မန္တလေးမြို့ နန်းတွင်းထဲ အဓမ္မဝင်ရောက်နေရာယူထားသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သည် သိပ်များ မကြာမီ အမှုန့်ချေခံရတော့မည်ဟု နိုင်စိတ်ပြင်းနေသော PDF ရဲဘော်များကြား မာမာထန်ထန် ပြောနေကြပြီဖြစ်သည်။
ဩဂုတ်သုံးရက်၊လားရှိုးမြို့၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးတပ်များ သိမ်းပိုက် လိုက်ပြီးနောက်တွင် ပြင်ဦးလွင်နှင့် မန္တလေးသည် မဝေးတော့ကြောင်း တော်လှန်ပြည်သူများကြားမှာပင် ဟောကိန်းထုတ်ကြလေပြီ။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဆိုသည်မှာ အစဉ်အလာကြီးပြီး မာကျောသော တိုင်းစစ်ဌာနချုပ်။ ပထမအကျော့ ၁၀၂၇စစ်ဆင်ရေးအပြီး စစ်သားအင်အားရော လက်နက်ခဲယမ်းများပါ အလုံးအရင်းနှင့်ထပ် မံအားဖြည့်ခဲ့သဖြင့် ဒေါင်ဒေါင်မြည်။
ထို့ကြောင့်ပင် ဒုတိယအကျော့ ၁၀၂၇စစ်ဆင်ရေး စတင်ပြီးနောက် ဇူလိုင်သုံးရက်တွင် လားရှိုးမြို့ကို MNDAA ပူးပေါင်းတပ် စတင်တိုက်ခိုက်သောအခါ အသေအချာခံစစ်ပြင်ထားသော အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်ကို လွယ်လွယ်နှင့် သိမ်းပိုက်နိုင်မည်မဟုတ်ကြောင်း ကျွမ်းကျင်သူတို့က ဟောကိန်းထုတ်ခဲ့သေးသည်။
သို့သော်၊သံမဏိသားကျ ခိုင်ခံ့ပါသည်ဆိုသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တစ်လအကြာ ဩ ဂုတ်သုံးရက်တွင် MNDAAပူးပေါင်းတပ်တို့က သိမ်းပိုက်ပြခဲ့သည်။မင်းအောင်လှိုင် ဂီလာနတပ် စရှုံးပြီဆိုသည် နှင့် အလံဖြူထောင်၊တပ်သားထောင်နှင့်ချီ အညံ့ခံ။တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊စကခမှူး ဗိုလ်မှူးချုပ်မျိုး မင်းထွေးနှင့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို အရှင်ဖမ်းမိခဲ့သေး။ အရေးပါသော စစ်တိုင်း ကြီး တစ်တိုင်း တစ်လနှင့် ပြားပြားမှောက်သွားခြင်းမှာ စစ်တပ်သမိုင်းအဆက်ဆက် တစ်ကြိမ်တစ်ခါမျှ မရှိ။ ဗိုလ် ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့် တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးခံရခြင်းမှာလည်း ရာဇဝင်တွင်လောက်သည့် အရှုံး မော်ကွန်းဖြစ်သည်။
ဘာ့ကြောင့် မြန်မြန်ဆန်ဆန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပြားပြားမှောက်ခဲ့သနည်း။စစ်ကောင်စီ တပ်သားများမှာ စစ်တိုက်ချင်စိတ် လုံးဝမရှိတော့ခြင်းပင်ဖြစ်သည်။ထပ် အသေးစိတ်ရသော် စစ်သားများသည် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်စု အာဏာရရှိရေးအတွက် အသေမခံနိုင်တော့ခြင်းနှင့် စစ်သားတိုင်းတွင် ရှိကိုရှိရမည့် အနိုင်ယူလိုစိတ်၊ အောင်စိတ် သို့မဟုတ် စစ်သားတို့၏ဝိညာဉ် လုံးဝ သေဆုံးသွားခြင်းကြောင့် ဖြစ်သည်။
