တိုင်းပြည်ဧရိယာများစွာ တော်လှန်ရေးတပ်များ လက်ထဲ ဝကွက်အပ်ထားရရုံမက မန္တလေးမြို့သို့ပင် စစ်မီးဟပ်နေပြီဖြစ်သော အခြေအနေတွင် စစ်ကောင်စီ၏အသက်ကို ကယ်တင်ပေးရန် ပြည်ပအားကိုး ပုဆိန်ရိုး ဒုတိယအာဏာရှင်ဟောင်းသန်းရွှေက တရုတ်အစိုးရထံ တောင်းပန်တိုးလျှိုးလိုက်သည်။
ဩဂုတ်၁၄ရက်နေ့၊နေပြည်တော်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံစဉ် အာဏာရှင် ဟောင်းသန်းရွှေက တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအား ပြည်ပ ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေး ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရေး တန်ဖိုးရှိသော အထောက်အပံ့များပေးရန် ပြောကြားခဲ့သည်။
သန်းရွှေ၏ ပြောကြားချက်ကို တိတိပပ ဖွင့်ဆိုရသော် အရေးပေါ်ခန်းထဲ ပက်လက်ဖြစ်နေသော စစ်ကောင်စီ၏ အသက်ကို ကယ်တင်ပေးရန် တရုတ်အစိုးရအား တောင်းပန်တိုးလျှိုးလိုက်ခြင်းပင်ဖြစ်သည်။
ဩဂုတ်၁၄ရက်တွင် နေပြည်တော်၌အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ဒုတိယအာဏာရှင် ဟောင်း သန်းရွှေတို့နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံခဲ့သည်။ထိုသို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးက မြန်မာ့အရေး ပြည်ပအင်အားစုများ ဝင်ရောက် စွက်ဖက်မှုကို အခိုင်အမာ ဆန့်ကျင် ကြောင်း ပြောကြားခဲ့သလို အာဏာသိမ်းစစ်ကောင်စီ၏ ရှေ့လုပ် ငန်းစဉ်ငါးရပ်ကို ထောက်ခံကြောင်းလည်း ဆိုကာ အမောဖောက်နေပြီဖြစ်သော အာဏာရှင်တို့အား ယပ်ခတ်ပေးခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို ထောက်ခံခြင်းမှာ အာဏာသိမ်းခြင်းကို အပြင်း အထန်ဆန့်ကျင်နေသော မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးအား အတိအလင်း ဆန့်ကျင်လိုက်ခြင်းဖြစ် သော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအပေါ်ထားရှိသော တရုတ်၏မူဝါဒမှာ မြန်မာပြည် သူတစ်ရပ်လုံးကို မျက်နှာမူကြောင်းလည်း ပြောထွက်ခဲ့သေးသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်ခရီးစဉ်အတွင်း မြန်မာ့ပြည်တွင်းရေး ဝင်မစွက်ရေးမူ ကို တရုတ်က ခိုင်မာစွာ လက်ကိုင်ထားကြောင်း ပြောကြားခဲ့သလို ဩဂုတ်၁၆ရက်၊ထိုင်းနိုင်ငံတွင် ပြုလုပ်သော ထိုင်း၊မြန်မာ၊လာအို၊တရုတ် လေးနိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောတွေ့ဆုံပွဲ၌လည်း မြန်မာ့ပြည် တွင်းရေးကို တရုတ်ဝင်မစွက်ကြောင်း ထပ်မံပြောကြားကာ မြန်မာ့အရေးကိစ္စတွင် ကျော်လွန်၍မရသော စည်း သုံးခုကို ခိုင်မာစွာ ထိန်းသိမ်းထားရမည်ဟုလည်း လမ်းညွှန်ချက်ပေးနေပြန်သည်။
