်လပ်ခွင့်မှာ ဆိုးဆိုးရွားရွားကျဆင်းခဲ့ပြီး သတင်းသမားများအပေါ် စစ်ကောင်စီက ဘက်ပေါင်းစုံမှ ဖိနှိပ်ထားခဲ့သည်။ သတင်းထောက်များကို ဖမ်းဆီးထောင်ချသည့်နေရာတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ တတိယ အဆိုးဆုံး ဖြစ်ခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ဖိနှိပ်မှုကို ပထမဆုံးခံရသည့် သတင်းသမားမှာ ရခိုင်မှအမျိုးသမီးသတင်းထောက်ဖြစ်သည်ဟု ဆိုရမည်။
အဆိုပါ အမျိုးသမီး သတင်းထောက်ကို အာဏာသိမ်းစစ်ကောင်စီက တပ်မတော်ကို အသရေညှိုးနွမ်းစေသည်ဟု အကြောင်းပြပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ က ဖြင့် အာဏာသိမ်းပြီး တလအကြာတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
” အာဏာသိမ်းပြီးတဲ့နောက် ညီမတို့ကို တပ်မတော်ကိုအသရေညှိုးနွမ်းစေတယ်ဆိုပြီး ၅၀၅ က နဲ့ အမှုဖွင့်တယ်ပေါ့။ အဲဒီအမှုက အာမခံရတဲ့အမှု မဟုတ်ဘူးဆိုတော့ အဲ့ဒီအချိန်ကစ ညီမတို့က တခါတည်း ပြေးလာရတာ ၂နှစ်ကျော်ပါပြီ။ ခုချိန်ထိနယ်ဘက်မှာနေရတာပေါ့။ ” ဟု အမည်မဖော်လိုသည့် အမျိုးသမီးသတင်းထောက်က သူမကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများစတင်ဖြစ်ပွားလာခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်း မြေပြင်အခြေအနေသတင်းမှန်များကို ရေးသားဖော်ပြနေကြသည့် ရခိုင်သတင်းဌာနများနှင့် ရခိုင်သတင်းသမားများကို အဓိကစောင့်ကြည့်ခံလာခဲ့ကြရသည်ဟု ရခိုင်သတင်းသမားများက ဆိုကြသည်။
ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် Development Media Group(DMG)၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို၂၀၁၉ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် သတင်းတပ်ဖွဲ့ (SB)မှ တရားလိုပြုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၂) ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ထားခဲ့သည်။
ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် မြန်မာစစ်တပ်၏ ထောက်လှမ်းရေးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့ပါဝင်သော လူ ၁၀ ဦးခန့်က စစ်တွေမြို့၊ ရွှေဘမ်းလမ်းရှိ နိရိဉ္စရာသတင်းဌာနရုံးသို့ ဝင်ရောက်ရှာဖွေကာ သတင်းထောက်သုံးဦးကို စစ်တွေမြို့အမှတ် (၁) မြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။
