ကော်ဘရာစစ်ကြောင်းနှင့် သုံးထပ်ကွေ့အနီး တွင် တစ်လကျော်ကြာ တိုက်ပွဲ ဖြစ်ပွားနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂) မှ စစ်သည် (၄) ဦးသည် သြဂုတ်လ (၃)ရက်နေ့က ကော်ဘရာစစ်ကြောင်းအား ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့သည်။
ပြည်သူ့ချစ်မေတ္တာခံယူ၍ CDM ပြုလုပ်ခဲ့သော ခမရ (၂) မှ စစ်သည်(၄)ဦးမှာ တပ်ကြပ် ဇော်မင်းဦး၊ (ကပ -၉၃***၉) စစ်မှုထမ်းသက် နှစ်(၃၀)၊ တပ်သားဟိန်းစိုး(တ-၅၁***၆)၊ တပ်သား စိုးဝင်း (တ- ၅၄***၃)၊ နှင့် တပ်သား ဇော်ဇော် (တ- ၄၀***၃) တို့ ဖြစ်ကြသည်။
“ ရခိုင်မှာ ၂နှစ်ကျော်တာဝန်ကျော်တာ၀န်ထမ်းဆောင်ပြီးတော့ ကိုယ်တပ်ရင်းမှာ ၄ရက်ပဲနားခဲ့ရတယ်။ မိသားစုနဲ့ကောင်းကောင်းမတွေ့ရဘူး။ချက်ခြင်းပဲ လေးကေ့ကော်(ကရင်ပြည်နယ်)ကို ဘာလုပ်မယ်ဆိုတာမပြောပဲ ကားနဲ့ အတင်းခေါ်လာတယ်။ အဲဟာတွေကိုမကြိုက်လို့ပြေးလာတာပါ။” ဟု အကြမ်းဖက်စစ်တပ်တွင် လုပ်သက်၂၉ နှစ်ရှိပြီဖြစ်သည့် တပ်ကြပ် ဇော်မင်းဦးက MPA ကိုပြောသည်။
ကော်ဘရာစစ်ကြောင်းသည် CDM ခိုလှုံလာသော စစ်သည်များအား လုံခြုံဘေးကင်းသော နေရာ၌ နေထိုင်သွားလာ၊ စားဝတ်နေရေး၊ လုံခြုံရေး အဆင်ပြေစေရန် ကောင်းမွန်စွာ စီမံထားရှိထားပါကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်အပ်ပါသည်။
“ ပြည်သူလူထုပေးတဲ့လစာနဲ့ ရိက္ခာကိုစားပြီး ပြည်သူလူထုကိုပုန်ကန်တာတော့ မကောင်းဘူး။ ကျနော်ကတော့သဘောမကျဘူး ။ ကျနော်ပြည်သူကိုတခါမှ မပစ်ခဲ့ဘူး “ ကျိုက်ထိုတွင် တာ၀န်ကျခဲ့ဖူးသည့် တပ်သားစိုး၀င်းကဆိုသည်။
ထပ်မံ၍ ပြည်သူ့ရင်ခွင် ခိုလှုံလာသော အခြားစစ်သည်များ၏ အခြေအနေအား လုံခြုံရေးအရ စိတ်ချရသော အချိန်များတွင် အလျင်းသင့်သလို သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ပြီး ထပ်မံ၍ CDM ခိုလှုံလိုသော စစ်ကောင်စီ တပ်သားများအနေဖြင့်လည်း Cobra Column Facebook Page အား ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ကြောင်းထုတ်ပြန်ထားသည်။
မြဝတီ – ဝေါ်လေ ကားလမ်းမအနီး သုံးထပ်ကွေ့နှင့် ဆက်စပ်နေရာများအား အကြမ်းဖက် စစ်ကောင်စီမှ ဇူလိုင်လ (၇) ရက်နေ့မှ စတင်ကာ စစ်ကြောင်းများစွာဖြင့် ကျူးကျော်ရန် နေ့စဉ် ကြိုးစားခဲ့ပါသဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊စည်းစိမ်နှင့် ပြည်သူ့လုံခြုံရေး အတွက် တာဝန်ထမ်းဆောင်နေသော ကော်ဘရာစစ်သည်တော်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များ မည်သည့်နေရာမျှ မသိမ်းပိုက်နိုင်ဘဲ တပ်ရင်းများ၊ စစ်ကြောင်းများ ဖွဲ့စည်းပုံပျက်ယွင်းသည်အထိ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ကျဆုံးခြင်း၊ ထွက်ပြေးခြင်း၊ CDM ပြုလုပ်ခြင်းများ ဖြစ်ပွားလျက်ရှိသည်။