By MPA
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်အတွင်း တိုက်ပွဲဖော်ဆောင်ရန်သွားသည့် PDF များ ကင်းလှည့်နေသည့် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း BLACK WOLF- ARMY တပ်ဖွဲ့ထံက သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့၊မွန်းလွဲ ၂နာရီခန့်ကရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ရွာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့်စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀ ခန့်နှင့် နာရီဝက်ခန့် ကြာထိပ်တိုက်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“Mission လုပ်ဖို့သွားရင်း စစ်တပ်က ကင်းလှည့်နေတာနဲ့ ထိပ်တိုက်တွေ့ပြီးဖြစ်တာ။သူတို့ဘက်က အင်အား ၂၀ လောက်ရှိတယ်။အပြန်အလှန်ပစ်ကြရင်း ရဲဘော် ၂ ဦး ကနေရာမှပဲ ကျသွားတာ။တစ်ယောက်ကတော့ လမ်းမှာပဲ ကျတာ။လက်နက်ကြီး အစ ထိ လို့ကျကြတာ။သူတို့ဘက်က ၃ ဦးကျတယ်လို့တော့ ကြားတယ်။သေချာတော့ မသိရသေးဘူး”ဟု BLACK WOLF-ARMY သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုခွန်လေးက ပြောသည်။
အဆိုပါတိုက်ပွဲတွင် BLACK WOLF-ARMY က ရဲဘော်ပိုင်ကြီး(တပ်စုမှူး)၊ရဲဘော်ခန့်သီဟ( Fundraising and Photography) နှင့် ရဲဘော်ဝင်းစိုး တို့ ၃ ဦးလက်နက်ကြီးကျည်စမှန် ကျဆုံးခဲ့ကြောင်းသိရသည်။
ကျဆုံး ရဲဘော်ခန့်သီဟ(ခ) Burmese Spidermen သည် ရန်ကုန်မြို့ပြသပိတ်များတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သည့် ရဲဘော်တစ်ဦးဖြစ်သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု Anti-Junta Alliance Yangon-AJAY က ရဲဘော်ခန့်သီဟနှင့်ရဲဘော်များ ကျဆုံးခြင်းအတွက် ဂုဏ်ယူစွာ အလေးနီပြုပါသည် ဟုရေးသားထားသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သား အင်အား ၇၀ ခန့် တပ်ဖြန့်ချထားပြီး စိုင်းနိုင်ကွေ့ အနီး သီဟဟိန်းဆန်စက် နှင့် သရက်ပင်ဝန်းရွာဘုန်းကြီးကျောင်း တို့တွင်ကင်းပုန်းဝပ်စခန်းချထားကြောင်းသိရသည်။
ဇန်နဝါရီ ၁၂ ရက်နေ့က BLACK WOLF-ARMY နှင့်မဟာမိတ်တပ်ဖွဲ့များက ဟန်လင်း ပျူမြို့ဟောင်းအနီး ကျေးရွာများကို မီးရှို့ဖျက်ဆီးပစ္စည်းများလုယက်လာသည့် စစ်ကောင်စီတပ်တွဲကားအား တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့သေးသည်။