By Ra Wai / MPA
ကုန်ဈေးနှုန်း မြင့်တက်နေခြင်းသည် စစ်ကောင်စီတွင် တာဝန်မရှိဘဲ လုပ်ငန်းရှင်တို့၏ လောဘကြောင့်ဟု အပြစ်ပုံချကာ ဖမ်းဆီးနေကြောင်း ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးလုပ် ငန်းရှင်တစ်ဦးကပြောသည်။
နာမည်ကြီးဈေးဝယ်စင်တာများမှ တာဝန်ရှိသူများနှင့် ဆန်ကုန်သည်အချို့ကို ဈေးကွက်ဈေးနှုန်းထက် ပိုမို၍ ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချနေသည်ဟုဆိုကာ အရေးယူသွားမည်ဟု စစ် ကောင်စီ၏ ထုတ်ပြန်ချက်အပေါ် ၎င်းက အထက်ပါအတိုင်း မှတ်ချက်ပြုသည်။
“ရွှေဈေးတက်တော့ ရွှေကုန်သည်တွေ ဈေးကစားတယ်ဆိုပြီး ဖမ်းတယ်။အခုကျတော့လည်း ဆန်ကုန်သည်တင်မက ဈေးဝယ်စင်တာတွေပါ ဖမ်းတယ်။အခုစစ်ကောင်စီလုပ်နေပုံက စီးပွားရေးသ မားတွေရဲ့ လောဘကြောင့် ဈေးတွေတက်နေတာ။တိုင်းပြည်စီးပွားလည်း ကောင်းနေတယ်ဆိုတဲ့အ ချိုးမျိုးနဲ့ ကိုယ့်အပြစ်ကိုယ် ရှောင်ချင်လို့ လုပ်နေတာ”ဟု ၎င်းက MPA သို့ ပြောသည်။
One Stop Mart ဒါရိုက်တာ၊ City Mart Holdingကုမ္ပဏီအမှုဆောင်အရာရှိချုပ်၊ Sein Gay Har Trading ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ၊ Aeon Orange ဒါရိုက်တာနှင့် ဆန်စပါးလုပ်ငန်းရှင်ခုနှစ်ဦးတို့ ကို ၂၀၁၂ခုနှစ်အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ၅ အရ အရေးယူသွားမည်ဟု ဇွန်လ၃၀ ရက်ညတွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
“အာဏာသိမ်းပြီးတဲ့နောက်မှာ အလုပ်မဖြစ်လို့ ထိုင်နေတဲ့ လုပ်ငန်းရှင်တွေမနည်းဘူး။ငွေဖောင်းပွ တာတွေ ဆိုးဆိုးဝါးဝါးဖြစ်နေတော့ အလုပ်လုပ်ရင်ကို ရှုံးသလိုဖြစ်နေတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
NLDအစိုးရလက်ထက် စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် ကျဆင်းခဲ့သည့် တိုင်းပြည်စီးပွားရေးသည် စစ်ကောင်စီ၏ အားသွန်ခွန်စိုက်ကြိုးပမ်းမှုကြောင့် ပြန်လည်ဦးမော့လာကြောင်း ပြီးခဲ့သည့် မတ်လ ၁၈ရက်နေ့၊ ရုရှားမီဒီယာတစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် မင်းအောင်လှိုင် ပြောကြားခဲ့သေးသည်။
“မြန်မာဗိုလ်ချုပ်တွေမှာ ရောဂါရှိတယ်။ဘာမဆို သိတယ်၊တတ်တယ်။ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့ ရောဂါပါ။ပြီးတော့ ဘယ်တော့မဆို ကိုယ့်ကြောင့်ဆိုတာမျိုးမရှိဘဲ သူများကို လက်ညှိုးထိုးတာ။ ကောင်းတာဆို သူတို့လုပ်လို့၊မကောင်းတာဆို တခြားသူတွေ လုပ်လို့ဆိုပြီး လက်ညှိုးထိုးတာ ဗိုလ် ချုပ်တွေရဲ့ ကုလို့မရတဲ့ရောဂါပဲ”ဟု ရန်ကုန်အခြေစိုက် စာရေးဆရာတစ်ဦးကပြောသည်။
မေလကုန်ပိုင်းတွင် ရွှေတစ်ကျပ်သား ၅၇သိန်းကျော်အထိ မြင့်တက်သွားပြီးနောက် ရွှေဈေးနှုန်း မတည်ငြိမ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ရွှေလုပ်ငန်းလုပ်ကိုင်သူ ၂၁ဦးကို စစ်ကောင်စီက ဖမ်းဆီးကာ ရန်ကုန်နှင့်မန္တလေးရှိ ထိပ်သီးရွှေဆိုင်လုပ်ငန်းရှင်များအ ပါအဝင် ရွှေလုပ်ငန်းရှင်၁၀ဦးအား ဆက်လက်ဖမ်းဆီးမည်ဟု ဇွန်နှစ်ရက်၌ စစ်ကောင်စီက ထုတ်ပြန်ခဲ့ သေးသည်။