ယင်းစည်းသုံးခုမှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍ မရခြင်း၊ အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်းနှင့် ပြင်ပအင်အားစုများ ထင်သလိုစိမ့် ဝင်၍ ဝင် ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းဟုဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထိုသို့ စည်းသုံးချက်တားပြလိုက်သည့်အချိန်တွင် မြန်မာနိုင်ငံအတွင်း မီးဟုန်းဟုန်းတောက်နေပြီဖြစ်သည်။မည်သို့သော အရင်းအမြစ်များကြောင့် မီးဟုန်းဟုန်းတောက်နေရသ နည်း။မတည်ငြိမ်မှုနှင့် စစ်ပွဲ များဖြစ်ပွားနေမှုကို ရပ်တန့်စေလိုလျှင် ပြဿနာ၏ အရင်းအမြစ်အား သိရှိ ဖော် ထုတ်နိုင်မှသာ မည်သို့မည်ပုံ ကိုင်တွယ်ရမလဲဆိုသည့် နည်းနာအမှန်ကို သိရှိပေမည်။
ပြဿနာ၏အရင်းအမြစ်မှာ အသက်ငင်နေသော စစ်အာဏာရှင်စနစ်ဖြစ်ပြီး မိုက်လုံးကြီးစွာဖြင့် ၂၀၂၁ ခုနှစ်တွင် မအောင်မြင်သောအာဏာသိမ်းပွဲကို စတင်လိုက်ခြင်းပင်ဖြစ်သည်။
ပြဿနာကောင်ကြီးကြောင့် ဖြစ်ပေါ်လာသော မတည်ငြိမ်မှုနှင့် စစ်ပွဲများကို တရုတ်က မသိချင် ယောင်ဆောင်လိုက်သည်။ထို့အပြင် ပြဿနာကောင်ကြီးက မီးမွှေးခဲ့သော ပြဿနာများကို ပြန်လည်ရင်ဆိုင် ငြှိမ်းသတ်ရန် ကြိုးစားနေကြသူများအား မတည်ငြိမ်ခြင်းအမှု ကျူးလွန်နေသူများပမာ တရုတ်ကလက်ညှိုးထိုး ချင်ပြန်သည်။ဆက်လက်ပြီး စစ်ကောင်စီကျူးလွန်ခဲ့သမျှအားလုံးကို မေ့ပစ်ကာ စစ်ကောင်စီဖောက်သည့် လမ်း ကြောင်းအတိုင်း လျှောက်ရန်ပင် တရုတ်က လမ်းညွှန်ပေးလိုက်သေးသည်။
တရုတ်သည် စစ်ကောင်စီကျူးလွန်ခဲ့သည့် မအောင်မြင်သော အာဏာသိမ်းပွဲ၊ ပြည်သူကို ပစ်မှတ် ထား သတ်ဖြတ်နေသော စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန်ဆန္ဒလုံးဝမ ရှိ ခြင်းအပေါ် ပြည်တွင်းရေး ဝင်မစွက်ခြင်းမူအရဟုဆိုကာ ကန့်ကွက်ကြောင်းတစ်စုံတစ်ရာ ထုတ် ဖော်ပြောဆို ခြင်းမရှိသည့်အပြင် စစ်ကောင်စီဖောက်သည့်လမ်းကိုပင် ပရိုမိုးရှင်းလုပ်နေခြင်းမှာ အိမ်နီး ချင်းနိုင်ငံကြီး တစ် နိုင်ငံ၏ မြန်မာပြည်သူတို့အပေါ် ထားသည့်စေတနာနှင့် ကျင့်ဝတ်သိက္ခာအား မေးခွန်း ထုတ် ရပေတော့မည်။
လက်ရှိမြန်မာနိုင်ငံအခြေအနေမှာ စိတ်ပူပန်ရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုမှုအ ပေါ် နားလည်၍ရသည်။မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောခဲ့သလို မြန်မာ့အရေး ရေရှည်တည်ငြိမ်အေးချမ်းသောလမ်းကို ရှာလိုလျှင် စစ်ကောင်စီတစ်ဘက်တည်းနှင့်သာ ဆက်ဆံကာ စစ် ကောင်စီအထိုင်ပေါ်မှနေ၍ မြန်မာပြည်သူတို့၏ ဆန္ဒကို မပစ်ပယ်မိရန် လိုပေသည်။
မည်သို့ပင်ဆိုစေ၊မြန်မာပြည်သူတို့သည် ကိုယ့်လမ်းကိုယ်ဖောက်ကာ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ် ဖြင့် နွေဦးအောင်မြေဆီသို့ ခရီးနှင်မြဲ နှင်နေဆဲပင်ဖြစ်သည်။