By MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ အင်အား ၃၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၂ ဦးနှင့် သရက်ကန်ရွာ အုပ်ချုပ်ရေးမှူး ဝင်းချိန် သေဆုံးကြောင်း ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။
ဇန်နဝါရီ ၂၈ ရက် ညနေ ၄ နာရီ ၂၀ နာရီဝန်းကျင်ခန့်၌ အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ အခြေချတပ်စွဲထားသော သရက်ကန်ရွာအနီး သေနတ်သံပေးမျှားခေါ်ပြီး ထွက်လိုက်လာသည့် အင်အား ၃၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“သရက်ကန်မှာ ရောက်နေတဲ့ ဗိုလ်က စွာတယ်လို့ ကြားရတယ်။ ကျနော်တို့က ရွာအနောက်ဘက်ကနေ သေနတ်သံပေးပြီးမျှားခေါ်တာ။ ဆိုင်ကယ် ၂ စီး၊ ကား ၁ စီး၊ ခြေလျင်တွေရောဆို စုစုပေါင်း ၃၀ လောက်ရှိတယ်။ ရွာထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ပြီး ထွက်လာတာ။ ကျနော်တို့ မိုင်းကွင်းအရောက်မှာ တိုက်မိုင်း ၄ လုံးပဲ ပေါက်တယ်။ တိုက်မိုင်းက ရှေ့က လိုက်လာတဲ့ ဆိုင်ကယ် ၂ စီးကိုပဲ ထိတာ။ Remote မိုင်း ၅ လုံးက မပေါက်တာ။ တိုက်မိုင်းကွဲပြီး ဒီကောင်တွေ ဆဲဆိုပစ်ခတ်ပြီး ရွာထဲပြန်ဝင်သွားတယ်”ဟု ပြည်သူ့အားမာန်ကွယ်ရေးတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင်က ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အားမာန်တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော MUGDF၊ မုန်တိုင်းတပ်ဖွဲ့၊ စင်္ကြာကာကွယ်ရေးတပ်ဖွဲ့ (မြိုင်-ပကဖ) တပ်ခွဲ-၄ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တိုက်ခိုက်မှုအပြီးတွင် စစ်သားနှင့် ပျူစောထီးများသည် ရှေ့သို့ဆက်မသွားဘဲ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အော်ဟစ်ဆဲဆိုပစ်ခတ်ပြီး သရက်ကန်ရွာထဲသို့ ပြန်ဝင်သွားကြောင်းသိရသည်။
စစ်ကောင်စီတပ်သားများ သေဆုံးခြင်းနှင့် ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။ ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားများ စခန်းချနေသော ကိုင်းတောမ ရေစက်ရုံမှ စျေးထွက်ဝယ်သည့် စစ်သား ၇ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့သေးသည်။