အမှန်တရားကို ပြတ်ပြတ်သားသား မိန့်ကြားခဲ့သော ကန်သုံးဆင့်ဆရာတော်၏ ရုပ်သံဖိုင် လူမှုကွန် ရက်ပေါ် ထွက်ပေါ်လာပြီးနောက်တွင် အခြေအနေမဟန်မှန်းသိသည့် စစ်ကောင်စီမှာ ဝင်းနိမ္မိတာရုံဆရာတော်ကို သတ်ဖြတ်မိကြောင်း’ဝန်ခံခဲ့ရပြီဖြစ်သည်။
ဇွန်လ၁၉ရက်တွင် မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၌ ပဲခူးမြို့၊ဝင်းနိမ္မိတာရုံဆရာတော်နှင့် ရန်ကုန်မြို့၊ ကန်သုံးဆင့်ကျောင်းဆရာတော်တို့ စီးနင်းလာသောကားကို Fawကားပေါ်မှစစ်သားများက သေနတ်ဖြင့် ဝိုင်း ပစ်ခဲ့ကြရာ ဝင်းနိမ္မိတာရုံဆရာတော်မှာ ကားပေါ်တွင် ခေါင်းငိုက်စိုက်ကျ ပျံလွန်ခဲ့ရသည်။သို့သော်၊ထိုနေ့ည တွင် စစ်ကောင်စီဝါဒဖြန့်မီဒီယာက PDF ပစ်သဖြင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ခဲ့သည်ဟု လက်ညှိုးထိုး ကာ စစ်ကောင်စီသည် သတ်လျှင်သတ်ကြောင်း ဝန်မခံရဲသည့် သိက္ခာမဲ့အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သက် သေပြခဲ့သည်။
ဇွန်၂၀ရက်နံနက်၊ပဲခူးမြို့၊ဝင်းနိမ္မိတာရုံကျောင်းတိုက်၌ ပြုလုပ်သည့် ပျံလွန်ဆရာတော်၏ အန္တိမဈာပ နအစီအစဉ် အစည်းအဝေးတွင် သံဃာတော်များနှင့်ဧည့်ပရိသတ်များရှေ့၌ စစ်တပ်ကပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း ကန်သုံးဆင့်ဆရာတော်က ရဲရဲတောက်မိန့်ကြားခဲ့ရာ စစ်ကောင်စီ၏ သူရဲဘောကြောင်မှုမှာ ဘွင်း ဘွင်းကြီး ပေါ်တော့သည်။
ဆရာတော်ကြီးနှစ်ပါးစလုံးမှာ ထေကြီးဝါကြီး ရွှေကျင်ဂိုဏ်းကြီး၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် များဖြစ်ကြသည်။မန္တလေးမြို့၊ရွှေကျင်ဂိုဏ်းချုပ်ရှိရာ မဟာဝိသုဒ္ဓါရုံတိုက်သစ်တွင် ကျင်းပမည့် အစည်းအဝေး တက်ရောက်ရန် ရန်ကုန်မှ တံတားဦးလေဆိပ်သို့ ဇွန်လ၁၉ရက်၊နံနက်ရှစ်နာရီကျော်၌ရောက်သည်။တံတားဦး မှတစ်ဆင့် ကန်သုံးဆင့်ဆရာတော်၏ မွေးရပ် ငါန်းဇွန်မြို့နယ်၊ပန်းချီကမ္မရွာသို့ ကြွသည်။ထို့နောက် တံတားဦး သို့အပြန်၊ပန်းချီကမ္မရွာအထွက် တစ်မိုင်ကျော်အကွာတွင် သေနတ်နှင့်အပစ်ခံရခြင်းဖြစ်သည်။
ဆွမ်းစားချိန်မီရန် ကားကို အမြန်မောင်းခိုင်းသည်။အဲကွန်းဖွင့်ထားသဖြင့် ကားမှန်ပိတ်ထားသည်။ရှေ့ မှာပိတ်နေသော Fawကားကို ကျော်အတက် သေနတ်ဖြင့် ဝိုင်းပစ်ခြင်းခံရသည်။
” သေနတ်နဲ့ဝိုင်းပစ်ပါတယ်။ ကားမှာ ခုနှစ်ချက်၊ ရှစ်ချက်လောက်မှန်ပါတယ်။ ဘုရားတပည့်တော်ရဲ့ သင်္ကန်းတွေ သွေးအလိမ်းလိမ်းအကပ်ကပ်ဖြစ်နေပါတယ်” ဟု ကန်သုံးဆင့်ဆရာတော်က မိန့်သည်။
” ကားထဲကိုကြည့်လိုက်တဲ့အခါမှာ အရှင်ဘုရားတို့ရဲ့ ညီတော်၊နောင်တော်၊ ဒါကာ၊ ဒါယိကာမတို့ရဲ့ ဝင်းနိမ္မိတာရုံဆရာတော်ဟာ ခေါင်းငိုက်စိုက်ကျပြီး အသက်မရှိတော့ပါဘူးဘုရား” ဟုလည်း ဆရာတော်က ဆက်လက်မိန့်သည်။
