By Ra Wai / MPA
ပြည်သူလူထုစားသုံးမှုကို ဝန်ပိစေသော ကုန်သွယ်လုပ်ငန်းခွန်ကို စစ်ကောင်စီက စံချိန်တင်တိုးမြှင့် ကောက်ခံနေကြောင်း NUGအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
NLD အစိုးရလက်ထက် ကောက်ခံခဲ့သော ကုန်သွယ်လုပ်ငန်းခွန် အများဆုံးပမာဏမှာ ငွေကျပ်ဘီလီယံ ၂,၂၀၀ သာရှိသော်လည်း စစ်ကောင်စီလက်ထက် ယခုနှစ်ကောက်ခံသောပမာဏမှာ ကျပ်ဘီလီယံ ၂,၈၀၀နီးပါး ရှိကာ အရပ်သားအစိုးရလက်ထက် အများဆုံးပမာဏထက် ကျပ်ဘီလီယံ ၆၀၀ ပိုတိုးကောက်ခံလာကြောင်း ဦးတင်ထွန်းနိုင်ကဆိုသည်။
“စစ်ရှုံးကောင်စီက မီးစတစ်ဖက်၊ ဓာတ်ဆီပုံးတစ်ဖက်နဲ့ တိုင်းပြည်စီးပွားရေးကို မီးဟုန်းဟုန်းတောက်အောင် ရှို့နေပါပြီ” ဟု ဦးတင်ထွန်းနိုင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေး သားထားသည်။
ကုန်သွယ်လုပ်ငန်းခွန်ဆိုသည်မှာ စားသုံးသူပြည်သူတို့ ကျခံရသည့်အခွန်ဖြစ်ကြောင်းလည်း ဦးတင်ထွန်းနိုင်က ဆိုသည်။
“မင်းအောင်လှိုင်က သူရဲ့မူအတိုင်းပဲ မလုပ်ရဲတာဘာမှမရှိဘူး။ အထူးသဖြင့် သူ့အာဏာတည်မြဲရေးအတွက် ဘယ်ပြည်သူကိုမဆို သတ်ရဲနေတာ အခွန်တိုးကောက်တာက ဘာမှမထူးဆန်းဘူး။ အာဏာမြဲမယ်လို့ထင်ရင် ဘာမဆိုလုပ်မှာဘဲ” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
တစ်ဖက်တွင် လူကြားကောင်းအောင် ကုန်ဈေးနှုန်းကျဆင်းရေးဟုဆိုကာ အရေးယူပြနေသော်လည်း တစ်ဖက်တွင်မူ ကုန်ဈေးနှုန်း တက်ရခြင်း အဓိကအကြောင်းတစ်ရပ်ဖြစ်သော အခွန်အတုတ် တိုးမြှင့်ကောက်ခံနေခြင်းကြောင့် အနာနှင့်ဆေး တည့်စရာမရှိသလို ကောင်းလာရန်လည်း မဖြစ်နိုင်ကြောင်း ဦးတင်ထွန်းနိုင်က ပြောသည်။
“ရွှေဈေးတက်တော့ ရွှေကုန်သည်တွေ ဈေးကစားတယ်ဆိုပြီး ဖမ်းတယ်။ အခုကျတော့လည်း ဆန်ကုန်သည်တင်မက ဈေးဝယ်စင်တာတွေပါ ဖမ်းတယ်။ အခုစစ်ကောင်စီလုပ်နေပုံက စီးပွားရေးသမားတွေရဲ့ လောဘကြောင့် ဈေးတွေတက်နေတာ၊ တိုင်းပြည်စီးပွားလည်း ကောင်းနေတယ်ဆိုတဲ့အချိုးမျိုးနဲ့ ကိုယ့်အပြစ်ကိုယ် ရှောင်ချင်လို့ လုပ်နေတာ”ဟု ရန်ကုန်မြို့ရှိ အလတ်စား ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လျှပ်စစ်ပစ္စည်းလုပ်ငန်းရှင်တစ်ဦးကလည်း စစ်အာဏာသိမ်းပြီးနောက်တွင် ငုတ်တုတ်ထိုင်နေရသော လုပ်ငန်းရှင်များစွာ ရှိကြောင်း ဆိုသည်။
“သွင်းကုန်ထုတ်ကုန်ပြဿနာတွေ၊ ငွေဖောင်းပွမှုတွေ၊ တခြားပြဿနာတွေလည်း အများကြီးပဲ၊ အဲဒါကြောင့် အလုပ်လုပ်ဖို့ ရေခံမြေခံကောင်းမရှိတော့တာရော အလုပ်လုပ်ရင်ကို ရှုံးနေတာကြောင့်ရောပေါ့၊ ငုတ်တုတ်ထိုင်နေတဲ့ လုပ်ငန်းရှင်တွေ အများကြီး၊ အခုကျတော့ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင် တွေ အဖမ်းပါခံရပြန်တော့ ပိုကြောက်စရာကောင်းလာတယ်”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် ၂၀၂၄ခုနှစ်၊ မေလမှစတင်ကာ ဒေါ်လာအရောင်းအဝယ်နှင့် ရွှေဈေးကွက်မှ လုပ်ငန်းရှင်များကို ဈေးနှုန်းမတည်ငြိမ်အောင်လုပ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းနှင့် ဖမ်းဝရမ်းထုတ်ခြင်းတို့ပြုလုပ်ခဲ့ပြီး ဈေးကွက်ဈေးနှုန်းထက် ပိုမို၍ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချနေသည်ဟုဆိုကာ One Stop Mart ဒါရိုက်တာ၊ City Mart