By MPA
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၌ စစ်ကောင်စီမှ ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ ဖိအားပေးကောက်ခံနေသည့် ရပ်ကွက်ရုံးနှင့် စစ်မှုထမ်းဟောင်းရုံးတို့ ယမန်နေ့ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့၊ ရွာမတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စစ်မှူထမ်းဟောင်းရုံးအား ဇန်နဝါရီ ၁၄ ရက် ယမန်နေ့ ည ၈ နာရီခန့်တွင် သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၁၊ တပ်ရင်းအမှတ် (၁) တပ်ခွဲ-၅ မှ အကြီးစားမိုင်းဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သာယာဝတီခရိုင် PDF ထံမှ သိရသည်။
“ကြို့ပင်ကောက်မြို့နယ်မှာ ည ၈ နာရီလောက်က အုပ်ချုပ်ရေးမှုးရုံးနဲ့ စစ်မှုထမ်းဟောင်းရုံးကို သွားရောက် သတိပေးမိုင်းခွဲခဲ့တယ်ဆိုတာကို ကျနော်တို့အနေနဲ့ အတည်ပြုပါတယ်။ အဆောက်အဦး တွေ ပျက်စီးသွားတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။ စစ်ရေး Mission တွေကို ထုတ်ပြန်ဖို့ ကျနော်တို့အနေနဲ့ ကန့်သတ်ထားတာတွေရှိတယ်။ စစ်ကောင်စီက လုပ်မဲ့ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့လည်း မပါဝင် မပူးပေါင်း ဆန့်ကျင်ဖို့လိုပါတယ်။ ရှေ့ဆက်လည်း စစ်ရေးပစ်မှတ်တွေကို ထိထိရောက်ရောက် လုပ်ဆောင်သွားဖို့ရှိပါတယ်”ဟု ပဲခူးတိုင်း သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ရုံးများအား မိုင်းခွဲခံရပြီးနောက် ဇန်နဝါရီ ၁၅ ရက် ယနေ့ နံနက်ပိုင်းတွင် ရွာမာတောင် ရပ်ကွက်အတွင်း ရဲတပ်ဖွဲ့ဝင်အင်အား ၇ ဦးခန့် ကင်းလှည့်နေပြီး ဗုံးခွဲခံရသည့်ရုံးများ အနီးရှိ လမ်းသစ်တန်းလမ်းတွင် စစ်ဆေးရေးများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။
သာယာဝတီခရိုင်အတွင်း၌ စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခံနေမှုများကို ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပညာရေးဝန်ထမ်းများမှ ဦးဆောင်ကောက်ခံနေပြီး ခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် မှတ်ပုံတင် ပြုလုပ်ပေးမည်ဟု အကြောင်းပြကာ စာရင်းများကောက်ခံနေကြခြင်းဖြစ်သည်ဟု သိရသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် စစ်မှုထမ်းဟောင်းရုံး ဗုံးခွဲတိုက်ခိုက်ခံမှုသည် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ရင်းအမှတ် (၁) တပ်ခွဲ-၅ ၏ ပထမဆုံးသော မြို့ပြ မစ်ရှင်တစ်ခု ဖြစ်သည်ဟုလည်း သိရသည်။