စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာ အတွင်း စစ်ကောင်စီ စစ်ကြောင်းကြောင့် ပိတ်မိနေသော သက်ကြီးရွယ်အို များကို ကယ်ထုတ်ကာ ဆေးကုသမှု ပေးလျက်ရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA )၏ တန့်ဆည်မြို့နယ် ဆေးတပ်ဖွဲ့ ထံက သိရသည်။
စစ်ကောင်စီ စစ်ကြောင်းကြောင့် ခုနှစ်ရက်ကြာ ပိတ်မိနေသော ပြည်သူ ၄၀ ကျော်ကို ဧပြီ ၂၉ ရက်၌ PLA နှင့် မဟာမိတ်များ ပူးပေါင်း၍ ရွာအတွင်း၀င်ကာ ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” စစ်ကြောင်းက ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်လောက်ကတည်းက ထိုးနေတာ၊ ခုရွာက လုံခြုံရေးအရတော့ အမည်ပြောလို့မရပါဘူး၊ ဒါပေမဲ့ စစ်ကြောင်းထိုးတိုင်း အမြဲနီးပါး အ၀င်ခံရတဲ့ ရွာလေး။ အခုလည်း စစ်ကြောင်းလာတော့ ပြေးချိန်မရလို့ ကျန်ခဲ့တဲ့ သက်ကြီး ရွယ်အိုတွေကို ရဲဘော်တွေက ကယ်ထုတ်လာတာပါ ” ဟု PLA ၏ တန့်ဆည်မြို့နယ် ဆေးတပ်ဖွဲ့ တာဝန်ခံက MPA သို့ပြောသည်။
ကယ်ထုတ်လာသော သက်ကြီး ရွယ်အိုများနှင့် စစ်ဘေးရှောင် ပြည်သူများထဲက ကျန်းမာရေးမကောင်းသူ စုစုပေါင်း ၁၈၀ ကျော်ကို PLA က ဆေးကုသပေးနေကြောင်း သိရသည်။
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-03-102812_006-1024x768.jpeg)
ပုံစာ -စစ်ဘေးရှောင်ပြည်သူများကို ဆေးကုသ ပေးနေစဉ် ။
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-03-102812_005-1024x768.jpeg)
ပုံစာ -စစ်ဘေးရှောင်ပြည်သူများကို ဆေးကုသ ပေးနေစဉ် ။
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-03-102812_004-1024x768.jpeg)
ပုံစာ -စစ်ဘေးရှောင်ပြည်သူများကို ဆေးကုသ ပေးနေစဉ် ။
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-03-102812_002.jpeg)
ပုံစာ -စစ်ဘေးရှောင်ပြည်သူများကို ဆေးကုသ ပေးနေစဉ် ။
” ကလေး အများစုက ရာသီဥတုဒဏ်နဲ့ သောက်ရေသုံးရေ အခက်အခဲကြောင့် ၀မ်းပျက်၀မ်းလျှော အဖြစ်များတော့ ဆေးဝါးလိုအပ်ချက်တွေ ရှိတာပေါ့ ” ဟု ၎င်းက ပြောသည်။
စစ်ဘေးရှောင်နေစဉ်အတွင်း တုံကင်ရေတွင်းများမှ ရေကို သုံးရခြင်းဖြစ်၍ အများစုမှာ ရေမသန့်ခြင်းကြောင့် ၀မ်းရောဂါ အဖြစ်များကြကြောင်း သိရသည်။
” တချို့ နေရာတွေဆို ရေတွေက ရွှံ့တွေနဲ့ ရောနေတာ ။ တချို့ကျ သံချေးနံ့တွေ ပါတယ်။ အဲရေတွေနဲ့ ချက်ပြုတ် စားရတော့ အကုန် နေမကောင်းဖြစ်ကြတယ်။ ဆေးအဖွဲ့ အနီးနားရှိလို့ တော်သေးတယ် ” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းသည် တန့်ဆည် မြို့နယ်အတွင်းသာ ရှိသေးသောကြောင့် ပြည်သူအများစုမှာ စစ်ရှောင်နေရဆဲ ဖြစ်ပြီး လုံခြုံရေးအရ စစ်ဘေးရှောင်နေကြရသော ရွာအမည် များကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။