ပန်းပန်၍ အဖမ်းခံရခြင်းမှာ ခေတ်သစ်ကမ္ဘာတွင် မြန်မာတစ်နိုင်ငံတည်းသာ ရှိကြောင်း အံ့ဘနန်း တွေ့ရှိခဲ့ကြရသည်။
ပန်းပန်၍အဖမ်းခံရသည်။လမ်းမများပေါ် ပန်းစည်းနှင့်ပန်းပွင့်ကိုင်ထားသူများလည်း အဖမ်းခံရသည်။ ပန်းများဖြင့်ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်ပေါ်တင်သူများလည်း မလွတ်။
မြန်မာနိုင်ငံတစ်ဝန်း ပြည်သူ ၁၀၀နီး ပါး လှပသော ပန်းများကြောင့် အဖမ်းခံခဲ့ရကြောင်း သတင်းများကဆိုသည်။
ပန်းပွင့်များကို ဇွန်၁၉ရက်နေ့၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်မြောက်မွေးနေ့ တွင်စစ်ကောင်စီက လက်ထိပ်ခတ်ခဲ့သည်။ပန်းများဖြင့် ဝေဝေဆာ ဆာ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်မှာ ပန်းဖြစ်သောကြောင့် ထိုနေ့တွင် ပန်းသပိတ်ဆင်နွှဲကာ လူထုခေါင်းဆောင်၏မွေးနေ့ကို အမှတ်အသား ပြုကြ သည့်အပေါ် စစ်ကောင်စီ ဆတ်ဆတ်ခါ ခဲ့သည်။
ပန်းသပိတ်ကို ရဲရဲတောက်ဆင်နွှဲရင်း ဖမ်းဆီးခံရသူ ၁၀၀နီးပါးမှာ အမျိုးသမီးအများစုဖြစ်သည်။ လမ်း မ ကြီးများထက် နှင်းဆီနီနီ ပန်ဆင်ကာ နီစွေးခဲ့ကြသူတို့မှာ အာဏာရှင်တို့၏ ထောင်ခံ တွင်းထဲ သက်ဆင်းရ နိုင် မှန်းသိလျက် လူထုခေါင်းဆောင်ကို မမေ့ကြောင်း ရွပ်ရွပ်ချွန်ချွန် သက်သေပြုခဲ့ကြခြင်းဖြစ်သည်။
နေပြည်တော်ကျည်လုံမှန်ခန်းထက် မေးရိုးထောင်နေကြသော စစ်ဗိုလ် ချုပ်တို့ခမျာ ဟီရိဩတ္တပ္ပ တရား ကင်းစွာဖြင့် ပန်းသပိတ်စစ်ဆင်ရေး ဆင်နွှဲစေခဲ့ရာ သေနတ်ကြီးတကားကားဖြင့် စစ် သားများက လမ်းမများ ပေါ် ပန်းပန်ထားသူများနှင့် ပန်းကိုင်ထားသူများအား ပြောင်ပြောင်တင်းတင်း ဖမ်းဆီး ကာ တစ်ကမ္ဘာလုံး၏ သမိုင်းဝင်ဟားတိုက်ခြင်း ခံယူခဲ့ကြသည်။
အဘယ့်ကြောင့် လူသတ်လက်နက်ကိုင်ဆောင်ထားသူများက ကျည်ဆန်နှင့်ဓား၊လှံ ထွက်မလာမှာ သေချာနေသော ပန်းများကို အမျက်ကြီးနေကြသနည်း။စစ်ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည် ကို ကြောက်ရွံ့ခြင်း၊အငြိုးကြီးခြင်းနှင့် မနာလိုစိတ်ကြီးခြင်းတို့ကြောင့်ပင်ဖြစ်သည်။
အဖက်လုပ်စရာမလိုဘူးဆိုသည့်အချိုးမျိုးဖြင့် မနာလိုစိတ်ကြီးစွာ မျက်နှာလွှဲခဲ့သည့် ဒုတိယအာ ဏာရှင်သန်းရွှေမှာ သုံးဖြုန်းမကုန်သော စည်းစိမ်ပုံကြီးပေါ်ရှိနေသေးသော်လည်း သမိုင်းအမှိုက်ပုံထဲ ပက်လက် မျောနေသည်မှာ ကြာလှပြီဖြစ်သလို သူ့သားစဉ်မြေးဆက်အတွက် သိုက်တူးထားသမျှ မရေရာသောနေ့သစ် များသည် မကြာမီရောက်လာနိုင်ခြင်းကြောင့် ခေါင်း ခြစ်ခြစ် တောက်။လူထုခေါင်းဆောင်ဒေါ်အောင် ဆန်းစု ကြည်မှာမူ ယနေ့ထိတိုင် ဒေါင်ဒေါင်မြည်ပန်းပန်လျက်ပင်ဖြစ်သည်။
