အပြင်းနှင်လာသည့် ကားပေါင်းများစွာ၊ နေရာပေါင်းများစွာတွင် တိခနဲ ရပ်သွားသလို နေ့စဉ်လူမှုူဘဝများစွာတို့ ၏ ရုတ်တရက်တစ်ဆစ်ချိုးမှာ လမ်းမကြီးများထက် ခြောက်ခြားဖွယ်ထွက်ပေါ်လာခဲ့သည်။
“ငါတို့မြို့ ငါ့တို့ပိုင်တယ်၊ ငါတို့ငြိမ်ချင်ငြိမ်မယ် ငါတို့လှုပ်ချင်လှုပ်မယ်” ဟု နေပြည်တော်တွင် ဇောချွေးဒီးဒီးကျ ပူလောင်နေသော စစ်ဗိုလ်ချုပ်များကို ပြည်သူတို့က ရဲရဲတောက် စိန်ခေါ်လိုက်ခြင်းလည်းဖြစ်သလို ပွက်ပွက်ဆူနေ သော ငရဲအိုးထဲ ဆယ်ဘဝ ဆယ်ခါ ထပ်တိုးချင် တိုး၊ရစရာအာဏာ ရွေးတစ်စေ့မျှပင် မရှိကြောင်း အကျယ်လောင်ဆုံး ငြိမ်သက်အသံဖြင့် ပြောကြား လိုက်ခြင်းလည်း ဖြစ်သည်။
၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့သည် မြန်မာနိုင်ငံတစ်ဝန်း တိတ်ဆိတ်ငြိမ်သက်ခြင်းဖြင့် စစ်အာဏာရှင်ကို အတိအလင်း ထပ်စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ အသံတိတ်သပိတ် စတင်ခရာမှုတ်သံကို နံနက် ၁၀နာ ရီဟု ညာသံ ပေးထားသော်လည်း စစ်အာဏာရှင်ကို တူးတူးခါးခါး မုန်းတီးနေသော ပြည်သူများက နံနက်၈ နာ ရီ ကျော်ကတည်းကပင် တိုက်ပွဲခေါ်သံကို စတင်၊ အသံတိတ်လီဗာကို စတင်နင်းခဲ့ကြပြီ ဖြစ်သည်။
ဖေဖေါ်ဝါရီ ၁ ရက်နေ့ နံနက်ခင်းတွင် ပြည်သူတို့ အသော့နှင်။ နံနက်ခင်းဈေး သွားစရာရှိ စောစော သွားကြ။ မြို့ပေါ်ရပ်ကွက်မှသည် ကျေးလက်အထိပင် နံနက်ခင်းဈေးသည်များကလည်း ‘လာပါ ဝယ်ပါ ရောင်းချင် လွန်း လို့ ပါ၊၁၀နာရီမထိုးခင် အိမ်အရောက်ပြန်ချင်လွန်းလို့ပါ’တဲ့။ပြည်သူနှင့်ပြည်သူ အသံတိုးတိုးတိတ်တိတ် ညီညီညာ ညာ အသံတိတ်သပိတ်။
အာဏာသိမ်းပြီးကတည်းက ငယ်သံပါ ဝမ်းရေးခက်လှသဖြင့် မိသားစုဝမ်းရေးအတွက် အရပ်တကာ လှည့် ဈေးရောင်း ထွက်နေသူ ပြည်သူများကလည်း ယခုတစ်ရက်တော့ ငတ်ချင်ငတ်၊ ထမင်းတစ်လုတ်ကို မိသားစု မျှစားကြမည်ဆိုသည့် ပိုင်းဖြတ်ချက်ဖြင့် အိမ်ပြင်မထွက်၊ အသံတိတ်သပိတ်ကို သူတို့၏အစာအိမ် နာ ကျင်သည်အထိ ဖျစ် ညှစ်လို့ ပူးပေါင်းပါဝင်ခဲ့သည်။