ထိုအခြေအနေများကြောင့် ရခိုင်သတင်းဌာနများနှင့် ရခိုင်အခြေစိုက်သတင်းသမားများလည်း ယာယီတိမ်းရှောင်ကာ သတင်းအလုပ်များကို သတိထားလုပ်ကိုင်ခဲ့ကြရသည်။
ထိုအထဲတွင် အမျိုးသမီးသတင်းသမားများမှာ ပိုမိုသတိထား သွားလာလှုပ်ရှားခဲ့ရသည့်အပြင် သတိထားစောင့်ကြည့်မှုများ၊ ခြိမ်းခြောက်ခံရမှုများလည်းရှိခဲ့သည်ဟု ရခိုင်အမျိုးသမီးသတင်းသမားများက ဆိုသည်။
” ဒီလိုအချိန်မှာ တခြားအလုပ်ပြောင်းလုပ်ဖို့လဲ ညီမအတွက် အဆင်မပြေတော့ဘူး။ ဆိုတော့ ဒီအလုပ်ကိုဆက်လုပ်ဖြစ်တယ်။ ညီမကိုယ်တိုင်ကလဲ ဒီလောက်အခက်အခဲတွေ ဒုက္ခတွေကြားထဲမှာ လုပ်ခဲ့ပြီးမှ ငါ ဘာလို့ မလုပ်နိုင်ရမှာလဲပေါ့ ။ အဲဒီလိုစိတ်နဲ့ ဒီလောကထဲမှာ ဆက်ပြီးတော့ ရှိနေတာပေါ့။ အခက်အခဲတွေကတော့အများကြီးပါ။ ” ဟု အာဏာသိမ်းစစ်ကောင်စီ၏ အမှုဖွင့်ခံထားရသည့် အမျိုးသမီးသတင်းထောက်က ဆိုသည်။
‘’ အဲ့ဒီအခြေအနေတုန်းက ရခိုင်မှာ နယ်မြေဒေသကလဲ မငြိမ်ဘူးဆိုတော့ ညီမတို့လို ဝရမ်းထုတ်ခံထားရတဲ့ လူတယောက်ကို အိမ်တအိမ်က ဗြုန်းကနဲတည်းခိုဖို့ လက်ခံဖို့ဆိုတာမဖြစ်နိုင်ဘူး။ နယ်ဘက်ကလူတွေက ပိုပြီးကြောက်ကြတာရှိတယ် စိုးရိမ်ကြတာရှိတယ် ။ဆိုတော့ နေရမယ့် နေရာကစ အရမ်းအခက်ခဲ ဖြစ်ခဲ့ရတယ် ‘’ ဟု သူမကပြောသည်။
ထိုကဲ့သို့ မတရားအမှုဖွင့်ခံရမှုများကို ရင်ဆိုင်ဖြေရှင်းမည်ဆိုပါကလည်း မတရားဖမ်းဆီးခံရမည်မှာ သေချာသဖြင့် စစ်ကောင်စီထိန်းချုပ်မှုမှ ဝေးရာတွင် တိမ်းရှောင်နေခဲ့ရသည်ဟု ဆိုသည်။
ထိုသို့ တိမ်းရှောင်နေရသည့်နေရာမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ လျှပ်စစ်မီးမရခြင်း၊ စားနပ်ရိက္ခာရှားပါးခြင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရခြင်း စသည့်အခက်အခဲများအပြင် အမျိုးသမီးလစဥ်သုံးပစ္စည်းများ ဝယ်မရခြင်း၊ ကျန်းမာရေးအဆင်မပြေပါက ဆေးဝါးကုသရန်နေရာမရှိခြင်းတို့ကို ကြုံတွေ့ခံစားခဲ့ရသည်ဟုဆိုကြသည်။
ထို့အပြင် ရခိုင်အခြေစိုက် အမျိုးသမီးသတင်းသမားအချို့ကို စစ်တပ်ကသာမကပဲ ဒေသခံပြည်သူထဲက အချို့မှလည်း ကျား၊မခွဲခြားဆက်ဆံမှုအရ လိင်ပိုင်းဆိုင်ရာစော်ကားနှောက်ယှက်မှုများ၊ အသေရေဖျက်မှုများ၊ ဖုန်း၊ လူမှုကွန်ရက်အကောင့်များမှ နှောက်ယှက်မှုများကိုလည်း ကြုံတွေ့ခံစားခဲ့ကြရသည်ဟု ဆိုသည်။
