2 Feb 2023 By MPA / PPT
အဖွင့်
တော်လှန်ရေး ၂ နှစ်တာကို ပြန်လည်သုံးသပ်ခဲ့တဲ့အခါ ဘယ်ကနေစခဲ့လဲ ဘယ်အထိရောက်နေပြီလဲဆိုတာကို မြင်ဖို့လိုပါတယ်။ လူသတ်အကြမ်းဖက်စစ်တပ်ဟာ ဘယ်လိုပင် နှစ်ပေါင်း ၇၀ ကျော်တည်ဆောက်ထားတဲ့ အင်စတီကျူးရှင်းတစ်ခု ဖြစ်စေဦးတော့ အခုအချိန်မှာ တော်လှန်ရေးစုပေါင်းအင်အားစုက အလဲထိုးနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိလို့လာနေပါပြီ။
ဒီတော်လှန်ရေးဖြစ်စဉ် တစ်လျှောက်လုံးမှာ ပေးဆပ်ခဲ့ရတာ၊ ထိခိုက်နာကျင်ကြွေကွဲခဲ့ကြရတာ မှန်ပေမယ့် အဲ့ဒီပေးဆပ်မှုတွေ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ထိုက်တန်တဲ့ တန်းတူရေးအာမခံချက်ရှိ တရားဥပဒေစိုးမိုးပြီး လူအခွင့်အရေးအပေါ် အာမခံချက်ရှိတဲ့ သာတူညီမျှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အိပ်မက်ဟာ လက်တစ်ကမ်းကို ရောက်ရှိလို့နေပါပြီ။ ဒီနွေဦးတော်လှန်ရေးမှာ ပြည်သူထောက်ခံမှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း၊ မဟာမိတ်အင်းအားစုများကြား ယုံကြည်မှု စုပေါင်းစွမ်းအားတို့ဟာ အခရာ ကျလှပါတယ်။
ဒါ့အပြင် နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှု အကူအညီများနဲ့ သံတမန်ရေး အောင်ပွဲများ စီးပွားရေး ပိတ်ဆို့မှုများကလည်း အရေးပါတဲ့နေရာကနေ ရှိနေပါတယ်။ တော်လှန်ရေးခရီးလမ်းမှာ မောပန်းနွမ်းနယ်ကြမှာ မှန်သော်လည်း ယုံကြည်ချက်၊ ခိုင်မာသော ဇွဲသတ္တိ၊ တစိုက်မတ်မတ်ရှိမှုတို့ကို စိန်ခေါ်စစ်ဆေးသောစာမေးပွဲဖြစ်တာနဲ့အညီ ပြည်သူတွေအနေနဲ့ နိုင်ငံရေးဖြစ်စဉ်များအပေါ်မှာ မျက်ခြေမပြတ်ပဲ ဆက်လက်အင်အားစိုက် တောင့်ခံထားပေးကြဖို့ အရေးကြီးလို့နေပါပြီ။
စစ်ရေး
လာမယ့် ၂၀၂၃ ဟာ အပြောင်းအလဲများမယ့် တော်လှန်ရေးကို အဆုံးအဖြတ်ပေးပြီး လူထုအောင်ပွဲအစပျိုးမယ့် နှစ်တစ်နှစ်ဆိုရင်လည်း မမှားပါဘူး။ အင်အားသုံး အကြမ်းဖက်ရမ်းကားလိုစိတ်နဲ့ လက်နက်အင်အားသာလွန်မှုသာရှိတဲ့ စစ်တပ်ဟာ မဟာဗျူဟာ အမှားများကို အကြိမ်ကြိမ်ကျူးလွန်ပြီး အထီးကျန်၊ မည်သူကမှ လက်မခံနိုင်လောက်တဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ အာဏာသိမ်းခေါင်းဆောင် အာဏာရူးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေရဲ့ ရူးမိုက်မှုကနေ လူသတ်အကြမ်းဖက်စစ်တပ်ရဲ့ လမ်းဆုံးကို တွန်းပို့ပြီးသားအခြေအနေကို ရောက်ရှိနေပြီဆိုတာ ကျွန်တော်တို့အားလုံး နားလည်ကြဖို့လိုပါတယ်။
