အရေးပေါ်ကာလဟုဆိုသော ၆လသက်တမ်းကို ၅ကြိမ်မြောက် တိုးလိုက်ရသောအချိန်တွင် မင်းအောင်လှိုင် ရောက်ရှိနေသောနေရာမှာ ငရဲ၏ နှုတ်ခမ်းဝဖြစ်သည်။
အာဏာသိမ်းမှုသည် ၃နှစ်တာကာလသို့ရောက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း၏စာရင်းအရ ထို၃နှစ်အတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနှင့် ပြည်သူ စုစုပေါင်း ၄၄၇၄ဦးကို မင်း အောင်လှိုင်တပ်က သတ်ဖြတ်ပြီးခဲ့သည့်တိုင် နောက်ထပ်၆လ ထပ်မံအရေးပေါ်လိုက်ရခြင်းမှာ အာဏာသိမ်း မှုသည် မအောင်မြင်ကြောင်း သက်သေပြချက်လည်းဖြစ်သည်။
ထိုသို့ ၆လသက်တမ်းထပ်တိုးခြင်းမှာ အခြေခံဥပဒေနှင့်ညီပါသလောဟု တချို့က စစ်ကြောကြကုန် သည်။ ၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီ၁ရက်၊ မင်းအောင်လှိုင်တပ်၏ အာဏာသိမ်းမှုကို အာဏာသိမ်းမှုဟု အမှန်အ တိုင်း ရှုမြင်ပါက ထိုသို့ စစ်ကြောနေစရာမလို။အဘယ့်ကြောင့်ဆိုသော် အာဏာသိမ်းမှုသည် စစ်အုပ်စု ရေးဆွဲ ထားသော အခြေခံဥပဒေကို စစ်အုပ်စုကိုယ်တိုင်က ဆုတ်ဖြဲပစ်လိုက်ခြင်းကြောင့်ဖြစ်သည်။
သို့သော်၊မတရားအာဏာရရှိရေးအတွက် မည်သည့်အရာကိုမဆို လုပ်ဝံ့သော မင်းအောင်လှိုင်မှာ အာဏာသိမ်းစစ်တပ်ဆိုသည့် ဇာတ်မြစ်အမှန်ကို ဗြောင်လိမ်လည်လိုခြင်းကြောင့် အခြေခံဥပဒေနှင့်ညီသ ယောင် ဇာတ်ညွှန်းရေးကာ အရေးပေါ်ကာလ ၆လပြီး ၆လ ကာလုံအစည်းအဝေးခေါ်၍ သရုပ်ဆောင်ပြနေ ခြင်းဖြစ်သည်။
ယခုတစ်ခေါက် သရုပ်ဆောင်ချက် ၂၀၂၄ခုနှစ်၊ဇန်နဝါရီ၃၁ရက်၊ကာလုံအစည်းအဝေး မစတင်မီတွင် မအောင်မြင်သော မင်းအောင်လှိုင် ကာချုပ်ရာထူးကို စိုးဝင်းသို့လွှဲပေးရန် စစ်ကျွန်မျိုးချစ်တို့ကိုယ်တိုင် ဆန္ဒပြ လာသဖြင့် မအောင်မြင်သော မျက်လှည့်တစ်ကွက် မင်းအောင်လှိုင်ဖန်တီးလာနိုင်သည်ဆိုသော သတင်းတချို့ ထွက်ပေါ်လာခဲ့သေးသည်။
ယင်းသတင်းမှာ သန်းရွှေခန့် ကာချုပ်မင်းအောင်လှိုင်က ၎င်းကိုယ်၎င်း ခန့်အပ်ထားသော နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌရာထူးနှင့် ဝန်ကြီးချုပ်ရာထူးအနက် ဝန်ကြီးချုပ်ရာထူးအား ယုံကြည်စိတ် ချရသူတစ်ဦးအား လွှဲပြောင်းပေးမည်ဆိုသည့်သတင်းဖြစ်သည်။လက်ရှိ ဝန်ကြီးချုပ်ရာထူးဆိုသည်မှာ နိုင်ငံရေး ရာထူးမျှသာဖြစ်ပြီး မင်းအောင်လှိုင်အလိုကျ ခေါင်းညိတ်၊ခေါင်းခါရမည့် ရုပ်သေးမျှသာဖြစ်သည်။