ထိုကဲ့သို့ ကြုံတွေ့ခံစားရသည်မှာ ရခိုင်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Border News Agency (BNA)မှ အမျိုးသမီး သတင်းထောက် ၂ ဦးကို ပုဂ္ဂိုလ်ရေးရင်းနှီးသည့် လူမျိုးတူဘာသာရေးဆရာတစ်ဦးက ပြုလုပ်ခြင်းဖြစ်သည်ဟု ကာယကံရှင်များက ပြောသည်။
” စိတ်ညစ်ပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့အထိ အကြိမ်ကြိမ်စိတ်ကူးမိပါတယ်။ အလုပ်ကထွက်ပြီး ဝေးရာကို သွားဖို့လည်းဆုံးဖြတ်မိတယ်။ ဒီအသိုင်းအဝိုင်းကထွက်သွားမယ်ဆိုပြီးတော့၊ ဒါပေမယ့် ကိုယ့်ဖက်ကအမှားမလုပ်ခဲ့မိလို့ယုံကြည်စွာ ဆက်လျှောက်နေပါတယ်။ ” ဟု လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်ခံခဲ့ရသည့် အမျိုးသမီး သတင်းထောက်တစ်ဦးက ပြောသည်။
ထိုအမျိုးသမီးသတင်းထောက်နှစ်ဦး၏ လူမှုကွန်ရက်စာမျက်နှာမှ ဓာတ်ပုံများ၊ ဖုန်းနံပါတ်များကိုယူကာ သူမတို့၏ပုံ၊ ဖုန်းနံပါတ်များဖြင့် လူမှုကွန်ရက်များတွင် လိင်လုပ်သားများအဖြစ် ပုံဖော်ကာတင်ခဲ့သည့်အပြင် ဖြတ်၊ညှပ်၊ကပ် ပြုလုပ်ထားသည့် ဗီဒီယိုဖိုင်များကိုလည်း လူမှုကွန်ရက်များဖြစ်သည့် Facebook ၊Telegram GPများ၊VK Account များ၊ tik tok ၊ youtube နှင့် Miniwebsite များတွင် တင်ကာ လွှင့်ခဲ့ကြသည်အထိ ပြုလုပ်ခဲ့ကြသည်။
ထိုကဲ့သို့ပြုလုပ်ရခြင်းမှာ သူမတို့အလုပ်လုပ်နေသည့်သတင်းဌာနမှ ” ရိုဟင်ဂျာ” ဆိုသည့်စကားလုံးကို သုံးစွဲနေပြီး နိုင်ငံတကာမှ ဒေါ်လာငွေများရယူကာ လူမျိုး၊ ဘာသာပျောက်ကွယ်ရန် ပြုလုပ်ရေးသားဖော်ပြနေခြင်းကြောင့်ဖြစ်သည်ဟု ထိုကဲ့သို့ပြုလုပ်ခဲ့သူက ကိုယ်တိုင်ဝန်ခံပြောဆိုထားသည်။
ထိုကဲ့သို့ နှောက်ယှက်စော်ကားခံခဲ့ရသဖြင့် သူမတို့၏ လူမှုကွန်ရက်စာမျက်နာများသို့ ညစ်ညမ်းသည့်ရုပ်သံ၊ ဓာတ်ပုံ၊ စာများပို့ခြင်း၊ ဖုန်းဆက်ခေါ်ခြင်း၊ စျေးမေးမြန်းခြင်း၊ နေရပ်လိပ်စာမေးမြန်းခြင်းများအပြင် လူမှုအသိုင်းအဝိုင်းတွင်လည်း မကောင်းသည့် လိင်လုပ်သား လုပ်ကိုင်နေကြသူများအဖြစ် ပုံဖော်ပြောဆိုမှုများအထိ ခံခဲ့ကြရသည်ဟု ဆိုကြသည်။
” ညီမတို့ပုံတွေနဲ့ ဖြတ်၊ညှပ်၊ ကပ်လုပ်ထားတဲ့ရုပ်သံတွေကြောင့် တအားအရှက်ရခဲ့ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊မိသားစုတွေရဲ့ ပြစ်တင်ပြောဆိုမှုတွေအထိ ခါးသီးစွာခံစားနေကြဆဲပါ။ ” ဟု နောက်ထပ် အမျိုးသမီးသတင်းသမားတစ်ဦးက ပြောသည်။