နွေဦးတော်လှန်ရေးဟာ ယခင်အာဏာသိမ်းမှု ဖြစ်စဉ်အရပ်ရပ်နဲ့မတူဘဲ အောင်ပွဲကို ပိုမိုနီးကပ်လာစေတာက သတင်းအချက်အလက်နည်းပညာများ တိုးတက်လာခြင်းနဲ့အတူ ကမ္ဘာကြီးက ပိုပြီး ပွင့်လင်းနီးကပ်လာမှု၊ အာဏာရှင်ပေးတဲ့ ဆိုးမွေ ဒုက္ခအ၀၀တို့ကို ရင်စီးခံလာကြရတဲ့ မျိုးဆက်များရဲ့ စုပေါင်းမှု၊ ရဲရင့် ပြတ်သားတဲ့ Gen-Z မျိုးဆက်များရဲ့ ခိုင်မာတဲ့စိတ်ဓာတ်၊ စွန့်လွှတ်အနစ်နာခံမှု၊ တစ်စိုက်မတ်မတ်ရှိမှုတို့နဲ့အတူ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးရဲ့ စုပေါင်းအားနဲ့ ထောက်ခံမှုကို ရရှိထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်နိုင်မှုတို့ကြောင့်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ လက်ရှိပကတိမှာလည်း တိုင်းရင်းသားနယ်မြေအသီးသီးကို မဟာမိတ်တပ်ပေါင်းစုများက စိုးမိုးထားပြီးဖြစ်သလို စစ်ကိုင်း၊ မကွေးကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ဗျူဟာမြောက် စစ်ရေးအခြေပြုဒေသများမှာလည်း ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများက နယ်မြေဒေသ တော်တော်များများကို စိုးမိုးထားနိုင်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်နဲ့ ဧရာဝတီတို့မှာလည်း မြို့ပြပြောက်ကျား စစ်ဆင်ရေးများနဲ့ ခုခံတော်လှန်မှုများကို ကျွန်တော်တို့ နေ့စဉ် စဉ်ဆက်မပြတ်ကြားသိနေရပါတယ်။ ၂၀၂၁ – ၂၀၂၂ ကာလအတွင်းမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ ခြွေစစ်နဲ့ အကြမ်းဖက်စစ်တပ်ကို အင်အားချိနဲ့စေပြီးဖြစ်သလို ၂၀၂၂ နှောင်းပိုင်းနဲ့ ၂၀၂၃ အစမှာဆိုရင် စစ်ကောင်စီခြေကုပ်စခန်းများ၊ စိုးမိုးကုန်းများ၊ ရဲစခန်းများကိုတိုက်ခိုက်တဲ့ တိုက်ပွဲများကို ပိုပြီး ခပ်စိပ်စိပ် တွေ့လာရပါတယ်။
များမကြာမီ ၂၀၂၃ မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်များနဲ့ မဟာမိတ်တပ်ပေါင်းစုများဟာ နယ်မြေသိမ်းတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ မြို့ပြတိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများ၊ ဗျူဟာမြောက် ထိုးစစ်တွေနဲ့ စစ်ကောင်စီနဲ့ စစ်တပ် အပြီးတိုင်ပြုတ်ကျဖို့ စစ်ရေးဖိအားပေးခြင်းကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာကြဖို့ရှိနေပါတယ်။ စစ်ရေးမှာအရေးကြီးတဲ့ အောင်မြင်မှုတွေအနေနဲ့ အဓိကက စစ်ဆင်ရေးနယ်မြေ ၃ ခုမှာ Central Coordination Body (C3C) ကိုဖွဲ့စည်းနိုင်ခဲ့ခြင်းကြောင့် Chain of Command (COC) များ ပိုမိုအားကောင်းလာမှာဖြစ်သလို ဒေသခံကာကွယ်ရေးတယ်များ (Local-PDF) များဖြင့်လည်း Joint Command and Coordination (J2C) များဖွဲ့စည်ခဲ့နိုင်ခြင်း၊ People Defense Force (PDF) များ၏ ရုံးချုပ်ကို ဖော်ဆောင်လိုက်နိုင်ခြင်းတို့ဟာ စစ်ရေးအရ ပိုမိုဗျူဟာမြောက်သောတိုက်ပွဲများကို ဖော်ဆောင်လာနိုင်တော့မယ်ဆိုတာကို ဖော်ပြနေပါတယ်။
ပြည်သူ့အမုန်းတရားနဲ့ ကျိန်စာမိနေတဲ့ လူသတ်အကြမ်းဖက်စစ်တပ်နဲ့ စစ်အုပ်စုအပေါင်းအပါများမှာ လမ်းလျှောက်ရင်း မိုင်း၊ ခလုတ်တိုက် သေ ဆိုသလို ဖြစ်နေပြီး၊ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ ထိတ်တိုက်ရင်ဆိုင်တွေ့တိုင်း ဇွဲ၊ လုံ့လ၊ ခံယူချက်၊ ယုံကြည်ချက် မရှိတော့တဲ့ စစ်တပ်ဟာ အကျအရှုံး အသေအပျောက်များနဲ့ ဖြစ်နေတာလည်း အားလုံးအသိဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ တစ်ခုတည်းသော သာလွန်မှုဖြစ်တဲ့ လေကြောင်းပစ်ကူများကြောင့်သာ ဒီလောက်ထိ တောင့်ခံနေနိုင်တာဖြစ်ပါတယ်။ သို့သော်လည်း စစ်ကောင်စီရဲ့ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်မှုများဟာ စစ်ရေးပစ်မှတ်များကိုသာမကဘဲ အရပ်သားပစ်မှတ် ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘာသာရေး အဆောက်အုံများပါမကျန် တော်လှန်သူမရှိစေရေး လူမျိုးတုန်း သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများကို နိုင်ငံတကာအနေနဲ့ မျက်ကွယ်ပြုရန်မှာ ပိုမိုပြီး ခက်ခဲလာတဲ့ အခြေအနေမှာ ရှိလာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍ၊ အခြေခံကျတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ခွဲဝေသုံးစွဲရေးကဏ္ဍတွေမှာ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး တခြားသော နိုင်ငံတကာဆက်ဆံရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ စစ်တပ်၏ နိုင်ငံခြားဝင်ငွေရရှိမှုဖြတ်တောက်ခြင်း၊ လူထုကို ဦးဆောင်ခြင်း စတဲ့ ကဏ္ဍတွေမှာပါ တော်လှန်ရေးရဲ့ တပ်ဦးအဖြစ် လူထုကို ဦးဆောင်တော်လှန်နေတာကို တွေ့ရပါတယ်။ မြန်မာပြည်အနှံ့မှာရှိတဲ့ စွန့်လွှတ်အနစ်နာခံဖို့ အသင့်ဖြစ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟာလည်း ကမ္ဘာတွင်မည့် လူထုလွတ်မြောက်ရေးတိုက်ပွဲအတွက် အဆင့်သင့်ဖြစ်လို့နေကြလေပြီ။
မဟာမိတ်ရေးရာ
စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ ယခုလက်ရှိ နိုင်ငံရေးဖိအား အကျပ်အတည်းတွေကနေ ထွက်ပေါက်ရှာတာသာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းဖို့ အဖြေကတော့ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ်ပေါ်ထွန်းမှသာ ရမှာကို ကျွန်တော်တို့အားလုံး အသိပဲဖြစ်ပါတယ်။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ စစ်ခေါင်းဆောင်တွေဆီက တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို မမျှော်လင့်မိကြဖို့ရယ် ဒီလို စစ်အာဏာရှင်တွေဖန်တီးတဲ့ ကစားကွက်ထဲ နောက်တစ်ကြိမ် တိုးလျှိုးခြင်းဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူတွေရဲ့ တန်းတူရေး၊ ဖက်ဒရယ်ဒီမိုကရေစီအိပ်မက်တွေကို နောက် နှစ် ၂၀ ထပ်မံဝေးကွာစေခြင်းပဲဆိုတာကို ပြည်သူတစ်ရပ်လုံးက သိရှိပြီးသားပဲ ဖြစ်ပါတယ်။
အာဏာရှင်နဲ့တကွ အမြစ်တွယ်နေတဲ့ အာဏာရှင်စနစ်စရိုက်၊ လူမျိုးရေးဘာသာရေး ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေကိုလည်း မောင်းထုတ်ပစ်ရမှာဖြစ်သလို လက်ရှိ အရေးကြီးဆုံးဖြစ်တဲ့ အာဏာရှင်တိုက်ထုတ်ရေး စီမံကိန်းအောင်မြင်ဖို့ရန်ကိုလည်း မမေ့ကြဖို့ မျက်ချေမပျက်ကြဖို့ အရေးကြီးလို့နေပါတယ်။ ဒါကြောင့် စုပေါင်းအားမဖြစ်စေဘဲ ဘေးဖြစ်စေမဲ့ အတွေးအခေါ် အကျင့်အကြံတွေကို သတိပြုကြဖို့ရယ်၊ နိစ္စဓူ၀ လူသတ် မီးရှို့ပြီး နိုင်ငံကိုဖျက်ဆီးနေတဲ့ စစ်ကောင်စီနဲ့ အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံး အပြီးတိုင်မောင်းထုတ်ဖို့ရန်ကို ဦးစားပေးထားကြရန် ပြည်သူတစ်ဦးအနေနဲ့ တိုက်တွန်းပါရစေ။ လက်တွေ့မကျသော အတွေးအခေါ်၊ အစွန်းရောက်လမ်းလွဲခြင်းနဲ့ တစ်ကိုယ်ရည် အကျိုးစီးပွားများ မောင်းတင်လွန်းခြင်းဟာ တော်လှန်ရေးအောင်မြင်မှုကို နှောင့်နှေးစေမှာဖြစ်သလို ၎င်းရလဒ်အနေနဲ့ မိမိကိုယ်တိုင်နဲ့ ပြည်သူလူထုအပေါ် မည်သို့မှ အကျိုးမရှိစေဘဲ တော်လှန်ရေး ကျရှုံးသွားတဲ့အထိ ဖြစ်သွားစေနိုင်တဲ့၊ သမိုင်းတရားခံအထိ ဖြစ်သွားစေနိုင်တဲ့ အခြေအနေတွေကို ပါဝင်နေသော ခေါင်းဆောင်များမှ သတိကပ်ကြပါ။
