မအောင်မြင်သော အာဏာသိမ်းကာလ ရက်ပေါင်း၁၃၀၀အတွင်း မြို့ပေါင်း၈၀ နီးပါးကို တော်လှန်ရေး တပ်များ သိမ်းပိုက်နိုင်ခဲ့ခြင်းမှာ နေပြည်တော်အာဏာ မီးဝိုင်းနေပြီဖြစ်ကြောင်း အကောင်းဆုံး သက်သေပြချက် ဖြစ်သည်။
ဩဂုတ်၂၃ရက်တွင် တော်လှန်ကာလ ရက်ပေါင်း၁၃၀၀ ပြည့်ခဲ့သည်။တိတိကျကျပြောရလျှင် ရက်ပေါင်း ၁၃၀၀ အတွင်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့်မြို့မှာ စုစုပေါင်း ၇၇မြို့။အင်အားတောင့်တင်းပြီး ခိုင်ခံ့ လှပါသည်ဆိုသော စစ်တပ်မှာ တိုက်တိုင်းရှုံးတပ်၊အလံဖြူထောင်တပ်၊ဂီလာနတပ်သာဖြစ်ပြီး တကယ်တိုက်လျှင် အဟုတ်ပြုတ်နိုင်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းကပင် ပါးစပ်အဟောင်းသားဖြင့် လက်ခံလိုက်ရပြီဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် ရာထူးမျိုးစုံပေးထားသော မင်းအောင်လှိုင်မှာ ကမ္ဘာပေါ်တွင် ရှာမှရှားသော စစ်ရှုံးကာ ချုပ်သာဖြစ်ကြောင်း ပထမအကျော့၁၀၂၇စစ်ဆင်ရေးကတည်းက ကိုးကန့်တပ်မတော်MNDAAနှင့် တအောင်း တပ်မတော်TNLA တို့က အထုပ်ဖြည်ပြခဲ့ပြီးဖြစ်သည်။
ယခု ဒုတိယအကျော့ ၁၀၂၇စစ်ဆင်ရေး၊ဒေါင်ဒေါင်မြည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကြီးကို တစ်လနှင့် အပြတ် MNDAAပူးပေါင်းတပ်က အပြုတ်နှံပြီးသည့်အချိန်တွင် မင်းအောင်လှိုင် ဘယ်လိုကာချုပ်ဖြစ်လာသလဲဟု စစ်အုပ်စုဝင်များကပင် မေးခွန်းထုတ်ကြတော့သည်။
ပြင်ပရန်ဖြစ်သော တော်လှန်ရေးအင်အားစုတို့၏ အရှိန်ပြင်းလှသည့် မြားအစင်းစင်းကို လည်စင်းခံနေရ သည်မှာ စစ်တပ်၏အသည်းနှလုံးမြို့တော် ပြင်ဦးလွင်နှင့် အထက်မြန်မာမြို့တော်ကြီး မန္တလေးမြို့ပင်လျှင် မီးဟပ် ခံနေရပြီဖြစ်သည်။ပြောက်ကျားစစ်ကို အခြေတည်ဖွဲ့စည်းထားသော ဒေသခံPDFတပ်တို့က နွားထိုးကြီးမြို့နှင့်ဒီပဲ ယင်းမြို့တို့ကို တက်သိမ်းကာ ဆွဲလှုပ်ပြခဲ့သည်။
အရှိန်တညီးညီး တောက်လောင်လာသော ပြင်ပရန်မီး၏ ဝါးမြိုမှုကို စစ်ကောင်စီတပ်က အကြိမ်ကြိမ်ခံရ ကာ တစ်ဆုတ်တည်း ဆုတ်လာရသည်နှင့်အမျှ အတွင်းရန်မီးတို့မှာလည်း မင်းအောင်လှိုင်အပါး ပွားများလာကာ မင်း အောင်လှိုင်အာဏာ အသိမ်းခံရတော့မည်လားဆိုသည့် မေးခွန်းထုတ်သံလည်း ကျယ်လောင်လာခဲ့သည်။
