အကြမ်းဖက်စစ်တပ်က ပုဂ္ဂလိက အော်ပရေတာများကို မိုဘိုင်းလ် ဝန်ဆောင်ခနှုန်းထားများ ဖိအားပေး ပြောင်းလဲခိုင်းထားပြီး ၎င်းတို့ ထိန်းချုပ်ထားသည့် မိုဘိုင်းလ်အော်ပရေတာများအတွက် စျေးကွက်အသာစီးယူရန် ကြိုးပမ်းလာကြောင်း တွေ့ရသည်။
တယ်လီနော၊နှင့်အောရီဒူးစသည့် ပုဂ္ဂလိက အော်ပရေတာများ၏ မိုဘိုင်းလ်ခေါ်ဆိုသည့် နှုန်းထားနှင့် အင်တာနက် ဝန်ဆောင်မှု နှုန်းထားများနှင့် ပတ်သက် သည့် ပက်ကေ့ချ်နှုန်းထား ဈေးနှုန်းများကို ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားချက်အရ ပြောင်းလဲသွားမည် ဖြစ်ကြောင်း ပြည်သူများထံသို့ အသိပေးစာတိုများ ပေးပို့လာခဲ့ကြောင်း သိရသည်။
အော်ရီဒူးနှင့် တယ်လီနောတို့က ၎င်းတို့၏ ဖုန်းခေါ်ဆိုမှုနှင့်အင်တာနက် ပရိုမိုးရှင်း အစီအစဉ်များကို ဈေးနှုန်း များကိုပြောင်းတော့မည်ဖြစ်ကြောင်း ၎င်းတို့၏သုံးစွဲသူများထံသို့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အကြောင်းကြား စာများ ပေးပို့ခဲ့သည်။
ထိုသို့ ပြည်ပအခြေစိုက် ပုဂ္ဂလိကပိုင် အော်ပရေတာများအနေဖြင့် ဈေးနှုန်းများပြောင်းလဲရန် အကြောင်းကြား ခြင်းများကိုတွေ့နေရသော်လည်း အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားသည့် ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် MPT နှင့် Mytel အော်ပရေတာများကမူ လက်ရှိအချိန်ထိ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အကြောင်းကြားခြင်း မရှိသေးပေ။
မိုင်တဲ အော်ပရေတာမှ တာဝန်ရှိသူတစ်ဦးကို MPA က ဆက်သွယ်မေးမြန်းခဲ့ရာ ဈေးနှုန်းအပြောင်းအလဲနှင့် ပတ်သက်ပြီး ညွှန်ကြားချက်မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အကြမ်းဖက် စစ်တပ်က နိုင်ငံတော် အာဏာကို အတင်းအကြပ်သိမ်းပြီး နောက်ပိုင်း မိုင်တဲမှလွဲ၍ အော်ပရေတာ အားလုံးနီးပါးကို အင်တာနက်နှုန်းထားများ ပြောင်းလဲခဲ့ရန်လည်း ဖိအားပေးခဲ့သဖြင့် အာဏာမသိမ်းခင် ကာလ များထက် များစွာ ဈေးနှုန်းမြင့်တက်လာခဲ့သည်။
သို့သော် အကြမ်းဖက် စစ်တပ်ပိုင် Mytel ကုမ္ပဏီကမူ အင်တာနက်စျေးနှုန်းများကို အခြားအော်ပရေတာများ ထက် စျေးနှုန်းလျော့ပြီး ရောင်းချမြဲ ရောင်းချနေခဲ့သည်။
“အော်ရီဒူးတို့ တယ်လီနောတို့က အခုဆို ၁၀၀၀ဖိုးကို 1Gb မရချင်တော့ဘူး။ ဒါပေမယ့် Mytel က 5gbကို ၉၀၀ကျော် နဲ့ရောင်းနေတယ်” ဟု မိုဘိုင်းလ်ဖုန်း သုံးစွဲသူတစ်ဦးက ပြောသည်။ မိုင်တဲအသုံးပြုနေသူတစ်ဦးကပြောသည်။
သို့သော်လည်း ပြည်သူလူထုအများစုကမူ အကြမ်းဖက် စစ်တပ်ပိုင် Mytel ကို သပိတ်မှောက်ထားခြင်း၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံမှု မရှိခြင်းတို့ကြောင့် ဆက်သွယ်ရေး လုံးဝ မရရှိသော နေရာများမှ အပ ကျန်နေရာများတွင် ပုဂ္ဂလိက အော်ပရေတာများကိုသာ အဓိကထား အသုံးပြုကြသည်။
မိုဘိုင်းလ် ဖုန်းသုံးသူများနှင့် အရောင်းဆိုင်ပိုင်ရှင်များ၏ သပိတ်မှောက်မှုကြောင့် အာဏာသိမ်းပြီး သုံးလအတွင်း Mytel ဖုန်းကတ် သုံးစွဲသူ နှစ်သန်းခန့် လျော့ကျသွားခဲ့ပြီး Mytel ကုမ္ပဏီ၏ ဝင်ငွေ ဒေါ်လာ ၂၅ သန်းနီးပါး ထိခိုက်ခဲ့ကြောင်း Justice For Myanmar အဖွဲ့က နိုဝင်ဘာ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။