ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာ့အရေးအတွက် ဆောင်ရွက်လှုပ်ရှားမှုတိုင်းကို အားရစရာမကောင်းသည့် အခြေအနေအဖြစ် ပြည်တွင်းနှင့် ပြည်ပတွင်ပါ မေးခွန်းထုတ်လျက်ရှိသည်။ မြန်မာစစ်တပ်၏ အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်သွားပြီးချိန် ရောက်သည်အထိ မြန်မာနိုင်ငံအတွက် ထိရောက်သည့် လုပ်ဆောင်မှုများကို ကမ္ဘာ့ကုလသမဂ္ဂက မလုပ်နိုင်ခဲ့သေးပေ။
မြန်မာနိုင်ငံအတွင်းတွင် အာဏာသိမ်းမှုဖြစ်စဉ်နှင့်အတူ အကျပ်အတည်းများ တဖြည်းဖြည်း တိုးပွားနေသည်ကို မြင်ရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာစစ်တပ်တို့ ပါဝါပြိုင်ပွဲများ ဆက်လက်ရှိနေသလို နိုင်ငံအတွင်း စီးပွားရေးအကျပ်အတည်းနှင့် မလုံခြုံမှုများက လျော့မသွားခဲ့ပါ။
မြန်မာပြည်အတွင်း ပဋိပက္ခများအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်းအချို့သည်လည်း ကျန်ရစ်ခဲ့သည့် နှစ်များမှ လက်ရှိ အာဏာသိမ်းကာလ ၂ နှစ်ကျော်အထိ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို အရှိန်မပြတ် ဆက်လက် လုပ်ဆောင်နေကြသည်။ သို့သော် ၎င်းတို့၏ အလုပ်လုပ်ပုံများနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ လက်ရှိအချိန်အထိ ရှိနေသေးသည်။
အာဏာမသိမ်းခင် နှစ်များကဲ့သို့ပင် ICJ နှင့် ICC ဆိုသည့် အမည်နာမများက မြန်မာ့အရေးတွင် ဆက်လက်ပြီး ပေါ်လွင်နေပါသည်။ မြန်မာ့စစ်တပ်၏ ရက်စက်မှုများအတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice, ICJ) တွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံ၏ ထောက်ခံမှုဖြင့် တရားစွဲဆိုမှု တင်သွင်းခဲ့သည်။
ထို့အပြင် (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ၏ တရားခွင်အကြိုတရားရုံးအမှတ် (၃) က ICC ၏ တရားစီရင်ခွင့်လက်အောက်တွင် ဖြစ်ပွားခဲ့သည်ဆိုသော ရာဇဝတ်မှုများအတွက် ICC ၏ တရားလိုရှေ့နေအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့မဟုတ်၊ မြန်မာနိုင်ငံဆိုင်ရာ အခြေအနေအား ဆက်လက် စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့်ပေးခဲ့ပြန်သည်။
ယင်း အခြေအနေများမှတဆင့် မြန်မာစစ်တပ်၏ လုပ်ရပ်များကို တာဝန်ခံရစေရန် လှုပ်ရှားဆောင်ရွက်မှုများ ဆက်လက်ရှိနေသော်လည်း ကြီးမားသည့် သက်ရောက်မှုများ မရှိခဲ့ပေ။ ထိုအခြေအနေတွင် IIMM ဆိုသည့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားထွက်ပေါ်ခဲ့ပြန်သည်။
ထို ယန္တရားကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက (၂၀၁၈) ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး၊ မြန်မာနိုင်ငံတွင် (၂၀၁၁) ခုနှစ်မှစ၍ ကျူးလွန်ခဲ့သော အကြီးလေးဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများနှင့် သက်ဆိုင်သည့် အထောက်အထားများအား စုဆောင်းခြင်း၊ ပေါင်းစည်းခြင်း၊ ထိန်းသိမ်းခြင်း၊ စိစစ်သုံးသပ်ခြင်း ပြုလုပ်ရန် လုပ်ပိုင်ခွင့်ပေးအပ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သည် ကမ္ဘာ့ကုလသမဂ္ဂ၏ အဓိက တရားစီရင်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း အမှုစစ်ဆေးသည့် နေရာ မဟုတ်သလို အမှုကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘဲ ၎င်း၏ အဖွဲ့ဝင် နိုင်ငံများ၏ “တစ်နိုင်ငံနှင့် တစ်နိုင်ငံ” အကြားဖြစ်သော အငြင်းပွားမှု အမှုအခင်းများကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာအချက်အလက်များကို အရင်းခံပြီး ရာဇဝတ်မှုများကို စိစစ်နေသော်လည်း ၎င်းအနေဖြင့်လည်း ကန့်သတ်မှုများစွာ ရှိနေသည်။ ရာဇဝတ်မှုများအတွက် သက်ဆိုင်ရာ ပုဂ္ဂိလ်တစ်ဦးချင်းက သက်သေခံရမည် ဆိုသော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အပေါ်မူတည်နေသည်။
ICC အမှုတွင် ၎င်း၏ ရောမစာချုပ်အရ အဖွဲ့ဝင်မဟုတ်သော မြန်မာနိုင်ငံအတွက် အဖွဲ့ဝင်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် လုပ်ဆောင်နေရသည်။ ဆုံးဖြတ်ချက်များသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် အလှည့်ကျ (၁၀) နိုင်ငံနှင့် အမြဲတမ်း (၅) နိုင်ငံ၏ မဲရလဒ်များအပေါ် မူတည်နေပြီး ယင်းအခြေအနေတွင် အင်အားကြီး နိုင်ငံများဖြစ်သည့် ရုရှားနှင့် တရုတ်တို့က မြန်မာ့အရေးအတွက် အတားအဆီးကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ ထိုအခြေအနေတွင် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအတွက် စိုးရိမ်ရပါသည်ဆိုသည့် ထုတ်ပြန်ချက်ထက် မည်သည့်အရာမျှ ပိုမရခဲ့ပေ။
IIMM ဆိုသည့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားသည် ၎င်းတို့ စတင်တည်ထောင်ထားသည့် နေ့ရက်မှ လက်ရှိအထိ မြန်မာ့အရေးနှင့် ပတ်သက်၍ အချက်အလက်များစွာကို ရှာဖွေရရှိထားသည်။ စစ်ကောင်စီသည် နောက်ပြန်မလှည့်စတမ်း ၎င်းတို့၏ ကျူးလွန်မှုတွေကို ဆက်တိုက်ပြုလုပ်နေသလို တစ်ဘက်တွင်လည်း သူတို့၏ လုပ်ရှားမှုများ အားလုံးနှင့် လုပ်ရပ်များကို IIMM က မျက်ခြည်မပြတ်စောင့်ကြည့်လျက်ရှိသည်။
IIMM သည် မြန်မာနိုင်ငံအတွင်းက အဖြစ်အပျက်အားလုံးကို စနစ်တကျ မှတ်တမ်းတင်နိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအစောပိုင်းမှာပင် (IIMM) အဖွဲ့သည် မြန်မာနိုင်ငံအတွင်း မုဒိမ်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများဖြစ်ပေါ်နေပြီး ယင်းထဲတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များက ပိုမိုထိခိုက်နေသည်ဟု အစီရင်ခံခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများအကြား အမျိုးသမီးများနှင့် ကလေးငယ်များသည် ပြင်းပြင်းထန်ထန် ထိခိုက်နေပြီး ဓားစာခံဖမ်းဆီးနေမှု အခြေအနေများသည်လည်း ဆိုးဝါးလွန်းနေသည်ဟု ဖော်ပြထားသည်။ ထိုစဉ်က (IIMM) အဖွဲ့အနေဖြင့် သုံးနှစ်ကျော်အကြာ ၎င်းတို့ရှာဖွေပြုစုထားသည့် အချက်အလက်များကို အခြေခံပြီး သတင်းအရင်းအမြစ် ၂၀၀ ကျော်မှ အချက်အလက်ပေါင်း သုံးသန်းကျော်ကို စုဆောင်းနိုင်ခဲ့သည်ဟု အသိပေးခဲ့သည်။
