ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ မိုင်တိုင်အမှတ် ၄၀ အနီးရှိ အကြမ်းဖက်စစ်တပ်၏ နယ်ခြားစောင့်စခန်းတစ်ခုကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ရက္ခိုင်တပ်တော်(AA)က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။
” မိုင်တိုင် ၄၀ အနီးက နယ်ခြားစောင့်စခန်းကို အေအေကဝင်တိုက်တာပါ။ အဲဒီမှာရှိတဲ့ နယ်ခြားစောင့်တွေကျသွားသလို စခန်းလည်းကျသွားတယ်လို့ကြားပါတယ် ” ဟု တောင်ပြိုလက်ဝဲရှိ ဌာနဆိုင်ရာအရာရှိတစ်ဦးက MPA သို့ပြောသည်။
အဆိုပါစခန်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်အရာရှိအပါအဝင် တပ်ဖွဲ့ဝင်အများအပြား သေဆုံးကြောင်း ထိုအရာရှိကဆိုသော်လည်း အရေအတွက်အတိအကျကို MPA က သီးခြားအတည်မပြုနိုင်သေးပေ။
” စက်သေနတ်ပစ်သံ၊ လက်နက်ကြီးပစ်သံတချို့တော့ ကြားလိုက်ရပါတယ်။ အချိန်အကြာကြီးတော့မဟုတ်ပါဘူး။ ဘယ်အဖွဲ့တွေဖြစ်ကြတာလဲတော့ သေချာမသိပါဘူး ” ဟု ဒေသခံတစ်ဦးကMPA သို့ပြောသည်။
ထိုပစ်ခတ်သံများကြားရသည့်နေရာမှာ လက်ပံတောင်ကြော၏ အရှေ့မြောက်ဖက် နယ်စပ်မိုင်တိုင် ၄၀ အနီးအနားဖြစ်ပြီး ထိုအနီးတွင် အကြမ်းဖက်စစ်တပ်၏ နယ်ခြားစောင့်စခန်းတစ်ခုရှိကြောင်း ဒေသခံများက အတည်ပြုပြောကြသည်။
” ပြီးခဲ့တဲ့တိုက်ပွဲဖြစ်ပြီးကတည်းက စစ်တပ်ကတော့ အင်အားတိုးထားပါတယ်။ တချို့စခန်းတောင်ကုန်းတွေပေါ်မှာ လက်နက်ကြီးတွေ တည်ထားတာတွေ့ရပါတယ် ” ဟု မောင်တောဒေသခံတစ်ဦးက MPA သို့ပြောသည်။
ထိုမောင်တောမြောက်ပိုင်းတွင် ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)နှင့် အကြမ်းဖက်စစ်တို့ကြား ထိတွေ့တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့ပြီး အရာရှိတစ်ဦးအပါအဝင် အကြမ်းဖက်တပ်ဖွဲ့ဝင် ၁၄ ဦးကို အေအေဖက်က ဖမ်းဆီးရမိခဲ့သည်။
ထိုထိတွေ့တိုက်ပွဲအတွင်း အရာရှိအပါအဝင် အကြမ်းဖက်တပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးခဲ့ပြီး နောက်တစ်နေ့ ဇူလိုင်လ ၁၉ ရက်နေ့မှစတင်ပြီး အကြမ်းဖက်စစ်တပ်မှ တပ်မ ၂၂ အပါအဝင် အင်အား၂၀၀ နီးပါး ထပ်တိုးချထားခဲ့သည်။
ထို့အပြင် ရသေ့တောင်မြို့နယ်၊ အငူမော်ဆိပ်ကမ်းမှတဆင့် အကြမ်းဖက်စစ်တပ်၏ ကမ်းထိုးရေယာဥ်နှစ်စီးဖြင့် ဇူလိုင် လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ အကြမ်းဖက်စစ်သား ၃၀၀ ခန့်နှင့် လက်နက်ရိက္ခာများပါ ဖြည့်တင်းထားကြောင်းလည်း မြင်တွေ့ရသူများက ဆိုသည်။