အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ရောင်းချလျက်ရှိသော နွေဦးထီနှင့်ပတ်သက်ပြီး ငွေကြေးလွှဲပြောင်းမှုများပြုလုပ်မည့်ဘဏ်အကောင့်များကို စိစစ်အရေးယူရန်ညွှန်ကြားထားကြောင်း နှင့်ပတ်သက်ပြီး ဗဟိုဘဏ်ဒုတိယဥက္ကဌက ငြင်းဆိုလိုက်သည်။
“အွန်လိုင်းပေါ်မှာ စာတွေကျွန်မတွေ့ပါတယ်။ ကျွန်မလက်မှတ်နဲ့ထွက်နေတာပါ။ အဲ့ဒါ သတင်းအမှားတွေပါ “ဟု ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေကပြောသည်။
တရားမဝင် အဖွဲ့အစည်းများ ထီဖွင့်လှစ်ရောင်းချရာတွင် ဆောင်ရွက်နိုင်သည့် တရားမဝင် ငွေကြေးလွှဲပြောင်းမှုများကို စိစစ်ဖော်ထုတ်အရေးယူနိုင်ရေးအတွက် ဘဏ်များနှင့် ဘဏ်မဟုတ်သော အဖွဲ့အစည်းများကို ဗဟိုဘဏ်က လျှို့ဝှက်စာပေးထုတ်ပြန်ခဲ့ခြင်းဟု လူမှုကွန်ရက်များတွင် ပျံ့နှံ့နေခြင်း ဖြစ်သည်။
NUGအစိုးရကပြုလုပ်သည့် အောင်လံလွှင့်ချီနွေဦးထီကို သြဂုတ်လ ၁၄ ရက်နေ့ညနေ ၄ နာရီတွင်စတင်ရောင်းချခဲ့ရာ တစ်နာရီအတွင်း ပြည်သူများ အားပေးများလွန်းသည့်အတွက် ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ပြီး စိတ်ရှည်သည်းခံပေးကြဖို့ မေတ္တာရပ်ခံစာကို ထုတ်ပြန်ရသည် အထိဖြစ်ခဲ့သည်။
စစ်ကောင်စီက အကြမ်းဖက်ဥပဒေကိုပြင်ဆင်ခဲ့သည့်ရက်မှစပြီး နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး လှူဒါန်းနေသော ဘဏ်အကောင့်များ၊ mobile banking အကောင့်များကို ခေတ္တပိတ်သိမ်းခြင်းများပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။
လက်ရှိအချိန်တွင် စစ်ဘေးရှောင်စခန်းများအတွက်၊ပရဟိတ လုပ်ငန်းများ ဆောင်ရွက်နေသူများ၏ငွေလွှဲငွေပို့ခြင်းဆောင်ရွက်သည့် အကောင့်များလည်း ပိတ်သိမ်းခြင်းခံခဲ့ရသည်။
ဘဏ်အကောင့်များနှင့်ပတ်သက်ပြီး မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည့် မူဝါဒများနှင့်ပတ်သက်ပြီး စစ်တပ်တာဝန်ရှိသူ ဇော်မင်းထွန်း ထံသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။
သြဂုတ် ၁၄ ရက်နေ့က အောင်လံလွှင့်ချီ နွေဦးထီအစီအစဉ်ကို အကြမ်းဖက်စစ်ကောင်စီက နည်းမျိုးစုံသုံးပြီး ပျက်ပြားစေရန် လုပ်ဆောင်ခဲ့သည့်အတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ အကာအကွယ်အချို့အား အချိန်မီပြင်ဆင်ခဲ့ရပြီး ထီစတင်ရောင်းချမည့်အချိန်အား နံနက် (၁၀) နာရီအစား ညနေ (၄) နာရီသို့ ပြောင်းလဲရောင်းချခဲ့သည်။
အကြမ်းဖက်စစ်တပ်အနေဖြင့်ပြည်သူလူထုထောက်ခံအားပေးလျက်ရှိသော အမျိုးသားညီညွတ်ရေးအစိုးရ၏လုပ်ငန်းများအပါ်တွင် နည်းမျိုးစုံဖြင့် နှောက်ယှက်လျက်ရှိသည်ကိုတွေ့ရပြီး ဥပဒေများဖြင့်ဖိနှိပ်မှုများပြုလုပ်ရန် ပိုက်စိပ်တိုက်ဆောင်ရွက်လျက်ရှိလာသည်ကိုတွေ့ရသည်။