By MPA
မြန်မာပြည်၏ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းရေတပ်စစ်ဦးချုပ်တို့ လာမည့် ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ တွေ့ဆုံကြမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
အဆိုပါ တွေ့ဆုံမှုအတွက်ဟုဆိုပြီး ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ မင်းဘာကြီးလမ်း ဘေးတစ်လျှောက်ရှိ ဆိုင်ခန်းများနှင့် လမ်းဘေး အဆောက်အဦးငယ်အချို့ကို စစ်ကောင်စီက ယခုလ ၁၀ ရက်နေ့က အတင်းအဓမ္မဖြို ဖျက်ခိုင်းခဲ့သည်။
ထိုကဲ့သို့ မဖြိုဖျက်မီ စစ်ကောင်စီလက်အောက်ခံ သံတွဲမြို့နယ်စည်ပင်သာယာအဖွဲ့က ထိုဖြိုဖျက်ခံလိုက်ရသည့် ဆိုင်ခန်းများနှင့် နေရာအချို့ကို ဇန်နဝါရီလ ၈ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရမည်ဟု ဇန်နဝါရီလ ၆ ရက်နေ့က တရားဝင် စာထုတ်သတိပေးခဲ့သည်။
” မနေ့ကတည်းက နေရာအားလုံးမှာ လုံခြုံရေးအပြည့် ချထားပါတယ်။ အစစ်အဆေးတွေလည်း နေရာအားလုံးမှာ လုပ်နေပါတယ်။ ဒီလဆန်းကတည်းက ကြိုတင်ပြင်ဆင်နေတာပါ။ အကြီးဆုံးလူတစ်ယောက်လာမယ်။ ဘယ်သူလာမလဲ ဆိုတာကတော့ နာမည်အတိအကျ မသိရပါဘူး” ဟု သံတွဲမြို့မှ စစ်ကောင်စီအရာရှိတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရန်ရှိသဖြင့် ရန်ကုန်တိုင်းရှိ စစ်ကောင်စီရေတပ်မှတပ်ဖွဲ့ဝင်များ ရှေးပြေးလုံခြုံရေးအဖြစ် မနေ့ကနည်းက ထိုနေရာသို့ စတင်ထွက်ခွာသွားကြသည်ဟု ထိုရေတပ်အသိုင်းအဝိုင်းက အတည်ပြုပြောကြသည်။
ထို့အပြင် ယမန်နေ့ကစတင်ပြီး ဂွ၊ တောင်ကုတ်၊ ကျောက်ဖြူ၊မာန်အောင်၊ သံတွဲမြို့နယ်များတွင်လည်း မြို့အဝင်အထွက်နှင့် အရေးကြီးသောလမ်းများကို ပိတ်ဆို့ထားသည့်အပြင် လုံခြုံရေးတင်းကျပ်ပြီး အစစ်အဆေးများလည်းရှိနေကြောင်း ဒေသခံများက ဆိုကြသည်။
သံတွဲမြို့တွင်မူ စစ်ကောင်စီ၏ စစ်သား၊ ရဲများအပါအဝင် ဌာနဆိုင်ရာပေါင်းစုံမှ ကင်းပုန်းချခြင်း၊ လှည့်ကင်းများချ၍ လိုက်လံစစ်ဆေးခြင်း၊ ရပ်ကွက်တိုင်း၌ နေအိမ်များကို တစ်အိမ်တက်တစ်အိမ်ဆင်း ဧည့်စာရင်းစစ်ဆေးခြင်းများအအပြင် ဆိုင်ကယ်၊ ကားများကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။
” အခုက အရေးကြီးတဲ့နေရာတွေအနီးက ဆိုင်တွေကိုပါ ပိတ်ခိုင်းနေပါတယ်။ မနေ့ညက လာပြီးပြောတာပါ။ မပိတ်လို့မရဘူးလို့ပြီး ပိတ်ပေးလိုက်ရပါတယ်။ ကမ်းခြေဘက် စစ်တပ်ဘက်လမ်းတွေဆိုရင် ဘယ်သူမှ မသွားရတော့ဘူး” ဟု သံတွဲမြို့ပေါ်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက MPA သို့ ပြောသည်။
ထို ထိုင်းရေတပ်စစ်ဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင် ၃၀ ခန့်ပါ ဝင်မည်ဖြစ်ပြီး ထိုင်းတော်ဝင်လေတပ်၏ အထူးလေယာဉ်ဖြင့် လာမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီအရာရှိအချို့က ဆိုကြသည်။
ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် လာမည့်ရွေးကောက်ပွဲထက် အမေရိကန်အစိုးရက အတည်ပြုခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဘားမားအက်ဥပဒေကြောင့် ကြိုတင်ပြင်တင်မှုဖြစ်ပြီး ထိုရခိုင်တောင်ပိုင်းတွင် တည်ဆောက်ပြီးစီးသွားသည့် ရုရှားရေတပ်၏ အထိုင်စခန်းသို့ လာကြည့်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်မည်ဟု ရခိုင်အရေး စောင့်ကြည့်လေ့လာသူများက ဆိုကြသည်။
ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့တွင် စစ်ကောင်စီ၏ ဓညဝတီရေ တပ်ဌာနချုပ်ရှိသည့်အပြင် ယခုနောက်ပိုင်း ရုရှားရေတပ်အထိုင်းစခန်းတစ်ခုနှင့် ဂွမြို့နယ်၊ အငူကမ်းခြေတွင်လည်း နောက်ထပ် နိုင်ငံတကာရေတပ်စခန်းတစ်ခု တည်ဆောက်နေကြောင်း ဆိုကြသည်။
ရခိုင်တိုက်ပွဲများအတွင်း အထိနာခဲ့သည့် အာဏာသိမ်းစစ်ကောင်စီရေတပ်သည် ပြီးခဲ့သည့်တကျော့ပြန်တိုက်ပွဲအတွင်း ရေတပ်ကိုသာ အဓိကအားထားပြီး ထောက်ပို့၊ စစ်ရေးနှင့်ပစ်ကူစစ်ကူများအတွက် အဓိကအသုံးပြုလာခဲ့သည်ဟုလည်း ရခိုင်စစ်ရေးလေ့လာသူများက ဆိုကြသည်။