မြန်မာ့သက္ကရာဇ် အကူးအပြောင်းကာလ ယခု ဧပြီလတွင် ဥတုအပူထက် ပိုပြင်းစွာ အာဏာသိမ်းစစ် ဗိုလ်ချုပ်တို့၏ ရင်တွင်း နေ၁၀စင်း အပြိုင် ပွင့်လျက်ရှိသည်။
နေပြည်တော်သင်္ကြန်တွင် တခမ်းတနား ဟန်ရေးပြ ဝင့်ကြွားရန် ပြင်ဆင်ထားသော စစ်ဗိုလ်ချုပ်တို့ မှာ ဧပြီ၄ရက်၊ အဓမ္မအာဏာ၏ ဗဟိုချက် နေပြည်တော်စစ်ရုံးချုပ်နှင့် အေလာလေတပ်သို့ မည်သို့မည်ပုံ ရောက်ရှိလာမှန်းပင် မသိသော အသေခံဒရုန်း ၂၉စင်းကြောင့် သွေးပျက်ခြောက်ခြားခဲ့ရသည်။
နေပြည်တော်စစ်ရုံးချုပ်ဆိုသည်မှာ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၊စိုးဝင်း နှင့် လက်တစ်ဆုပ်စစ်ဗိုလ်ချုပ်တို့ ခြင်တစ်ကောင် ယင်တစ်စ မဝင်အောင် လုံခြုံရေးအထပ်ထပ်ချ အငုပ် တည်ကာ တိုင်းဖျက်ပြည်သတ် စီမံချက်အမျိုးမျိုးချ လက်ညှိုးညွှန် မိုက်လုံးကြီးနေသည့်နေရာ။ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်က အချိန်၅လမျှ ကြိုတင်ပြင်ဆင်မှုဖြင့် အသေခံဒရုန်းများ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ ခြင်းဖြစ်သည်။
ထို့နောက်၊ဧပြီ ၆ ရက်တွင် တာချီလိတ် နဂါးနှစ်ကောင်ဆရာတော်၏ ဈာပနပွဲသို့ တက်ရောက်ကာ သာ သနာပြုမင်းအောင်လှိုင်အဖြစ် ဘုရားဒကာဘွဲ့ ခံယူလိုသော်လည်း မိစ္ဆာတို့၏သွေးကို လိုက်လံရှာဖွေနေသော အသေခံဒရုန်းတို့၏ စွမ်းရည်အား ကြောက်ရွံ့ခြင်းကြောင့်လား။ တာချီလိတ်တွင် ညမအိပ်၊ လာမည့်ဘေးကို နေပြည်တော်သို့ ပြန်ပြေးခြင်းနည်းဖြင့် ရှောင်ရှားခဲ့လေသလားဟု မေးခွန်းထုတ်ရပေမည်။
မင်းအောင်လှိုင်၏ ချိုင်းထောက် စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းမှာမူ မော်လမြိုင်မြို့၊အရှေ့တောင် တိုင်းစစ်ဌာနချုပ်အတွင်း မြဝတီမြို့ ပြန်သိမ်းရေးစီမံချက် ရေးဆွဲကာ စိတ်ကူးယဉ်နေသည့် ဧပြီ၉ရက်တွင် PDF အသေခံဒရုန်း ထိမှန်ကာ အသဲအသန်လူနာဆောင်ထဲ ရောက်ရှိနေကြောင်း သတင်းထွက်ပေါ်ခဲ့ရာ မြန် မာပြည်သူအပေါင်း သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
စိုးဝင်း ဒရုန်းထိခြင်းသတင်းကို ယနေ့အချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း စိုးဝင်းတစ် ယောက် လူမြင်ကွင်းရှေ့မရောက် ပျောက်ချင်းမလှ ပျောက်ဆုံးနေသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။၂၀၂၃ခုနှစ် တုန်းက နေပြည်တော် စစ်ကောင်စီသင်္ကြန် ဖွင့်ပွဲအခမ်းအနားများတွင် ဂုဏ်ဆာခဲ့သော စိုးဝင်းသည် ယခုနှစ် သင်္ကြန်မှာတော့ အသဲအသန်လူနာဆောင်၌ ငရဲခန်းပျို့ကို အော်ဟစ်ညီးညူ ရွတ်ဆိုနေပုံရကြောင်း အပြော အဆိုများကြရသည်။
