မြဝတီမြို့ပြင် အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ခြေရင်း သံမံတလင်းပေါ် ခေါင်းအုံးကာ အချိန်မရွေး ရင်ဝတည့်တည့် စိုက်ဝင်လာနိုင်သော ကျည်ဆန်များကို ကြောက်ရွံ့နေကြရသည့် စစ်သား၂၀၀ခန့်မှာ ရုတ်ခြည်းဆိုသလို ၎င်းတို့အခြေစိုက်ရာ ခလရ ၂၇၅ တပ်ရင်းထဲသို့ အပန်းဖြေခရီးမှ ပြန်လာသလိုမျိုး သက်သောင့် သက်သာ ပြန်လည်ရောက်ရှိသွားခြင်းမှာ ရိုးရှင်းပြီး အံဝှက်အမျိုးမျိုးလည်းပါသည့် မြဝတီနိုင်ငံရေးပင် ဖြစ်သည်။
ဧပြီလ ပထမပတ်အတွင်း သင်္ဃန်းညီနောင် တပ်ရင်းအားလုံးကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်း ပိုက်အပြီး မြဝတီမြို့တွင်းသို့ တော်လှန်ရေးတပ်များ စတင်ဝင်ရောက်လာချိန်၌ မြန်မာပြည်သူတို့အပေါ် အဖမ်း စားနိုင်ဆုံးမှာ မြဝတီမှ မြဝတီ ဖြစ်လာခဲ့သလို မြဝတီအပေါ်လည်း မျှော်လင့်ချက်ကြီးခဲ့ကြသည်။
လက်နက်ချရန် ငြင်းဆန်ခဲ့သောမြဝတီမြို့စောင့်တပ် ခလရ၂၇၅ တပ်ရင်းကို KNLA ပူးပေါင်းတပ်က တိုက် ခိုက်ပြီးနောက် မင်းအောင်လှိုင်၏ ဂီလာနတပ်သား ၂၀၀ခန့် အမှတ်၂ တံတားခြေရင်းသို့ ပြေးဆင်းကြရ သည့်အခါ မြဝတီမြို့ကို တော်လှန်ရေးတပ်တို့ သိမ်းပိုက်လိုက်ပြီဟု မှတ်ယူခဲ့ကြသည်။
ဧပြီ၁၅ရက်တွင် ခလရ ၂၇၅ တပ်ရင်းထဲက အလံကို ဖယ်ရှား၊ ကရင်အမျိုးသား အလံတော်ကို လွှင့်ထူ လိုက်သည့်အခါ ပြည်သူအပေါင်း သောင်းသောင်းဖြဖြ ။KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကွဟု ချီးကျူး ဂုဏ်ပြု ကြသည့် ပြည်သူတို့အသံသည် သွေးထဲသားထဲမှ လှိုက်လှဲမှုအပြည့်ပါကြောင်း ပြည်သူတိုင်းကပင် သိရှိကြသည်။
အမှတ်၂တံတားခြေရင်း ခေါင်းခင်းနေကြသော စစ်သားများမှာ ထိုင်းဘက်မကူး လက်နက်လည်းမချ ဆက်လက်ခေါင်းမာနေခြင်းအပေါ် မင်းအောင်လှိုင် လက်ထောက် ချိုင်းထောက်စိုးဝင်း မြဝတီသို့ စေလွှတ်လိုက် သည့် အောင်ဇေယျစစ်ဆင်ရေး ရောက်လာတော့မည်လားဟု အိပ်မက်မက်နေခြင်းသာဖြစ်ကြောင်း အများက မှတ်ထင်ခဲ့သည်။
ဧပြီ၁၉ရက်ညတွင်တော့ ဂီလာနစစ်သားတို့ သံမံတလင်းပေါ် ခေါင်းခင်းနေခိုက် KNLAပူးပေါင်းတပ်၏ ဝုန်းဒုန်းကြဲ တိုက်ခိုက်ခြင်းကို ခံရတော့သည်။ဆက်လက်ပြီး ဧပြီ၂၀ရက်တွင်လည်း အမှတ်၂ တံတားအနီး ဆက် လက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်တပ်က ထိုင်းနယ်စပ်မျဉ်းနှင့်ကပ်လျက်ကိုပင် လေကြောင်းမှနေ၍ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။စုစုပေါင်း ဗုံး၁၅၀ကျော် ကြဲချခဲ့ခြင်းကြောင့် အလွန်အကျွံဗုံးကြဲတိုက်ခိုက်မှုလည်း ဖြစ် သည်။
