ကိုယ်တိုင်ခန့် ယာယီသမ္မတအဖြစ် မင်းအောင်လှိုင် စတင် တာဝန်ထမ်းဆောင်ပြီး ရက်ပိုင်းအတွင်းမှာ ပင် မိုးကုတ်မြို့နှင့် လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးတပ်များ သိမ်းပိုက်လိုက်သည်။
ဇူလိုင်၂၄ရက်၊ညနေပိုင်းတွင် မိုးကုတ်မြို့ကို TNLA၊PDF ပူးပေါင်းတပ်က အလုံးစုံ သိမ်းပိုက်လိုက်ပြီး နောက် မိုးကုတ်မြို့တွင်းသို့ လှည့်လည်လာသော တော်လှန်ရေးတပ်ယာဉ်တန်းကို မိုးကုတ်ပြည်သူတို့က အောင်သပြေ၊ရှမ်းအိုစည်၊စိတ်လွတ်ကိုယ်လွတ် ကြည်နူးပျော်ရွှင်နေသော အပြုံးများဖြင့် ကြိုဆိုနေကြသည်မှာ လောကဓံပေါင်းသောင်းခြောက်ထောင်ဖြင့် ကျပ်ခဲနေသော မြန်မာပြည်သူတို့၏ ရင်ထဲသို့ပင်ကူးစက် ပျော်ရွှင် ခဲ့ရသည်။
မိုးကုတ်ပြည်သူတို့၏ ပျော်ရွှင်မှုသည် တော်လှန်ရေးရဲဘော်များအတွက် ခွန်အားဖြစ်စေကြောင်း မိုး ကုတ်ဗျူဟာက ထုတ်ပြန်ခဲ့သည်။နွေဦးတော်လှန်ရေး အောင်ကိုအောင်ရမည်ဆိုသော အောင်စိတ်ဖြင့် မိုး ကုတ်မြို့တွင်းသို့ လှည့်လည်ခဲ့ကြသော တော်လှန်ရေးရဲဘော်တို့၏စိတ်စွမ်းအားသည်လည်း ပြည်သူတို့ကို ခွန် အားဖြစ်စေခဲ့သည်မှာ သေချာသည်။
ထိုသို့ မိုးကုတ်မြို့သိမ်းအောင်ပွဲခံသတင်းများကြောင့် ပြည်သူအပေါင်း လက်သီးလက်မောင်းတန်းနေ ခိုက် ဇူလိုင်၂၅ရက်၊နံနက်လေးနာရီခန့်တွင် လားရှိုးမြို့၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ပူးပေါင်း တပ်က သိမ်းပိုက်လိုက်ပြန်တော့ စိတ်ခုန်နှုန်းတို့မှာ အမြင့်ဆုံးသို့ ဒီတက်ရပြန်သည်။
၂၃ရက်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် အလွန့် အလွန် အရေးပါလှသော တိုင်းစစ်ဌာနချုပ်ကြီးကို သိမ်း ပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း ၁၀၂၇စစ်ဆင်ရေးအပြီး အရှုံးကို ရင်ဝယ်ပိုက်ကာ နင်လားငါလား ခံစစ်ပြင် ထားသည်ဆိုသော တိုင်းစစ်ဌာနချုပ်ဖြစ်သည်။ ထို့အပြင် ယခု ဒုတိယအကျော့ ရှမ်းမြောက်ဒေသတိုက်ပွဲများ မှာ မင်းအောင်လှိုင် ဂီလာနတပ်၏ တစ်ဖက်သတ်ရန်စတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သဖြင့် ဂီလာန တပ်ဘက်က တစ်စုံတစ်ရာပြင်ဆင်ခဲ့ပြီးမှ စတင်စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ထို့ကြောင့် လားရှိုးကို လွယ် လင့်တကူ သိမ်းပိုက်နိုင်ရန်မဖြစ်နိုင်ကြောင်း အကဲခတ်အချို့၏ မှတ်ချက်များမှာလည်း လွဲရပြန်သည်။