ထင်သလို အပြောအဆို ပါးစပ်ပေါက်ကြီးဖြင့် စစ်ကောင်စီပြောခွင့်ရလုပ်နေသူ ဇော်မင်းထွန်းကမူ ဒုချုပ်စိုးဝင်းသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ပုံမှန်ထမ်းဆောင်နေကြောင်း ပြော ကြားခဲ့သော်လည်း လူမြင်ကွင်းသို့ ဆွဲထုတ်ပြနိုင်ခြင်းတော့ မရှိပေ။
ထိုသို့ နေပြည်တော်တခွင် ငရဲမီး တောက်လောင်နေစဉ် ဧပြီ၁၀ရက်တွင် သိန်းစိန်ခန့် လယ်ဆည် ဝန် ကြီးဟောင်း မြင့်လှိုင်ကို ဖမ်းဆီးကာ ထောင်သွင်းအကျဉ်းချ ဇာတ်တူသားစားပြလိုက်ခြင်းက အရူးတစ်ပိုင်းဖြစ် နေသော မင်းအောင်လှိုင်၏ ကယောက်ကယက်ဖြစ်မှုကို ဖော်ပြနေပြန်သည်။
တစ်နပ်စားမြင့်လှိုင်ကို နောက်ကြောင်းပြန် အဂတိလိုက်စားမှုဖြင့် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်သော် လည်း အာဏာသိမ်းရန် ကြံစည်သဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်းလည်း သတင်းထွက်ပေါ်ခဲ့သည်။ သို့သော်၊ စစ် တပ် နောက်ခံမရှိဘဲ အာဏာသိမ်းရန် မည်သို့မျှ မဖြစ်နိုင်။ ထို့ကြောင့် ထောင်လွှားလွန်းလှသည့် မြင့်လှိုင်က အသုံးမကျသည့် မင်းအောင်လှိုင်အဖြစ် ကျယ်ကျယ်လောင်လောင် ပြစ်တင်မာန်မဲခြင်းကြောင့် အဖမ်းခံရခြင်း ဖြစ်နိုင်ပေသည်။ မည်သို့ကြောင့် အဖမ်းခံရသည်ဖြစ်စေ၊၎င်းတို့ကြား ဇာတ်တူသားစားခြင်းသည် ၎င်းတို့ကြား အကွဲအပြဲ ပိုမိုဖြစ်ပေါ်စေသောကြောင့် ကောင်း၏ဟုပင် မှတ်ချက်ပြုရပေမည်။
ထိုသို့ သင်္ကြန်မတိုင်မီကာလ အထိအခိုက်များစွာကြောင့် သင်္ကြန်တွင်း မင်းအောင်လှိုင် ပြင်ဦးလွင်သို့ သွားကာ သက်ပြင်းတွင်တွင်ချမည်ဟု သတင်းထွက်ပေါ်ပြီးနောက် ဧပြီ၁၄ရက်နေ့ညတွင် ပြင်ဦးလွင်စစ်တက္က သိုလ်နှင့် စစ်တပ်နည်းပညာတက္ကသိုလ်အနီးဝန်းကျင်သို့ ရှော့တိုက်ဒုံးများ ကျရောက်ခဲ့ခြင်းက မင်းအောင်လှိုင် သာ အမှန်တကယ်ရှိနေခဲ့လျှင် သွေးပျက်ခြောက်ခြားမည်က သေချာ၏။
ယခု နှစ်သစ်သို့ ရောက်ပြီ။ နှစ်ဆန်း၁ရက်တွင် အကျဉ်းသား ၃၃၀၃ဦးကို လွတ်ငြိမ်းခွင့်ပေးခြင်း ကြောင့် ကိုးနဝင်း ယတြာချေသည်ဟု ထင်ရသော်လည်း စစ်ဗိုလ်ချုပ်များအတွက် အရှုံးတို့သည် အောင် အောင်မြင်မြင် ဆက်လက် ရှုံးနိမ့်မြဲပင်ဖြစ်သည်။
မည်သို့ပင် ယတြာချေစေကာမူ အသေခံဒရုန်းနှင့် ရှော့တိုက်ဒုံးတို့က စစ်ဗိုလ်ချုပ်တို့သွားရာ အရိပ် ပမာ လိုက်ပါလာလေပြီဖြစ်သည်။နေပြည်တော် လက်တစ်ဆုပ် စစ်ဗိုလ်ချုပ်တို့ ပြည်သူ့ရှေ့မှောက် ဒူးထောက် လက်မြှောက်လိုက်ခြင်းသည်သာ ငရဲမီး တောက်လောင်နေခြင်းဘေးမှ လွတ်ကင်းရာ တစ်ခုတည်းသော ထွက်ရပ်လမ်းဖြစ်သည်။