ထိုအခြေအနေများသည် လူမျိုးရေး၊ ဘာသာရေးအကဲဆတ်သည့်အပြင် စကားအသုံးအနှုန်းဝေါဟာရများနှင့် ပဋိပက္ခပေါင်းစုံသည့် ရခိုင်အတွက် သတင်းဌာနများနှင့် သတင်းသမားများအနက်မှ အမျိုးသမီးသတင်းသမားများမှာ ပိုမိုပစ်မှတ်ထား ခြိမ်းခြောက်ခံနေကြရကြောင်း ရခိုင်အခြေစိုက်သတင်းဌာနများက ဆိုကြသည်။
ထို့အပြင် အခက်အခဲ၊ စိန်ခေါ်မှုများသာမက သတင်းသွားရောက်ရယူကြရာတွင်လည်း စော်ကားပြောဆိုမှုများ၊ခြိမ်းခြောက်ပြောဆိုမှုများအပြင် ဘေးကင်းလုံခြုံမှုလည်း အလွန်အားနည်းနေသည်ဟုလည်း ဆိုကြသည်။
” ALP က စစ်ဦးစီးချုပ်နဲ့ တပ်မှူးတွေ နာရေးသတင်းကိုသွားယူတုန်းက ဘုန်းကြီးတစ်ပါးက ကျွန်တော်တို့ဆီက အမျိုးသမီးသတင်းထောက်ကို ဘယ်ကလဲ၊ ဘာလာလုပ်တာလဲဆိုပြီး ဖမ်းဆီးသတ်တော့မယ့်ပုံစံနဲ့ ဆက်ဆံပြောဆိုဖူးပါတယ်။ ” ဟု Border News Agency(BNA)မှ အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်ကပြောသည်။
ထို့အပြင် နိုင်ငံတကာအကူအညီများဖြင့် ပြုလုပ်နေကြသော ရခိုင်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခု၏ လူမှုသဟဇာတပွဲတစ်ခုသို့ သတင်းသွားယူရာတွင် ဝင်ခွင့်မပေးသည့်အပြင် အမျိုးသမီးသတင်းထောက်ကို ရိုင်းပျစော်ကားသည့် စကားများ၊ အပြုအမူများဖြင့် ပြောဆိုဆက်ဆံခဲ့သည်ဟုလည်း ဆိုသည်။
ရခိုင်အခြေစိုက်သတင်းဌာနများဖြစ်သည့် နိရိဉ္စရာသတင်းဌာန၊ Development Media Group(DMG)၊ Western News နှင့် Border News Agency(BNA)တို့ရှိသော်လည်း ထိုသတင်းဌာနအားလုံးတွင် အမျိုးသမီးသတင်းထောက်များ နည်းပါးနေသည့်အပြင် အယ်ဒီတာအဆင့်မှာ အမျိုးသမီးမဖြစ်ဟုလည်း ဆိုရမည်ဟု အမျိုးသမီးသတင်းသမားများက ဆိုကြသည်။
ထို့ကြောင့် သူမတို့ ရင်ဆိုင်ခံစား ကြုံတွေ့နေကြရသည့် အမျိုးသမီးများကျန်းမာရေး၊ ကိုယ်စိတ်နှစ်ပါးမလုံခြုံမှုများနှင့် စိတ်ပိုင်းဆိုင်ရာကုစားမှု စသည့် လိုအပ်ချက်များအတွက် တိုင်ပင်ဆွေးနွေးအကြံဥာဏ်များနှင့် အကူအညီတောင်း ရင်ဖွင့်စရာများလည်းမရှိဟု ဆိုသည်။
“ လူတိုင်းမှာ ကိုယ့်စိတ်ခံစားချက်တွေရှိတယ်၊ ကိုယ်အားငယ်ချိန် ဘေးမှာ မိသားစုတွေ အပေါင်းအသင်းတွေ ရှိတာမျိုးလိုချင်တာပေါ့ ညီမက မိန်းကလေးလဲဖြစ်ပြီး အသက်ကလဲ အရမ်းမကြီးသေးတော့ မိသားစုတွေနဲ့အဝေးမှာ အပေါင်းအသင်းတွေနဲ့ အဝေးမှာနေရတာ ကြာလာချိန် ညီမတို့စိတ်မှာ စိတ်ဒဏ်ရာတွေဖြစ်တယ်။ အပေါင်းသင်းတွေ၊ မိသားစုတွေကို လိုအပ်လာတယ်။ စိတ်ဖိစီးမှုတွေ အရမ်းများလာတယ် “ ဟု စစ်ကောင်စီ၏ တရားစွဲဆို အမှုဖွင့်ခံထားရသည့် အမျိုးသမီးသတင်းထောက်က ဆိုသည်။
