By MPA 001
ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ စတုတ္ထအကြိမ် အထူးမွမ်းမံ သင်တန်းဆင်းပွဲပြုလုပ် ပြီးစီးခဲ့ကြောင်း KRU ၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ပြောသည်။
သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က KRU စိုးမိုးသည့် နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရည်အသွေးမြင့် စွမ်းဆောင်ရည်နှင့် အထူးစစ်ရေး ဗျုဟာအကြောင်းအရာများ လေ့ကျင့်သင်ကြားခဲ့သည်ဟု KRU ၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက အတည်ပြုသည်။
“ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ အင်တာနက်လိုင်း ပြတ်တောက်နေတဲ့အတွက် ဒီနေ့မှ ထုတ်ပြန်ရတာပါ။ အပတ်စဉ် D အထူးမွမ်းမံသင်တန်းဆင်းပွဲပါ” ဟု KRU ၏ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက ရှင်းပြသည်။
ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) အနေဖြင့် သင်တန်းအတွင်း အဘက်ဘက်မှ ထောက်ပံ့ ကူညီပေးကြသော မိဘပြည်သူ အလှူရှင်များအား ကျေးဇူးအထူးတင်ကြောင်းနှင့် အရေးတော်ပုံ အောင်သည်အထိ ပြည်သူများနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုခဲ့သည်။