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် အမှတ်၂တံတားအနီး ရပ်ကွက်အတွင်းရှိ နေအိမ်များပေါ် ကျ ရောက်ပေါက်ကွဲခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ပြည်သူ၈ဦးထက်မနည်း သေ ဆုံးခဲ့ရသည်။
ဧပြီ၂၁ရက်တွင်တော့ KNLAပူးပေါင်းတပ်က အမှတ်၂ တံတားအနီးမှ ပြန်လည်ဆုတ်ခွာခဲ့သည်။ထို့နောက် ဧပြီ၂၃ရက်မှစတင်ကာ နိုင်ငံရေးအံဝှက်များမှ ထွက်ကျလာသော ပဥ္စလက်များဖြင့် မြဝတီကို ကကြိုးဆင်တော့ သည်။
တံတားခြေရင်းရောက် စစ်သားများ မည်သို့ ရှေ့ဆက်မည်နည်းဟု အများပြည်သူတို့ တွေးမပြီးသေးခင်မှာ ပင် ကရင်နယ်ခြားစောင့်တပ်(BGF)အဖြစ်မှ အမည်နာမ ပြောင်းလိုက်သော ကရင်အမျိုးသားတပ်မတော်(KNA)၏ ကူညီစောင်မမှုဖြင့် မြဝတီမြို့တွင်း ခလရ ၂၇၅ တပ်ဆီ ခလုတ်မထိ ဆူးမငြိ ပြန်ရောက်။ ကရင်အမျိုးသားအလံ တော်သည်လည်း ပြန်ဖြုတ်ချခံလိုက်ရ။
ယင်းသို့ ချက်ချင်းလက်ငင်း ပဥ္စလက်ဆန်အပေါ် ပြည်သူထိခိုက်မှုနည်းသည့်လမ်းကို ကရင်ခေါင်းဆောင် များက တိုင်ပင်ဆုံးဖြတ်ခဲ့ကြောင်း KNA နှင့် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်(DKBA)သတင်းရင်းမြစ်အ ချို့ကပြောကြောင်း ဘီဘီစီက ဖော်ပြသည်။
ကရင်အမျိုးသား အစည်းရုံး (KNU) ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးကမူ ရန်သူဆင်ထားသည့်အ ကွက်ထဲ မကျရောက်စေရေးအတွက် KNLAပူးပေါင်းတပ် မြဝတီမှ ယာယီဆုတ်ခွာပေးလိုက်ရကြောင်းဆိုသည်။
မည်သို့ပင်ဆိုစေ မြဝတီမြို့တွင်းရှိ မြို့မရဲစခန်း၊ ရှေ့တန်းရုံးနှင့်ခရိုင်ထွေအုပ်ရုံးတို့ကို စစ်ကောင်စီက ပြန် လည်ထိန်းချုပ်ထားလိုက်ပြီဖြစ်သည်။ထို့အပြင် ဧပြီ၂၇ရက်တွင် အမှတ်၁ တံတားကို ပြန်လည်ဖွင့်လှစ်လိုက် ပြီဖြစ် သလို အမှတ်၁တံတား မြန်မာဘက်ခြမ်း၌ စစ်ကောင်စီတပ်သားများ ပြန်လည်နေရာယူထားခဲ့ပြီဖြစ်ကာမြဝတီမြို့ ၌ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ပုံမှန်နီးပါး ပြန်လည် အသက်ဝင်နေပြီဖြစ်သည်။
သေနတ်တစ်ချက် ဖောက်စရာမလိုဘဲ မြဝတီမြို့ ပြန်လည်အသိမ်းခံရသည့် အံ့မခန်းဖြစ်ရပ်ဆန်းကိုမူ မြန်မာပြည်သူတို့ မည်သည့်အခါမျှ မေ့လျော့တော့မည် မဟုတ်ပေ။