ထို့အပြင် ရခိုင်သတင်းဌာနများကို စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုထားသဖြင့် စိုးရိမ်ကြောက်လန့်စိတ်များဖြင့်နေထိုင်နေကြရသည့်အပြင် စစ်ကောင်စီ၏ စစ်သား၊ ရဲ၊ လဝကနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မကြာခဏ လာရောက်စစ်ဆေးခြင်းကို သုံးကြိမ်ထက်မနည်း ခံခဲ့ကြရဖူးသဖြင့် အခြားပြည်နယ်တစ်ခုအထိ ပြောင်းရွှေ့တိမ်းရှောင်နေခဲ့ကြရသည်ဟုလည်း ဆိုကြသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်တပ်တပ်ရင်းတစ်ခု၏ တောင်ကုန်းတွင် အလံဖြူထောင်ထားသည်ဆိုသောသတင်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရေးသားဖော်ပြခဲ့သဖြင့် Western News သတင်းဌာနမှအယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးကိုလည်း ဗိုလ်မှူးဘုန်းမြင့်ကျော်က နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ၁၂၄ က ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။
ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် နိရိဉ္စရာသတင်းဌာန( Narinjara )ကို လည်း ၂၀၂၂ ခုနှစ်၊ မေလနှင့် အောက်တိုဘာလအတွင်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) တို့ဖြင့် သတင်းရေးသားသူနှင့် တာဝန်ခံအယ်ဒီတာတို့အား စစ်ကောင်စီက အမှုဖွင့်ထားသည်။
ထို့အပြင် ယခုမတ်လ ၁၁ ရက်နေ့တွင်လည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် ထပ်မံအမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးသတင်းသမားများအပါအဝင် သတင်းသမားအများအပြား ဖမ်းဆီးသတ်ဖြတ် မတရားထောင်ဒဏ်များ ချမှတ်ခံနေကြရသည်။
“ NLD အစိုးရလက်ထက်ကလဲ သတင်းသမားတွေကို ဖမ်းတာ၊ အရေးယူတာရှိတယ်။ အဲဒီတုန်းက စစ်ကြောရေးမှာ လက်လွန်သွားတာတို့၊ သေဆုံးသွားတာတို့မရှိဘူးပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘယ်လိုတွေ ကွာခြားသွားလဲဆိုတော့ စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးတယ်၊ အရေးယူတယ်၊ စစ်ကြောရေးမှာ လက်လွန်ပြီးတော့ သေဆုံး သွားရတာတွေရှိတယ်။ သေတာပဲဖြစ်ဖြစ် သတ်ပစ်တာပဲဖြစ်ဖြစ် သတင်းသမားတွေ အသက်ဆုံးရှုံးခဲ့ရတာရှိတယ်။ သူတို့ကတော့ သူတို့လုပ်ရင် သူတို့ဥပဒေပဲပေါ့။ သူတို့ပါးစပ်က ထွက်တာ သူတို့ဥပဒေပဲ အဲ့လိုပဲဖြစ်နေတယ် “ ဟု အမျိုးသမီးသတင်းထောက် တစ်ဦးက ဆိုသည်။