သန်းရွှေခန့်၍ သမ္မတဖြစ်လာသော သိန်းစိန် သူ့ကိုယ်သူ ဟုတ်လှပြီအထင်ဖြင့် ဒေါ်အောင်ဆန်းစု ကြည်နှင့်ယှဉ် လူထုရွေးချယ်မှု ခံယူခဲ့စဉ် ၂၅ရာခိုင်နှုန်းအကျောပေးထားသည့်တိုင် ခေါင်းမဖော်ဝံ့အောင်ရှုံးနိမ့်။ ၂၀၁၆ခုနှစ်၊အာဏာလွှဲပြောင်းသည့်အခမ်းအနားတွင် ရှက်ရွံ့သိမ်ငယ်ခြင်းနှင့်မနာလိုစိတ်ကြီးစွာဖြင့် အရယ်အ ပြုံးမဲ့ခဲ့ဖူးသည်။
စစ်ဗိုလ်ချုပ်တို့ အာဏာရရှိရေးအတွက် သန်းရွှေတည်ထားခဲ့သော စစ်တစ်ပိုင်းဒီမိုကရေစီမှာ လူထု ထောက်ခံမှုဖြင့် ပြည်သူ့အာဏာပြည်သူတို့ ပြန်လည်သိမ်းပိုက်လိုက်သောအခါ လူထုရှေ့ဆောင်ဒေါ်အောင် ဆန်းစုကြည်အပေါ်စစ်ဗိုလ်ချုပ်တို့ အငြိုးတကြီးတောက်လောင်စိတ် ပိုပြင်းထန်တော့သည်။
စစ်ဗိုလ်ချုပ်တို့မှာ ဒေါ်အောင်ဆန်းစုကြည်လို လူထူကြည်ညိုခံဖြစ်ချင်ကြသည်။သူတို့လည်း ဒေါ် အောင်ဆန်းစုကြည်လို ဖြစ်နိုင်သည်ဟု တစ်ခန်းလွတ်ဦးနှောက်ဖြင့် စိတ်ကူးယဉ်ကြသည်။မည်သို့မျှ ယှဉ်၍ မရမှန်း အမြင်မှန်ရလာသောအခါ မနာလိုစိတ်ကြီးကြပြန်သည်။
၂၀၂၀ရွေးကောက်ပွဲရလဒ်က ယခုဘဝတွင် စစ်တပ်နှင့်ပြည်ခိုင်ဖြိုး အာဏာရစရာလမ်းလုံးဝမရှိတော့ ကြောင်း သက်သေပြလိုက်သည့်အချိန်၌ စစ်ဗိုလ်ချုပ်အဟောင်း၊အသစ်တို့၏ခေါင်းထဲ၌ မနာလိုစိတ်နှင့်အငြိုး ကြီးမှုတို့ အပြိုင်တောင်လောင်ကာ မအောင်မြင်သောအာဏာသိမ်းပွဲဖြင့် တိုင်းပြည်ကို အစွမ်းကုန်ဖျက်ဆီးကြ တော့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချပုဒ်မမျိုးစုံဖြင့် ထောင်နှစ်ရှည်ချရုံတင်မက အကျယ်ချုပ်အဖြစ်မှ ထောင်ထဲသို့ ပို့သည်အထိ အငြိုးကြီးခဲ့သည်။သို့သော်၊ဒေါ်အောင်ဆန်းစုကြည်သည် ကြံ့ကြံ့ခံလျက်။ဒေါ် အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုမပျက်။ဒေါ်အောင်ဆန်းစုကြည်နှင့်တစ်သားတည်းရှိနေကြောင်း ဇွန်၁၉ရက်တွင် နိုင်ငံတစ်ဝန်းပန်းသပိတ် ဆင်နွှဲ သက်သေပြလျက်။
ဒေါ်အောင်ဆန်းစုကြည်သည် ပန်းပန်မပျက်သော်လည်း ဂန်းကိုင်ထားသော စစ်ဗိုလ်ချုပ်တို့ ခမျာမှာ အရူးမီးဝိုင်းစိတ်ဖြင့် လုပ်မိလုပ်ရာ ပန်းမြင်လျှင်ပင် ရုပ်ပျက်ဆင်းပျက် အ ကြောက်ကြီးကြောက် သွေးပျက်ကာ ပန်းကိုပင် မမြင်ရဲတော့ ကြောင်း ဇွန်၁၉ရက် အဖြစ်အပျက်များက ပြောပြနေ ပေသည်။