မပြောင်းလဲသော အပြောင်းအလဲတစ်ရပ်ကို စစ်ကောင်စီ မကြာမီ စတင်ရန် အကြံရှိနေသလားဆို သည့်မေးခွန်းမှာ မင်းအောင်လှိုင်ခန့် ယာယီသမ္မတမြင့်ဆွေ ကျန်းမာရေးဆိုးရွားနေပြီဖြစ်ကြောင်း သတင်း ထုတ်ပြန် ပြီး နောက် ထွက်ပေါ်လာခဲ့သည်။
မင်းအောင်လှိုင်ခန့် ယာယီသမ္မတမြင့်ဆွေမှာ ၂၀၂၃နှစ်ဆန်းပိုင်းကတည်းက ကျန်းမာရေးချို့ယွင်းခဲ့ပြီး ၂၀၂၄ခုနှစ်၊ဧပြီတွင် စင်ကာပူနိုင်ငံ၌ ဆေးကုသမှုခံယူခဲ့ကာ ယခုအခါ ကျန်းမာရေးအခြေအနေဆိုးရွားနေပြီဖြစ် ကြောင်း ဇူလိုင်၁၈ရက်၌ စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ယာယီသမ္မတဆိုသည်မှာ စစ်ကောင်စီ အာဏာမသိမ်းထားကြောင်းနှင့် အခြေခံဥပဒေသည် ဆက် လက် တည်မြဲနေပါကြောင်း သက်သေခံအမှတ်အသားဖြစ်သည်။အာဏာမသိမ်းဟုဆိုခြင်းအပေါ် မည်သူမျှ မယုံကြည်ခြင်းကြောင့် မည်သို့သော ပြဿနာမှမရှိသော်လည်း အခြေခံဥပဒေနှင့်အညီ စစ်ကောင်စီ အသက် ဝင်နေခြင်းဖြစ်ကြောင်း သရုပ်ဆောင်ရန် ယာယီသမ္မတက ကာလုံဟုခေါ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေး ကောင်စီအစည်းအဝေး ခေါ်ကာ အရေးပေါ်ကာလသက်တမ်းကို ခြောက်လ တစ်ကြိမ်တိုးပေး ရ သည်။ ယခု ငါးကြိမ်မြောက် သက်တမ်းကုန်ရန် ရက်ပိုင်းအလိုတွင်မူ ဟန်ပြကာလုံအစည်းအဝေးတွင် ယာယီ သမ္မတ ရုပ်ပြရုံပင် မထိုင်နိုင်တော့သဖြင့် ကျန်းမာရေးဆိုးရွားနေပြီဖြစ်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန် လိုက်ရခြင်းဖြစ်သည်။
အခြေခံဥပဒေအရဆိုလျှင် ကာလုံအစည်းအဝေးကို ခေါ်ခွင့်ရှိသူမှာ မင်းအောင်လှိုင်ခန့် ယာယီသမ္မတ မြင့်ဆွေတစ်ဦးတည်းသာရှိ သည်။ကာလုံအစည်းအဝေးမှသာ စစ်ကောင်စီအသက်ဆက်ရန် ခြောက်လခံဆေး ထိုးပေးနိုင်မည်။ယခုတော့ ယာယီသမ္မတဆိုသူလည်း ကျန်းမာရေးဆိုးရွား၊ပြီးခဲ့သည့် ဧပြီ၂၂ရက်က စစ်ကောင် စီ လက်အောက်မှာ ဒုသမ္မတအဖြစ် သရုပ်ဆောင်ခဲ့သူ ဟင်နရီဗန်ထီးယူကိုလည်း ကျန်းမာရေးအကြောင်း ပြချက်ဖြင့် မင်းအောင်လှိုင်က အနားပေးလိုက်ပြီဖြစ်၍ အခြေခံဥပဒေအရ ကာလုံသည် ပွဲပြီးသွားပြီဟု ယတိ ပြတ်ပြော၍ရသည်။
သို့သော်၊အာဏာသိမ်းခြင်းအမှုကို အတိအလင်းကျူးလွန်ခဲ့သည့်အပေါ် အခြေခံဥပဒေနှင့် အညီ အာ ဏာထိန်းခြင်းဖြစ်ကြောင်း မျက်နှာပြောင်တိုက် လိမ်လည်ခဲ့သူ မင်းအောင်လှိုင်အတွက်မူ ကာလုံသည် ပွဲမပြီး သလို စစ်ကောင်စီ အသက်ဆက်ရေး ခြောက်လခံဆေး ရရှိရေးမှာလည်း ခေါင်းအေးအေးထား စဉ်းစားစရာ ပင် မလို။အခြေခံဥပဒေကို မင်းအောင်လှိုင် စိတ်ကြိုက် လိုသလို ဖွင့်ဆို ကောက်ယူနိုင်သဖြင့် ယာယီသမ္မတမရှိ လည်း မည်သို့မျှ အခက်တွေ့စရာမရှိ ပေ။