လက်ရဲဇက်ရဲ သွေးဆာနေသော စစ်သားတို့၏ ဆင်ခြေက ကားမှန်တံခါးပိတ်ထားသဖြင့် ရန်သူကား ထင်ကာ ပစ်ခတ်လိုက်ခြင်းဟုဆိုကြောင်း ကန်သုံးဆင့်ဆရာတော်က မိန့်သည်။
ဆက်လက်ပြီး ဒဏ်ရာရ ကန်သုံးဆင့်ဆရာတော်မှာ ကားအပြင်ဘက်တွင် ၂နာရီခန့်ကြာ ရပ်နေရ၊ဖုန်း ဆက်ခွင့်မရ။တံတားဦးဆေးရုံရောက်တော့လည်း စစ်ကောင်စီက သူတို့လိုချင်သောအဖြေရရှိရေးအတွက်သုံး ကြိမ်ထက်မနည်း စစ်မေးခဲ့ကြ။ထို့နောက် မန္တလေးနန်းတွင်းထဲ ဆက်ခေါ်ကာ ငါးခါခန့် ထပ်စစ်၊နန်း တွင်း ထဲရောက်မှသာ ဒဏ်ရာရခေါင်းကို သုံးချက်ချုပ်ပေးကာ ည၁၀နာရီကျမှ မန္တလေးဘုန်းကြီးကျောင်း သို့ ပြန်ရောက်ကြောင်းလည်း မိန့်သည်။
စစ်ကောင်စီ၏ လုပ်ရပ်မှာ ဒဏ်ရာရနေသောကန်သုံးဆင့်ဆရာတော်ကို သူတို့လိုချင်သော အဖြေရ အောင် ဖိအားပေးခြိမ်းခြောက်ခြင်းဖြစ်သည်။သူတို့လိုချင်သောအဖြေဆိုသည်မှာ ဆရာတော်နှစ်ပါးကို PDF ပစ် ခတ်ပါသည်ဟု လိမ်လည်ထွက်ဆိုခိုင်းခြင်းဖြစ်သည်။
သီလကြီးသော ကန်သုံးဆင့်ဆရာတော်က စစ်ကောင်စီ လိမ်ညာခိုင်းသလို မလုပ်သည့်အပြင် ဖြစ်စဉ် အမှန်ကို အများရှေ့ ထုတ်ဖော်ပြောကြားခဲ့ခြင်းကြောင့် စစ်ကောင်စီဟက်တက်ကွဲတော့သည်။သံဃာထုရော ပြည်သူများပါ တိုင်းပြည်အနှံ့ အော့နှလုံးနာသံ ထွက်ပေါ်လာပြီးနောက် ဇွန်၂၁ရက်ကျမှသာ စစ်ကောင်စီက ဆ ရာတော်နှစ်ပါးစီးလာသည့်ကားကို ပစ်ခတ်မိကြောင်း ဝန်ခံသည်။သို့သော်၊တောင်းပန်ခြင်းမရှိ။စုံစမ်းစစ်ဆေး နေကြောင်း ဆိုသည်။
အမှန်တရားသည် အများမြင်ကွင်းရှေ့ ထင်းထင်းရှင်းရှင်း ပေါ်လာသဖြင့် မတတ်သာ၍ စစ်ကောင်စီ ဝန်ခံခြင်းဖြစ်သည်။ယခုကဲ့သို့ ဝင်းနိမ္မိတာရုံဆရာတော်ကိုသတ်ဖြတ်ခြင်း၊ကန်သုံးဆင့်ဆရာတော်ကို လိမ် လည်ထွက်ဆိုရန် ဖိအားပေးခြင်းနှင့် လိမ်ညာသတင်းထုတ်ခြင်းတို့သည် ဘုရားဒကာယောင်ယောင် ကိုယ့် ကိုယ်ကိုယ် ထင်ယောင်ထင်မှားဖြစ်နေသော မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီ၏ သံဃာတော်များ အား အတိအလင်း စိန်ခေါ်စော်ကားခြင်းဖြစ်သည်။
စစ်ကောင်စီ တည်ရှိနေသရွေ့ ယခုလို ဖြစ်ရပ်မျိုး ဆက်လက်ဖြစ်ပွားနေဦးမှာဖြစ်ကြောင်း မြန်မာပြည် သူအားလုံး မမေ့လျော့ကြရန် လိုပေသည်။
သံဃာနှင့်ပြည်သူကို လက်လွတ်စပယ်သတ်ဖြတ်နေသော စစ်ကောင်စီကို အဆုံးသတ်နိုင်ရေးအ တွက် ရဟန်းရှင်လူပြည်သူများအားလုံး လက်တွဲဆောင်ရွက်ကြရန် ဝင်းနိမ္မိတာရုံကျောင်းတိုက်စာသင်သား ဟောင်း တပည့်သံဃာတော်များ၏ တိုက်တွန်းချက်မှာ တိုင်းပြည်၏ တစ်ခုတည်းသော ထွက်ရပ်လမ်းပင် ဖြစ်သည်။