ဟိုးအစ နားလည်နိုင်မှုတည်ဆောက်နိုင်ခြင်းမရှိ တစ်သီးတစ်ခြားအနေအထားကနေ တိုင်းရင်းသားအသီးသီးရဲ့ တောင်းဆိုချက်များကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ နားလည်လက်ခံလာပြီး မျှဝေခံစားနိုင်တဲ့ အခြေအနေအထိ တိုးတက်လာတဲ့ အခြေအနေ ယင်းကနေ ယခုနောက်တစ်ဆင့် အနေနဲ့ မျက်မှောက် အခင်းအကျင်းကို ဦးတည်သော လက်တွေ့ကျသော နိုင်ငံရေး သဘောတူညီမှုများကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ကြဖို့ရန်လိုပါတယ်။ တော်လှန်ရေးမှာပါဝင်တဲ့ အဖွဲ့စီတိုင်း ဟန်ပြပေါင်းစပ်တာမျိုးမဟုတ်ပဲ အချင်းချင်းကြား အသိအမှတ်ပြုခြင်း၊ လေးစားခြင်းအားဖြင့် ယုံကြည်မှုများ ပိုမိုတိုးယူတည်ဆောက်ပြီး မျှတသော နိုင်ငံရေးအရ သဘောတူညီချက်များရရှိ၍ စစ်အာဏာရှင်ကို အတူတူဖြုတ်ချနိုင်တဲ့ နှစ်တစ်နှစ်ဖြစ်ပါစေလို့ ပြည်သူတစ်ဦးအနေနဲ့ ဆုတောင်းပါတယ်။
နိုင်ငံခြားရေး
စစ်ကောင်စီအနေနဲ့ ဘယ်လိုပင် နိုင်ငံတကာအသိအမှတ်ပြုမှု တရားဝင်မှုရအောင် ကြိုးစားနေပါစေ လက်နက်ကုန်သည်၊ ဖောက်သည်အဖြစ်နဲ့သာ လက်တစ်ဆုပ်စာနိုင်ငံများက ထိတွေ့ဆက်ဆံနေပြီး ဒေသတွင်း အာဆီယံနိုင်ငံများအတွင်းတွင်ပင် လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုများကျူးလွန်နေသည့် ရာဇဝတ်ကောင်များအဖြစ် ဖယ်ကျဉ်ခံအခြေအနေဖြင့်သာ ရှိနေပါတယ်။ ဒါ့အပြင် အာဆီယံအမြင့်ဆုံးအဆင့် တွေ့ဆုံမှုများမှ လက်ရှိ Five Point Consensus လမ်းကြောင်းကို ပြန်လည်သုံးသပ်ဖို့လိုပြီဆိုတဲ့ သဘောတူညီချက်ရှိပြီဖြစ်သလို၊ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ဥရောပ ပါလီမာန်မှ အသိအမှတ်ပြုမှုရရှိခြင်း၊ ဥရောပနိုင်ငံများနှင့် သီးခြားတွေဆုံမှု သဘောတူညီမှုများရရှိခြင်း၊ အမေရိကန်နိုင်ငံ၏ အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) တွင် ဘားမားအက် (The Burma Act) ကို ထည့်သွင်းပြဌာန်းခြင်းသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးတပ်များ (PDF) နှင့် ဒီမိုကရေစီအင်အားစုများကို အသိအမှတ်ပြုခြင်းဖြစ်သလို NDAA အရ အမေရိကန်အစိုးရထံမှ လိုအပ်သည့် နည်းပညာအကူအညီများရရှိမည်ဆိုပါက စစ်တပ်၏ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကို ကာကွယ်ရေးတပ်များ၊ မဟာမိတ်ပူပေါင်းတပ်ဖွဲ့များအနေနဲ့ ထိရောက်သည့်တုန့်ပြန်မှုတွေ ပြုလုပ်လာနိုင်မဲ့ အခြေအနေမှာလည်း ရှိနေပါတယ်။