“ အခုဆိုရင် စစ်ကောင်စီက သတင်းဌာနတစ်ခုရဲ့ အယ်ဒီတာချုပ်နဲ့ သတင်းထောက်နောက်တဦးကို စွဲပါတယ်ဆိုပြီး ပုဒ်မတပ်တယ်ပေါ့နော်။ သတင်းထောက်က ဘယ်သူဘယ်ဝါမပါတဲ့အတွက် သတင်းထောက်တွေ အကုန်လုံးကသူလဲ ဖြစ်နိုင်တယ် ငါလဲ ဖြစ်နိုင်တယ်ဆိုပြီး စိုးရိမ်စိိတ်တွေနဲ့ အကုန်လုံးရှောင်တိမ်းကြရတယ်။ အဓိက စစ်ကောင်စီရဲ့ ရည်ရွယ်ချက်က အဲ့လိုပဲထင်တယ်၊ နာမည်တပ်ရင် အဲ့တယောက်ပဲ ထွက်ပြေးမယ် နာမည်မပါဘူးဆို သူနိုးနိုး ငါနိုးနိုးနဲ့ အကုန်လုံးက စိုးရိမ်စိတ်နဲ့ ရှောင်တိမ်းသွားကြရတဲ့အတွက် လုပ်ငန်းတွေ နှေးသွားတယ် အဆင်မပြေတော့ဘူး အဲ့လိုပုံစံနဲ့ စွဲလာတာများတယ် “ ဟု သူမက ပြောသည်။
CPJ ( Committee to Protect Journalists) ကကောက်ယူထားသည့် စာရင်း မှတ်တမ်းများ အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့အထိ မြန်မာ နိုင်ငံတွင် သတင်းသမား ၄၂ ဦး အထိ စစ်ကောင်စီ၏ ဖမ်းဆီး အကျဉ်းချ ထားမှုကို ခံနေကြရပြီး သတင်းသမားအများစုကို မတရားစွပ်စွဲချက်များဖြင့်ထောင်ဒဏ်၂ နှစ်မှ ၃ နှစ်ထိ ချမှတ်ခံထားရသည်။
မြန်မာပြည်၏ ရွေးကောက်ခံပြည်သူ့အစိုးရကို စစ်တပ်မှ အာဏာမသိမ်းခင်ကတည်းက ရခိုင်သတင်းသမားများမှာ မတရားအမှုဖွင့်တရားစွဲဆိုခံနေရသည့်အပြင် စစ်အာဏာသိမ်းပြီးနောက်မှ ယနေ့အထိ မတရားအမှုဖွင့် ခြိမ်းခြောက်မှုများကို ကြုံတွေ့ခံစားနေကြရသည်ဟု ရခိုင်သတင်းသမားများက ဆိုကြသည်။
ထိုအထဲတွင် အမျိုးသမီးသတင်းသမားများမှာ အာဏာသိမ်းစစ်ကောင်စီသာမက ဒေသတွင်းရှိအဖွဲ့အစည်းများ၊ လူမှုအသိုင်းအဝိုင်းများ၊ လူမျိုးရေး၊ဘာသာရေးအပြင် ကျား၊မရေးရာ ခွဲခြားဆက်ဆံခံရမှုများသာမက အခြေခံလူ့အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာသွားလာနေထိုင်ခွင့်များကိုပါ သတိထားဆင်ခြင်နေကြရသည်ဟု ဆိုကြသည်။