ပြောရလျှင် အသေအချာခံစစ်ပြင်ထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လွယ်လွယ်နှင့်မြန်မြန် မရနိုင်ဆိုသည့် ထင်ကြေးများကို MNDAAက ၂၃ရက်ဖြင့် ကိစ္စဖြတ်ပြခဲ့သည်။ လားရှိုးမြို့လွတ်မြောက်ရေး တော်လှန်ရေးလှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ရပ်ဖြစ်ကြောင်း MNDAA ကကြွေးကြော်ခဲ့သည်။သန်းရွှေ ခန့် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်လက်ထက်ကျမှသာ တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံး အလုံးလိုက် သိမ်းပိုက်ခံရခြင်းလည်း ဖြစ်သည်။
ထို့အပြင် TNLAနှင့်PDF ပူးပေါင်းတပ်တို့သည် မန္တလေးတိုင်း၊စဉ့်ကူးနှင့် မိုးကုတ်မြို့တို့ကို သိမ်း ပိုက် နိုင်ခဲ့ရုံတင်မက သပိတ်ကျင်းနှင့်မတ္တရာတွင် အင်ပြည့်အားပြည့် ထိုးစစ်ဆင်လျက်ရှိရာ မန္တလေးမြို့၊ နန်းတွင်း ထဲရှိ အလယ်ပိုင်တိုင်းစစ်ဌာနချုပ်မှ အားစိုက်နားထောင်လျှင်ပင် တိုက်ပွဲဝင်ခရာသံကို ကြားနေရပြီ ဖြစ် သည်။
စစ်ရေးအခြေအနေက ထိုသို့ စစ်ဗိုလ်ချုပ်တို့ အရူးမီးဝိုင်းနေချိန်တွင် လာအိုနိုင်ငံ၊ဗီယင်ကျန်းမြို့၌ ဇူလိုင်၂၅မှ ၂၇ရက်အထိ ကျင်းပနေသော ၅၇ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ စစ်ကောင်စီအပေါ် ဝေဖန်သံများ လှိုင်းထန်ခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် ဆိုးရွားလာသည့် မြန်မာ့အခြေအနေကို အသိ အမှတ်ပြုခြင်း၊စစ်ကောင်စီတွင် စေ့စပ်ဆွေးနွေးလိုသည့် ဆန္ဒမရှိကြောင်း သိမှတ်ခြင်း၊စစ်ကောင်စီကတိပြု ထားသည့် ရွေးကောက်ပွဲအကြောင်း မဆွေးနွေးခဲ့ခြင်းနှင့် မြန်မာ့အရေးဖြေရှင်းရာတွင် ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်ကိုင်စွဲသွားမည်ဟုဆိုခြင်းက နွေဦးတော်လှန်ရေးအတွက် အရေးပါသည့် အထောက်အပံ့ ကောင်းများ မဟုတ်သော်လည်း စစ်ကောင်စီအပေါ် အသိအမှတ်မပြုသော သံတမန်ရေးထိုးနှက်ချက်ပင်ဖြစ် သည်။
ပြောရလျှင် ကိုယ်တိုင်ခန့် ယာယီသမ္မတ မင်းအောင်လှိုင်နှင့် စစ်ကောင်စီရွေးကောက်ပွဲကို အာဆီယံ က လက်မခံသလို စစ်ရှုံးဧရိယာက မန္တလေးသို့ ချဉ်းကပ်လာပြီဖြစ်ရာ နေပြည်တော်စစ်ဗိုလ်ချုပ်တို့မှာ ကူ ကယ်သူမဲ့ မရှူနိုင်မကယ်နိုင်ဘဝသို့ ရောက်ရှိနေပြီဖြစ်သည်။
သို့သော်၊ ရှမ်းမန်းစစ်ဆင်ရေးသည် နွေဦးတော်လှန်ရေး၏ အဆုံးသတ်တိုက်ပွဲမဟုတ်သေးကြောင်း နှင့် စစ်ဘီလူး မင်းအောင်လှိုင်သည် မလျှော့သောဇွဲလုံ့ လဖြင့် အာဏာမရလျှင်လည်း တိုင်းပြည်ကို အစွမ်းကုန် ဖျက်ဆီးဦးမည်သာဖြစ်ကြောင်း အထူးသတိချပ်ကြရန် လိုပေမည်။