ကမ္ဘာ့ကုလသမ္မဂ လုံခြုံရေးကောင်စီ (UNSC) မှာလည်း မြန်မာအရေးနဲ့ပတ်သက်လို့ ကန့်ကွက်နေကြဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ရဲ့ ကြားနေမှုနဲ့အတူ အိန္ဒိယအပါ ကြားနေခဲ့ပြီး ကျန် ၁၂ နိုင်ငံမှ ထောက်ခံခဲ့တဲ့အတွက် စစ်ကောင်စီကို အရေးယူရန် နိုင်ငံတကာဥပဒေ စည်းဘောင်တင်းကြပ်လာခြင်းတို့က စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်တွေကို လည်ပင်းကြိုးကွင်းစွပ်ထားနိုင်တဲ့သဘော နွေဦးတော်လှန်ရေးရဲ့ သံတမန်ရေး အောင်ပွဲတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ကုလမဂ္ဂမှာ ဦးကျော်မိုးထွန်းအနေနဲ့ ကိုယ်စားပြုခွင့်ဒုတိယအကြိမ် credential ကို ဆက်လက်ရရှိခဲ့တာဟာဆိုရင်လည်း ကမ္ဘာဟာ စစ်ကောင်စီရဲ့ အလိမ်အညာတွေကို မယုံကြည် နားထောင်မနေဘဲ မြန်မာပြည်တွင်းမှာ စစ်တပ်ရဲ့ လူမဆန်၊ ရိုင်းစိုင်း ယုတ်မာ ဖိနှိပ်ရက်စက်သတ်ဖြတ်မှုတွေကို မြန်မာပြည်သူလူထုကိုယ်စား အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ ကမ္ဘာကို ချပြခွင့်ရနေတာပဲ ဖြစ်ပါတယ်။
နိုင်ငံတကာကို သတင်းစကားအနေနဲ့ကတော့ ဒီတော်လှန်ရေးဟာ အခြေခံလူထုလူတန်းစား အလွှာအသီးသီးကနေ ရုန်းကန်လှုပ်ရှားပေါက်ဖွားနေတာဖြစ်ပြီး လူထုဆန္ဒမပါ လူထုထောက်ခံမှုမရှိတဲ့ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံခြင်း (သို့) သူတို့ရဲ့ အယောင်ပြ ရွေးကောက်ပွဲကနေ ဘာတည်ငြိမ်မှုဘာရလဒ်မှ မပေးနိုင်ပါဘူး။ စစ်တပ်ဟာ ၎င်းတို့အာဏာတည်မြဲရေးတစ်ခုတည်းကိုသာ အစွန်းကုန်ရှေးရှုမှာဖြစ်ပြီး နိုင်ငံတကာကို သကာဖုံးတဲ့ အယောင်ပြလုပ်ဆောင်မှုတွေ၊ ကတိကဝတ်တွေရယ် ဒီမိုကရေစီလိုလားသူ တော်လှန်လူထုကို အကြမ်းဖက်သတ်ဖြတ်မယ့် ဖိနှိပ်မယ့် စီမံကိန်းတွေပဲရှိတာကို ပြည်သူတစ်ရပ်လုံးက နားလည်သိရှိထားပြီးဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို စိတ်မဝင်စားဘဲ တစ်ဒင်္ဂစာ ပဋိပက္ခဖြေရှင်းရေးအမြင်နဲ့ ရှုမြင်နေကြခြင်းဟာလည်း နိုင်ငံတကာအနေနဲ့ မြန်မာပြည်ရဲ့ အခြေအနေမှန်၊ မြန်မာပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ကို မမြင်ချင်ယောင်ဆောင်နေခြင်းသာပဲ ဖြစ်ပါလိမ့်မယ်။
ဒါ့အပြင် စစ်တပ်ကို ပစားပေးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ညှိဖို့ နှပ်ကြောင်းပေး (သို့) စစ်တပ်နဲ့ စေ့စပ်စေခြင်းဟာ မီးကုန်ယမ်းကုန်တော်လှန်နေတဲ့ ပြည်သူလူထု၊ အထူးသဖြင့် အညာပြည်သူလူထုကို ပိုပြီးအကြမ်းဖက် ချေမှုန်းသတ်ဖြတ်စေဖို့ ဖန်တီးခြင်းဖြစ်တယ် အညာပြည်သူလူထုရဲ့ အသက်တွေကို ပုံအပ်စေလိုက်တာဖြစ်တယ်ဆိုတာကို စေ့စပ်ညှိနှိုင်းရေး အေဂျင်စီတွေ သတိရှိစေချင်ပါတယ်။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တောင်းဆိုနေတာဟာ အာဏာရှင်စနစ် အလုံးစုံပြုတ်ကျရေးကိုသာဖြစ်တယ်ဆိုတာ လုံလုံလောက်လောက် ကျယ်ကျယ်လောင်လောင် ပျံ့နှံ့ရောက်ရှိပြီးလည်း ဖြစ်ပါတယ်။