တရုတ်က မင်းအောင်လှိုင်ကို အလိုမရှိကြောင်း ပြောကြားခဲ့သည်။မင်းအောင်လှိုင်ကို ခြေချခွင့်မပေး ခဲ့သော တရုတ်မြေသို့ သမ္မတဟောင်းသိန်းစိန်နှင့် ဒုချုပ်စိုးဝင်းကို တရုတ်က ဖိတ်ခေါ်ခဲ့သည်။ ဩဂုတ်၃ရက်၊အ ရှေ့မြောက်တိုင်းစစ်ဌာနချုပ် MNDAA လက်အောက် ကျရောက်ခဲ့ပြီးနောက် စစ်ကျွန်မျိုးချစ်တို့ ကြား မင်းအောင် လှိုင် လစ်တော့ဆိုသည့် ညောင်နာနာအသံ ထွက်ပေါ်လာခဲ့သည်။
ထိုသို့ စစ်အုပ်စုဝင်များကြား မင်းအောင်လှိုင်အပေါ် အတိအလင်းဝေဖန်လာသည့်အချိန်တွင် မင်းအောင် လှိုင်က သူ၏ လူယုံများဖြစ်သော အောင်လင်းဒွေး၊ညိုစောနှင့် ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးရာထူးတိုးပေးလိုက်ခြင်း နှင့် စိုးဝင်း၏ရုံးခန်းကို ပြောင်းရွှေ့လိုက်ခြင်းက အတွင်းရန်မီး ကြိုတင်ကာကွယ်ရေးအစီအမံအရ မင်းအောင်လှိုင် ကိုယ့်ခံတပ်ကိုယ် ခိုင်သထက်ခိုင်အောင် တည်ဆောက်နေခြင်းလားဟု မေးခွန်းထုတ်မှုများ ရှိလာသည်။
မင်းအောင်လှိုင်က စစ်ကောင်စီအတွင်း ပခုံးချင်းလာယှဉ်နိုင်များကို ချောင်ထိုးခြင်းနှင့်အပြတ်ရှင်းခြင်း တို့ပြုလုပ်ကာ မည်သူမျှ မော်မကြည့်ရဲသည့်အခြေသို့ရောက်အောင် သွက်သွက်လှမ်းလာသည့်သဘောရှိသည်။သို့ သော် ၊စစ်ကောင်စီအတွင်းသားထဲ သဘောထားကွဲလွဲမှုများ မည်သို့ပင်ရှိစေကာမူ၊နေပြည်တော်စစ်ဗိုလ်ချုပ်တို့မှာ မင်းအောင်လှိုင် သိမ်းထားသည့်အာဏာကို ပြန်သိမ်းဝံ့သည်အထိ သွေးမရှိသလို ပြည်သူ့ရင်ခွင်ဝင်ခြင်းအမှုကိုပင် မည်သို့မျှ မတတ်နိုင်တော့သည့်အဆုံး နောက်ဆုံးအဆင့်သို့ရောက်မှသာ ရွေးချယ်မည့်သူများသာလျှင်ဖြစ်သည်။
ထို့ကြောင့် နေပြည်တော်တွင် အာဏာဘယ်တော့သိမ်းမလဲဟု မျှော်ငေးနေခြင်းသည် တော်လှန်ရေးကို စိတ်အနှောက်အယှက်ဖြစ်စေသော မလိုလားအပ်သည့် စိတ်ကူးယဉ်မှုသာလျှင်ဖြစ်သည်။
နိုင်ငံတကာအသိုင်းအဝိုင်း၏ လက်တွေ့ကျသော အကူအညီများ မပါဘဲ ရက်ပေါင်း ၁၃၀၀အတွင်း မြို့ပေါင်း၇၇မြို့ကို သိမ်းယူနိုင်ခဲ့ခြင်းမှာ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်ဖြင့် မုန်တိုင်းထန်နေသည့် ပင်လယ်ကို ရဲရဲဖြတ်ခဲ့ ခြင်းကြောင့်သာဖြစ်သည်။
နွေဦးတော်လှန်ရေး၏ ကြီးမြတ်သော ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်ကို ကျစ်ကျစ်ပါ ဆက်လက်ဆုပ်ကိုင် ကာ ကိုယ်တနိုင် သူတစ်ဆုပ်မက ဆက်လက် ထည့်ဝင်ခြင်းသည်သာလျှင် အောင်မြေဆီသို့ အရောက်လှမ်းနိုင်မည့် တစ်ခုတည်း သောလမ်းဖြစ်သည်။