သို့သော်၊ဇန်နဝါရီ၃၁ရက်၊ကာလုံအစည်းအဝေးအပြီးတွင် မည်သူ့ကိုမျှ ဝန်ကြီးချုပ်မလွှဲ၊ဥက္ကဌကြီး လည်းမင်းအောင်လှိုင်၊ဝန်ကြီးချုပ်လည်း မင်းအောင်လှိုင်၊ကာချုပ်လည်း မင်းအောင်လှိုင်အဖြစ် ရှိသမျှအာဏာ ကို ကျစ်ကျစ်ပါဆုပ်ကာ ပြတ်သားစွာအာဏာရူးကြောင်း သက်သေပြခဲ့ပြန်သည်။ထို့အပြင်၊ မင်းအောင်လှိုင် အနေနှင့် မည်သူ့ကိုမျှ ယုံကြည်စိတ်ချမှုမရှိကြောင်း သက်သေပြချက်လည်းဖြစ်သည်။
၂၀၂၃ခုနှစ်၊အောက်တိုဘာ၁၀ရက်တွင် စတင်လိုက်သော ၁၀၂၇စစ်ဆင်ရေးမှ စတင် ကာ စစ်တပ်စ ခန်း ပေါင်းများစွာကို စစ်သားများစွာ၏အသက်နှင့်အတူ တော်လှန်ရေးတပ်များ လက်ထဲသို့ ထိုး အပ်ခဲ့ရသ လို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၃၆မြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းက မအောင်မြင်သော မင်းအောင်လှိုင်အ ဖြစ် လက်သီးလက်မောင်းတန်း ကြွေးကြော်ပြလိုက်ခြင်းလည်းဖြစ်သည်။
၁၀၂၇စစ်ဆင်ရေးနောက်ပိုင်း အရှုံးကြီးရှုံးနေသော စစ်တပ်မှ ထောင်နှင့်ချီသော စစ်သားများ စွန့်ခွာ ကာ လက်နက်ချ အလင်းဝင်ခြင်း၊ကိုးကန့်တပ်မတော် MNDAA ခြေဖဝါးအောက် စစ်သားထောင်နှင့်ချီ ဒူး ထောက်ကာ လက်နက်နှင့်ဂုဏ်သိက္ခာစွန့်၍ စစ်တပ်ရင်ခွင် ပြန်ဝင်ကြရခြင်း၊ ၁၀၂၇စစ်ဆင်ရေး မတိုင်မီ ကရင်နီနယ်ခြားစောင့်တပ် ကလလတ(ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး)၊ ဇန် နဝါရီလအတွင်း NCA လက်မှတ်ရေးထိုး အပစ်ရပ်ထား သော PNLA(ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေး တပ် မတော်)က မင်းအောင်လှိုင်ကို ပြန်လည်တိုက်ခိုက် ခြင်း နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)ကစစ်တပ်လက် အောက် ခံအဖြစ်မှ ကတ္တီပါလမ်းခွဲ လိုက်ခြင်းက မည်သူ့ကိုမျှ မယုံကြည်ခြင်းဖြင့် စိတ်ခြောက်ခြားနေသော မင်း အောင်လှိုင်အပေါ် မယုံကြည်မှုများ တိုးပွားနေကြောင်း သက်သေကောင်းများပင်ဖြစ်သည်။
အရေးပေါ်ကာလ ၆လပြီး ၆လဖြင့် ကမ်းတစ်ဖက်သို့ရောက်အောင် ကူးခတ်နေသော မင်းအောင်လှိုင် ခမျာ နက်သထက်နက်နေသော ဝဲဩဃထဲမှ ရုန်းမရ ။ အရေးပေါ်ခန်းထဲသို့ ရောက်နေသော မင်းအောင်လှိုင် သည် အရေးပေါ်စစ်ကောင်စီအဖြစ် နောက်ထပ်၆လ သက်တမ်းတိုးခြင်းဖြင့် ချာလပတ် ဆက်ရမ်းပြီးနောက် ငရဲခန်း ဆီသို့ အရေးပေါ်ခုန်ချရန်သာ ရှိတော့ကြောင်းပစ္စက္ခ အဖြစ်အပျက်များက ညွှန်ပြနေပြီဖြစ်သည်။