ပြည်တွင်းရေး
လူသတ်မီးရှို့ခံနေရတဲ့ ကျေးလက်နေပြည်သူလူထု တရားဥပဒေစိုးမိုးမှု လုံခြုံမှုမရှိ ကုန်ဈေးနုန်းများ အဆမတန်ကြီးမြင့်ပြီး စီးပွားရေး ချွတ်ခြုံကျတဲ့ အခြေအနေများကြားကနေ တော်လှန်ရေးကို ကျားကန်ပေးနေကြတဲ့ တောရော မြို့ပေါ်နေ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းက ကမ္ဘာ့ကို တုန်လှုပ်အံ့သြစေသလို ငါတို့လိုနေတာ စစ်အာဏာရှင် အဆုံးတိုင်ကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ဆိုတဲ့ အသံဟာလည်း ဟိန်း၍ ပဲ့တင်ထပ်နေခဲ့ပါပြီ။ အဖက်ဆည်လို့မရအောင် ချွတ်ခြုံကျနေတဲ့ ပြည်တွင်းစီးပွားရေးနဲ့အတူ အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေရပေါက်ရလမ်းတွေက ထိခိုက်လာသလို အာဏာတည်မြဲရေးအတွက် ကိုယ့်ပြည်သူပြည်သားတွေကို ပြန်သတ်ဖို့ လက်နက်ဝယ်ယူရာမှာလဲ ပိုမိုကျပ်တည်းလာတဲ့သဘော ရှိပါတယ်။
Financial Action Task Force (FATF) မှ ငွေကြေးဆိုင်ရာခဝါချမှု နာမည်ပျက်စာရင်းတင်သွင်းခြင်းနဲ့တကွ စစ်တပ်ရဲ့ အဓိကဝင်ငွေဖြစ်တဲ့ MOGE ကို ဦးတည်ထား ပိတ်ဆို့မှုများကလည်း ပိုမိုတင်းကျပ်လာမဲ့သဘော ရှိလာနေပါတယ်။ ဒီနေရာမှာ တော်လှန်ရေးအစိုးရအနေနဲ့လည်း ပိုမိုမြန်ဆန်တဲ့ အရွေ့များ အပြောင်းအလဲများကို ဖော်ဆောင်နိုင်ဖို့ တော်လှန်ရေးကို အမြန်ဆုံးအဆုံးသတ်နိုင်ဖို့ ဆက်လက်ပြီး အကောင်းဆုံး ဦးဆောင်ဦးရွက်ပြုပေးကြဖို့ လိုပါတယ်။ ဘယ်နေရာမဆို စုန်းပြူးရှိတတ်တဲ့ သဘောအရ ဆွမ်းဆန်ထဲက ကြွက်ချေးဖြစ်နေတဲ့ အခြေအနေတွေကိုလည်း ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့နဲ့ အမြန်ဆုံး ပြုပြင်နိုင်ကြဖို့လိုပါတယ်။ ဒီလိုပဲ ပြည်သူလူထုအနေနဲ့လည်း တိုင်းပြည်ရဲ့အင်အားက ပြည်သူတွေဆီမှာပဲရှိတာကို သတိရပေးကြဖို့၊ တော်လှန်ရေးအပေါ်မှာ ယုံကြည်ပေးကြဖို့၊ ကိုယ်ရောစိတ်ပါ နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့လိုပါတယ်။
ဦးဆောင်သူများနဲ့ ထောက်ခံအားပေးသူ ပြည်သူများကြားက ခိုင်မာတဲ့ အပြည်အလှန်ယုံကြည်မှုဟာ ဒီတော်လှန်ရေးကို အောင်မြင်စေဖို့ အရေးကြီးတဲ့ လက်နက် တစ်ခုဖြစ်တယ်ဆိုတာကို မမေ့ကြစေဖို့ လိုပါတယ်။ ပြည်ပရောက် မျိုးချစ်မြန်မာနိုင်ငံသားများ အနေနဲ့လည်း ဆက်လက် ကြံ့ကြံ့ခံ အကူအညီပေးကြဖို့ ပါဝင်ကြဖို့လိုပါတယ်။ အထူးသဖြင့် ပြည်ပရောက် နိုင်ငံသားများအနေနဲ့ သံတမန်ရေးမျက်နှာစာ ကမ္ဘာ့မျက်နှာစာမှာ မြန်မာနိုင်ငံအရေး အရေးပါနေစေရေးကအစ တော်လှန်ရေးရဲ့အရေးပါတဲ့ ဘဏ္ဍာငွေ စဉ်ဆက်မပြတ်ရရှိရေးတို့ကို တတ်စွမ်းသလောက် ဆက်လက် အားစိုက်ပေးမှုဟာ တော်လှန်ရေးကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကဏ္ဍတွေဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ တစိုက်မတ်မတ်ရှိမှု၊ ယုံကြည်ပေးမှု၊ တော်လှန်ရေးပန်းတိုင်အပေါ် မသွေမဖယ်ဘဲရှိမှုတွေအားလုံးဟာ ပြည်သူလူထုရဲ့ ဘယ်လောက်တောင် စစ်အာဏာရှင်ကို ဖြုတ်ချပြီး ဒီမိုကရေစီကို ဆာလောင်နေပြီလဲဆိုတာကို ပြသလို့နေပါတယ်။ လက်နက်မဲ့ အကြမ်းမဖက် ဆန့်ကျင်မှုက သေဒဏ်မြောက်နေတဲ့ အခြေအနေဖြစ်ပေမယ့် မြေပြင်သပိတ်တွေ၊ လူထုသပိတ်တွေဟာလည်း မရပ်တန့်သေးပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့်လည်း ဒီမျိုးဆက်ရဲ့ ဇွဲလုံ့လနဲ့ စစ်တပ်ပြုတ်ကျဖို့ ဘယ်လောက်ထိခိုင်မာတယ် ဘယ်လောက်ထိရင်းနှီးထားကြတယ်ဆိုတာကို ပြသနေပါတယ်။
စစ်အာဏာရှင်ပြုတ်ကျဖို့ ဒီလောက်ထိ နီးလာတဲ့ အခြေအနေ အခွင့်အရေးတွေကို ခုချိန်ထိ တော်လှန်ရေးထဲမပါဝင်သေးတဲ့ တော်လှန်ရေးဘက် မရပ်သေးတဲ့ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ စီးပွားရေးသမားများ၊ စာပေပညာရှင်များကိို ပြည်သူတွေကို ဘယ်မျက်နှာနဲ့ ကြည့်မလဲလို့သာ မေးခွန်းမေးလိုက်ပါရစေ။
နွေဦးတော်လှန်ရေးဟာ ရွေးကောက်ပွဲရလဒ်တစ်ခု အစိုးရတစ်ခုအာဏာရဖို့ထက်ပိုတဲ့ မြန်မာပြည်တွင်းမှာနေထိုင်ကြတဲ့ ကိုးကွယ်မှု၊ ဘာသာ၊ လူမျိုး မတူညီသူအားလုံးအတွက် နိုင်ငံတစ်ခုတည်ထောင်ဖို့ဆိုတဲ့ အခြေခံအုတ်မြစ်ပေါ်မှာ အတူတကွ စုပေါင်းတော်လှန်နေကြတာပါ။ ဒါကြောင့် လာမယ့်၂၀၂၃ မှာ ညီညွတ်တဲ့ တပ်ပေါင်းစုမဟာမိတ်နဲ့ သေချာပေါက်ကို အကြမ်းဖက်စစ်တပ်ကို အလဲထိုးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ညီညာစုရုံးရမယ့် ၂၀၂၃ ကို ရောက်လို့လာပါပြီ။ ဒီနှစ်မှာပဲ တစ်သံတည်းညီ တစ်ချီထဲရုန်းပြီး စစ်အာဏာရှင်ကို အလဲထိုးကြပါစို့လို တိုက်တွန်းနှိုးဆော်ချင်ပါတယ်။
တော်လှန်ရေး မဟာမိတ်များ၏ နှစ်သစ်ကူးမိန့်ခွန်းများမှ သတင်းစကား (LINK)
စစ်အာဏာရှင်ကိုဖြိုဖို့ နိုင်ငံတကာအနေနဲ့လည်း အားထုတ်ဖို့လိုပြီ (LINK)
လာမဲ့ ၂၀၂၃ ရဲ့ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်း (LINK)
မြန်မာ့အရေးနဲ့ နိုင်ငံတကာ (LINK)