” ခု စစ်ကောင်စီက စုံစမ်းဖော်ထုတ်အရေးယူမှုတွေလုပ်မယ်လို့ တရားဝင်ထုတ်ပြောလာတော့ ပိုပြီးသတိထားနေရပါတယ်။ မိသားစုဝင်တွေကလွဲဲပြီးစိတ်ချရတဲ့သတင်းရင်းမြစ်တွေမဟုတ်တော့ရင် ဘယ်သူ့ကိုမှ သတင်းသမားလို့မပြောတော့ဘူး။ ဘယ်သူမှမသိအောင် သတိထားနေရတယ်။ ” ဟု Border News Agency(BNA)မှ အမျိုးသမီးသတင်းသမား တစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ရခိုင်ပြည်နယ်စစ်ကောင်စီက မတ်လ ၁၂ ရက်နေ့တွင် ” ယခုရက်ပိုင်းတွင် Narinjara သတင်းဌာန၊ BNA သတင်းဌာနတို့မှ ဂိတ်များထပ်မံတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲစစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိကြောင်း မဟုတ်မမှန်ချဲ့ကား၍ ရေးသားနေမှုကြောင့် ဒေသခံပြည်သူများမှာ ခရီးသွားရန် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိပါသည်။ ” ဟု ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် အမှုဖွင့်အရေးယူခြင်းနှင့် အရေးယူအပြစ်ပေးနိုင်ရေးအတွက် ဆက်လက်စုံစမ်းဆောင်ရွက်နေသည်ဟုလည်း ဖော်ပြထားသဖြင့် ထိုသတင်းဌာနများအပြင် ရခိုင်ရှိသတင်းသမားအားလုံး သတိထားသွားလာလုပ်ကိုင်နေကြရသည်ဟု ဆိုကြသည်။
ရခိုင်ဒေသရှိ သတင်းသမားအနေဖြင့် ထိုသို့ မတရား ဖမ်းဆီးခံရခြင်းအပါအဝင် အခြားလုံခြုံရေးအခက်အခဲများကို ရင်ဆိုင်နေရသဖြင့် သတင်းမီဒီယာ လုပ်ငန်းများတွင် ဝင်ရောက်ပတ်သက်လုပ်ကိုင်ရန် ရှောင်ရှားလာကြကြောင်း အမည်မဖော်လိုသည့် ရခိုင်အမျိုးသမီးသတင်းထောက်က ဆိုသည်။
“ ဒီရခိုင်မှာက မီဒီယာအင်အား၊ သတင်းသမား အင်အားက နည်းတယ်။ မိဘတွေကလဲ သားသမီးတွေအတွက်အန္တရာယ်များလို့ဆိုပြီး မလုပ်စေချင်ကြဘူး ၊ ဒီရခိုင်မှာ သတင်းသမားတွေ အသစ်ထပ်ဝင်ဖို့ဆိုတာကလည်းလုံခြုံရေးအခြေအနေအရလည်း စိုးရိမ်ရတဲ့ အတွက်ကြောင့် အရမ်းကို ခက်ခဲတယ်။ အဲ့လိုဆိုတော့ သူလည်း မလုပ်ချင်ဘူး ကိုယ်လည်း မလုပ်ချင်ဘူးဆိုရင် ဒီမီဒီယာလောကက ဘယ်လိုရပ်တည်မလဲ ” ဟု သူမကမေးခွန်းထုတ်လိုက်သည်။
သတင်းရေးသားတင်ပြထုတ်ဖော်မှုတွေ ပိုပြီးအားနည်းလာပါက စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အမှန်တရားကို ဖော်ထုတ်နိုင်မှုတွေလည်း အားနည်းလာမည်ဖြစ်ကြောင်း သူမကထောက်ပြသည်။
“သူတို့လည်း မလုပ်ဘူး ၊ ငါတို့လည်း မလုပ်ဘူးဆိုရင် ဒီအရာကြီးက သတင်းအမှောင်ကျသွားမှာပေါ့။ အဲ့လိုမျိုးစိတ်နဲ့ပဲ ညီမ ဘာပဲဖြစ်ဖြစ် နောက်လူတွေ မလုပ်နိုင်ရင်တောင် ကိုယ်တွေကရအောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ ဒီအလုပ်နဲ့ပဲ ဆက်လက်ရပ်တည်ဖို့ ဆုံးဖြတ်ထားပါတယ် “ ဟု အဆိုပါ ရခိုင်အမျိုးသမီးသတင်းထောက်က ခိုင်မာစွာ ပြောသည်။