ထိုကဲ့သို့ အချက်အလက်များကို စုဆောင်းထားသော်လည်း IIMM ၏ တောင်းဆိုမှုအရ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ပြီး၊ သေဒဏ်ကို မသတ်မှတ်၊ မစီရင်နိုင်သော တရားရုံးများနှင့် ခုံရုံးများကိုသာ ယန္တရားက အမှုတွဲများကို မျှဝေပေးမည်ဟု အသိပေးထားသည်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) သည် မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်ကျူးလွန်မှုများနှင့် ပတ်သက်ပြီး အထောက်အထားများကို နိုင်ငံတကာ တရားရုံးတွေဆီ ပေးပို့ပြီး ကျူးလွန်သူများ စာရင်းရှင်းရအောင် ကြိုးပမ်းလှုပ်ရှားနေသည်မှန်သော်လည်း လက်ရှိအချိန်အထိ အချက်အလက်များစုဆောင်းပြီး စစ်ရာဇဝတ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်ရန် လှုပ်ရှားဆောင်ရွက်နေသည့် အခြေအနေတွင်သာ ရှိနေသေးသည်။
IIMM သည် ကမ္ဘာ့ကုလသမဂ္ဂရုံးတွင်ထိုင်သော်လည်း လွတ်လပ်သည့် အဖွဲ့ဖြစ်သည်။ စစ်ကောင်စီ၏ လုပ်ရပ်များကိုသာ စုံစမ်းမှတ်တမ်းတင်သည်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ လုပ်ရပ်များကို မှတ်တမ်းတင်ခြင်းဖြစ်သည်။ ကုလသမဂ္ဂထံမှ ထောက်ပံ့မှုမယူသော်လည်း နိုင်ငံအချို့ထံမှ ကူညီထောက်ပံ့မှုကို ယူပါသည်။ သို့သော် ယင်းအဖွဲ့၏ မှတ်တမ်းတင်မှုများသည် ကုလသမဂ္ဂအထွေထွေညီလာခံသို့ အစီရင်ခံသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ကပင် အမေရိကန် ပြည်ထောင်စုက ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အတွက် ဒေါ်လာတစ်သန်းကူညီကြောင်း ထုတ်ပြန်အသိပေးခဲ့သေးသည်။ ယင်းသို့ ကူညီခြင်းသည် မြန်မာစစ်တပ်၏ နှိပ်စက်မှုကိုခံရခဲ့ရသည့် ထိခိုက်နစ်နာသူများနှင့် သက်သေထွက်ဆိုသူများကို အားပေးပံ့ပိုးနိုင်ရန် ထောက်ပံ့ကူညီခြင်းဖြစ်ကြောင်း ထိုစဉ်က အသိပေးကြေညာခဲ့သည်။
လက်ရှိကာလများအထိ ယင်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်းမှ အဖွဲ့အစည်းတချို့နှင့် ပူးပေါင်းဆောင်ရွက်ကာ စစ်ကောင်စီ၏ လုပ်ရပ်များကို မှတ်တမ်းတင် အချက်အလက်များ ပြုစုနေဆဲဖြစ်သည်။ အခြေအနေများသည် စစ်ကောင်စီကို ပြေးစရာမြေမရှိအောင် ခြေတလှမ်းချင်း လျှောက်လှမ်းဆောင်ရွက်နေသည်ဟု ဆိုရမည်ဖြစ်သော်လည်း အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်များအရ ကန့်သတ်ချက်များဖြင့်သာ ဆက်လက်ရှိနေဦးမည့် အခြေအနေပင်ဖြစ်သည်။
(IIMM) အဖွဲ့၏ အကြီးအကဲဖြစ်သူ Nicholas Koumjian က “စစ်ရာဇဝတ်မှုကျူးလွန်သူတွေဟာ အရေးယူမခံရဘဲ မနေဘူး”ဟု အသိပေးထားသည့်အတိုင်း တချိန်တွင် စစ်ကောင်စီအနေဖြင့် ၎င်းတို့ လုပ်ဆောင်ထားသည့် လုပ်ရပ်တစ်ခုချင်းစီတိုင်းကို စာရင်းရှင်းရမည့်အချိန်သည် နီးကပ်လာမည်လား၊ ဝေးနေဦးမည်လားဆိုသည်ကို စောင့်ကြည့်ရဦးဖြစ်သည်။
အထက်တွင် ဖော်ပြထားသည့် လှုပ်ရှားဆောင်ရွက်နေသည်များနှင့်အတူ ၂၀၂၃ ခုနှစ်တွင် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းအချို့ထံမှ ဘာတွေများ မျှော်လင့်ခွင့်ရှိမည်လဲနှင့် ၎င်းတို့၏ မြန်မာ့အရေးအတွက် အာရုံစိုက်မှု အရှိန်မှာ ယခင်နှစ်များကထက် ပိုမို ပြင်းထန်လာမည်လားဆိုသည်မှာ စိတ်ဝင်စားစရာကောင်းနေသေးသည်။