Holdingကုမ္ပဏီအမှုဆောင်အရာရှိချုပ်၊ Sein Gay Har Trading ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ၊ Aeon Orange ဒါရိုက်တာနှင့် ဆန်စပါးလုပ်ငန်းရှင်ခုနှစ်ဦးတို့ကို ၂၀၁၂ခုနှစ်အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ၅ အရ အရေးယူသွားမည်ဟု ဇွန်လ ၃၀ ရက်ည၌ စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ဗဟိုဘဏ် သတ်မှတ်ချက်ထက် ကျော်လွန်၍ အိမ်ရာချေးငွေ ထုတ်ချေးထားသည့် ပြည်တွင်းဘဏ် ၇ ခု၏ တာဝန်ရှိသူများကို အရေးယူမည်ဟု စစ်ကောင်စီက ဇူလိုင်တစ်ရက် တွင် ထုတ်ပြန်ခဲ့သည်။
“စစ်တပ်က သူတို့လုပ်တတ်တာက ဖမ်းတာနဲ့သတ်တာပဲ လုပ်တတ်တော့ ထစ်ခနဲဆို ဒါပဲလုပ်တာလေ။ အခု လုပ်ငန်းရှင်တွေကို ဖမ်းတာ သူတို့လုပ်တတ်သလိုလုပ်ပြီး ငွေညှစ်တာပါ”ဟု ရန်ကုန်မြို့၊ တောင်ဥက္ကလာပ၊ ၁၄ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။
ထို့ပြင် စစ်တပ်က အာဏာသိမ်းပြီးနောက် မည်သည့်ခေတ်တွင်မျှ မပေါ်ခဲ့ဖူးသော ကုန်ဈေးနှုန်းကြီးမှုဒဏ် ကို ပြည်သူအပေါင်း ကောင်းကောင်းခံစားနေရသည်ဟုလည်း ဆိုသည်။
“ကျမ သန်းရွှေလက်ထက်ကတည်းက တစ်ပတ်မှာ လေးရက်လောက် မနက်တိုင်းဈေးဝယ်နေတဲ့ အိမ်ရှင်မပါ၊ အခု ကုန်ဈေးနှုန်းဘယ်လောက်ဆိုးဆိုးဝါးဝါးတက်နေသလဲဆိုတာ အိမ်ရှင်မတွေ အသိဆုံးပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီသည် ကုန်သွယ်လုပ်ငန်းခွန်တင်မက လခစားဝန်ထမ်း၊ ကုန်သည်ပွဲစား၊ စီးပွားရေး လုပ်ငန်းများနှင့် ကုမ္ပဏီများ ပေးဆောင်ရသည့် ဝင်ငွေခွန်ကိုလည်း ယခုနှစ်တွင် စံချိန်တင်တိုးကောက် လျက်ရှိရာ အရပ်သားအစိုးရလက်ထက် အများဆုံးကောက်ခံခဲ့သော ပမာဏထက် ကျပ်ဘီလီယံ ၇၀၀ နီးပါး တိုးကောက်သည်ကို စစ်ကောင်စီထုတ်ပြန်သည့် အချက်အလက်များ၌ တွေ့ရကြောင်း NUGဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။
“အခွန်အတုတ် တိုးမြင့်ကောက်ခံခြင်းရဲ့ ဆိုးကျိုးသက်ရောက်မှုက တော်လှန်ရေးဘက်တော်သား ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ မဆိုင်တော့ပါဘူး။ အခုကိုပဲ အခွန်တိမ်းရှောင်တဲ့သူတွေကို ဘီလူးကြိမ်းကြိမ်းပြီး ခြိမ်းခြောက်တဲ့စာတွေ ထထုတ်နေတာကိုကြည့်ရင် မြင်သာပါတယ်။ ဒီဒဏ်ကို စစ်ရှုံးကောင်စီ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့ မိသားစုဝင်တွေ၊ Non-CDM ဝန်ထမ်းတွေနဲ့ ကြံ့စိမ်းပါတီဝင်တွေပါမကျန် အကုန်လုံး ခါးစည်းခံနေရပြီဖြစ်ပါတယ်” ဟု ဦးတင်ထွန်းနိုင်က ဆိုသည်။
စစ်ကောင်စီသည် ၎င်းတို့သက်ဆိုးရှည်ရေးကလွဲ၍ မည်သူ့ကိုမျှ ထည့်တွက်မည့်သူ မဟုတ်ကြောင်း ၊ စစ်တပ်ကို ထောက်ခံသူ၊ မထောက်ခံသူနှင့် ကြားနေသူများပါ စီးပွားပျက်ကပ်ဒဏ်က လွတ်မည့်သူ တစ်ယောက်မျှ မရှိတော့ကြောင်း ဦးတင်ထွန်းနိုင်က ဆက်လက်ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ NLDအစိုးရလက်ထက် စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် ကျဆင်းခဲ့သည့် တိုင်းပြည်စီးပွားရေးသည် စစ်ကောင်စီ၏ အားသွန်ခွန်စိုက်ကြိုးပမ်းမှုကြောင့် ပြန်လည်ဦးမော့လာကြောင်း ပြီးခဲ့သည့် မတ်လ ၁၈ရက်နေ့၊ ရုရှားမီဒီယာတစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်။