ထို့ကြောင့် လာမည့်ဇူလိုင်လကုန်တွင် စစ်ကောင်စီ မည်သို့ ရှေ့ဆက်မလဲဆိုသည်ကို ထည့်သွင်းစဉ်း စားစရာမလိုသလို အာဏာသိမ်းခြင်းအမှုကို ကျူးလွန်ထားသော ရာဇဝတ်သားများ၏ လုပ်ရပ်သည် အခြေခံဥ ပဒေနှင့်ညီ၊မညီ စောကြောနေစရာလည်း အကြောင်းမရှိပေ။
ထို့အပြင် မင်းအောင်လှိုင် အာဏာစွန့်ရန် တရုတ်က သိန်းစိန်ကို တိုက်တွန်းခိုင်းခဲ့ကြောင်းသတင်း ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီ ကိုဖျက်၊ကြားဖြတ်အစိုးရဖွဲ့ကာ ရွေးကောက်ပွဲကျင်းပမည်ဆိုသည့်သ တင်းလည်း နောက်ဆက်တွဲ ထွက်လာသည်။
ကြားဖြတ်အစိုးရဖွဲ့စည်းခြင်းကို လုံးဝဖြစ်လာနိုင်စရာအကြောင်းမရှိဟု ယတိပြတ်မပြောနိုင် သော် လည်း အခိုင်အမာပြောဆိုနိုင်သည့်အချက်မှာ ကြားဖြတ်အစိုးရကို အမှန်တကယ်အာဏာလွှဲခြင်း သို့မ ဟုတ် မင်းအောင်လှိုင် အမှန်တကယ်အာဏာစွန့်ခြင်းတော့ လုံးဝဖြစ်လာနိုင်စရာအကြောင်းမရှိပေ။ဆိုလိုသည် မှာ ကြားဖြတ်အစိုးရဖွဲ့စည်းခဲ့လျှင်တောင် ဟန်ပြကြားဖြတ်အစိုးရ သို့မဟုတ် မင်းအောင်လှိုင်အာဏာ အပြည့် အဝသက်ဝင်မှုရှိသော ကြားဖြတ်အစိုးရ မျိုးသာလျှင် ဖြစ်ပေမည်။
မင်းအောင်လှိုင်မှာ ကြိုးစင်ပေါ်အလီလီတက်ရမည့် စစ်ရာဇဝတ်မှုမျိုးစုံဖြင့် တောက်လောင်နေရသူ ဖြစ်ပြီး ပြည်သူတိုင်းက ခွင့်မလွှတ်နိုင်သော အကြီးစားစစ်ရာဇဝတ်ကောင်ဖြစ်သည်။ထို့အပြင် စစ်ရှုံးစံချိန်တင် လာသည်နှင့်အမျှ စစ်အုပ်စုဝင်များကြား တောက်လောင်နေသောမီးမှာလည်း ဟုန်းဟုန်းတောက်နေပြီဖြစ် သည်။
ထိုသို့အတွင်းမီး၊အပြင်မီးတို့ဖြင့် အနောက်မှ လိုက်လာနေသော မီးတို့နှင့်ဝေးရာ ပြေးနေရသော မင်း အောင်လှိုင်မှာ ဆုတ်စရာ နောက်တစ်လှမ်းပင် မရှိတော့ပေ။ထို့ကြောင့် သွေးဆာနေသော ကျားငစဉ်းလဲ တစ် ကောင်ကို သားသတ်လွတ်စားရန် မျှော်လင့်နေလျှင် မိုက်မဲခြင်းသာ အဖတ်တင်ပေမည်။
ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြရန် လိုပါသည်။မန္တလေးမှ လှမ်းမျှော်ကြည့်လိုက်လျှင် အရှိန်ဖြင့်ပြေး နေသည့် တော်လှန်ရေးဒီရေကို ခပ်ပျပျ လှမ်းမြင်နေရပြီဖြစ်သည်။