ပြည်သူကို ပြန်သတ်သည့် စစ်တပ်၊ခိုးဆိုးလုယက် မီးရှို့ဖျက်ဆီးတပ်၊မည်သည့်နေရာတွင်မဆို ပြည် သူတို့၏ ရွံရှာမုန်းတီးသောမျက်လုံးစိမ်းများနှင့်သာ ရင်ဆိုင်နေ ရသော စစ်တပ်။ပြည်သူထောက်ခံမှု လုံးဝမ ရှိသောစစ်တပ်။ထိုသို့သောစစ်တပ်ကို ဦးဆောင်နေသူများက နေပြည်တော်ကျည်လုံမှန်ခန်းထဲမှနေ၍ ရှေ့ တန်းရောက်စစ်သားများ ရဲဝံ့စွာ အသက်ပေးတိုက်ပွဲဝင်ကြရန် မိန့်ကြားနေကြခြင်းမှာလည်း စစ်သား ဝိဉာဉ် ပျောက်ဆုံးစေသော တွန်း အားတစ်ရပ်ဖြစ်သည်။
ထို့ထက်ပိုဆိုးသည်မှာ ဂုဏ်ထူးဆောင် စစ်ရှုံးကာချုပ်မင်းအောင်လှိုင်မှာ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်တွင် စစ်သား များ သေပွဲဝင်နေသည့် ဩဂုတ်သုံးရက်၌ နေပြည်တော် အမျိုးသားပြတိုက်နှင့် မီးရ ထားစက်ခေါင်းစက်ရုံများသို့ လှည့်လည်ကာ ဂုဏ်ခံနေခြင်းပင်ဖြစ်သည်။
တကယ့်ကို အရေးကြီးသော စစ်တိုင်းတစ်တိုင်း၏ အသက်ငင်ချိန်၊စစ်တိုင်းနယ်မြေအတွင်း စစ်သား များ အသက်ပေးနေရချိန်တွင် ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူထားသော မင်းအောင်လှိုင်မှာ သူနှင့် မည်သို့ မျှ မသက်ဆိုင်သည့်ပမာ နေပြည်တော်ကျည်လုံမှန်ခန်းထဲမှနေ၍ ဦးဆောင်မှုပေးရန်ပင် ပျက်ကွက်ခဲ့ခြင်းဖြစ် သည်။
ထို့နောက် ဩဂုတ်ငါးရက်တွင် တအောင်းတပ်မတော်TNLA နှင့် ပူးပေါင်းတပ်က ကျောက်မဲမြို့ကို သိမ်းပိုက်လိုက်ပြန်သည်။ဆက်လက်ပြီး သီပေါမြို့သည် နေ့လားညလား။ စစ်တပ်၏အသည်းနှလုံးမြို့ဖြစ်သော ပြင်ဦးလွင်မြို့မှာ အောင်စိတ်ထန်နေသော တော်လှန်ရေးတပ်များအတွက် လားရှိုးလောက် ခက်မည်မထင်။
ရှမ်းမန်းစစ်ဆင်ရေး၏ အဓိကပစ်မှတ်ကြီးဖြစ်သော မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အ ရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် နှိုင်းယှဉ်ပါက ခိုင်ခံ့မှုမရှိပေ။ထို့ကြောင့် မန္တလေးမြို့တွင်းသို့ တော်လှန်ရေးအ လံတော် တလူလူလွှင့်ထူ ချီလာမည့်နေ့သည် သိပ်မဝေးတော့ဟု များစွာသော ပြည်သူတို့ တွေးထင်နေကြခြင်း ဖြစ်သည်။
ယနေ့အထိ စစ်ကောင်စီတပ်၏ အားသာချက် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ရမ်းပစ် ခြင်း၏ ထိရောက်မှုသည် အကန့်အသတ်ရှိကြောင်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မြို့ပေါင်း၇၀ ကျော်က သက်သေခံနေပေသည်။
တော်လှန်ရေးတပ်တို့က အောင်စိတ်အပြည့် နိုင်မြင်းအဖြစ် ဒရကြမ်း ရှေ့သို့ချီလာချိန်တွင် စစ်ကောင် စီတပ်မှာ အရှုံးပေါ် အရှုံးထပ် တိုက်တိုင်းရှုံးတပ်အဖြစ် ရာဇဝင်တွင်နေခြင်းမှာ မန္တလေးမြို့အောင်ပွဲအကြောင်း ရဲရဲတင်းတင်း ပြောဆိုလာကြခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေပေသည်။