ဖေဖေါ်ဝါရီ ၁ ရက်နေ့တွင် ဆိုင်မဖွင့်လျှင် အမျက်ကြီးလှသေ ာစစ်ကောင်စီက ကြီးလေးပြစ်ဒဏ် နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်သဖြင့် ကျွန်ုပ်တို့၏ ဆိုင်ခန်းရှင် ပြည်သူများကလည်း နံနက်၁၀နာရီမထိုးခင် ဆိုင်ဖွင့် ကာ ဆိုင်ထဲမှနေ၍ အသံတိတ်သပိတ်ကို စတင်ခဲ့သည်။
ရုံးသမားဝန်ထမ်းနှင့်လုပ်သားများကလည်း ၁၀နာရီမထိုးခင် လုပ်ငန်းခွင်ရှိရာ အသော့နှင်၊အလုပ်ထဲ ရောက်သည့်နှင့် အပြင်မထွက်။ စစ်ကောင်စီကို မင်းတို့ဘာတတ်နိုင်သေးသလဲဟု မေးခွန်းထုတ်လိုက်ကြသည်။
နံနက် ၈နာရီကျော်ကတည်းကပင် ဒီမိုကရေစီအထုံကြီးသော ပြည်သူတချို့၏ ရာဇဝင်တွင်မည့် မှတ် တမ်းတင်မှုအရ လမ်းမကြီးတချို့၏ ခြောက်ခြားဖွယ် လှောင်ရယ်သံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာထက် စတင် တွေ့ရှိခဲ့ကြရသည်။
ထို့နောက် နံနက် ၁၀နာရီ မထိုးခင်ကတည်းက မြန်မာနိုင်ငံတစ်ဝန်း မြို့များအပြိုင် လီဗာကုန်နင်း တာထွက်လာခြင်းများမှာ ဖေ့စ်ဘွတ်ခ်စာမျက်နှာများထက်တွင် အကျယ်လောင်ဆုံး တိတ်ဆိတ်နေခဲ့သလို နေပြည်တော်တွင် ခေါင်းမြိတ်ခြုံကာ အိပ်ချင်ယောင်ဆောင်နေသော ဗိုလ်ချုပ်ကြီးတို့၏ နားထဲတွင်မူ ပြင်း အားမြင့်ငလျင် အရှိန်ဖြင့် ဝင်ဆောင့်ခံရသလို ဝုန်းဒိုင်းကြဲနေတော့သည်။
တကယ်တော့ အသံတိတ်သပိတ် ဆင်နွှဲရန် သပိတ်လူငယ်တို့၏ လှုံ့ဆော်မှုမှာ အချိန်၅ရက်သာ ရှိ သဖြင့် အင်မတန်တိုတောင်းလှသော အချိန်အတွင်း တက်သုတ်ရိုက် လှုံ့ဆော်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ယခင့်ယခင် အသံတိတ်သပိတ်များတုန်းကလို နိုင်ငံနှင့်ချီအောင်မြင်ပါ့မလားဟု ပြည်သူများကိုယ်တိုင်တထိတ် ထိတ်ဖြစ်ကြရသည်။
သို့သော်၊လက်လှမ်းမမီသောမြို့နှင့် မသေချာသောမြို့များကို ချန်လှပ်ထားပြီး ထွက်ပေါ်လာသည့် Data for Myanmar ၏ စစ်တမ်းအရ မြို့ပေါင်း၁၅၀ကျော်တွင် ထန်ပြင်းလှသည့် အသံတိတ်သပိတ်ဆင်နွှဲခဲ့ ကြောင်း သိခဲ့ရသည်။
၂၀၂၁ခုနှစ်မတ်လ၂၄ရက်နေ့၊ ပထမအကြိမ်အသံတိတ်သပိတ်ကို ၁၁၃မြို့၊၂၀၂၁ခုနှစ်ဒီဇင်ဘာ ၁၀ရက်နေ့၊ဒုတိယအကြိမ်အသံတိတ်သပိတ်ကို ၁၇၂မြို့နှင့်၂၀၂၂ခုနှစ်ဖေဖေါ်ဝါရီ၁ရက်နေ့၊တတိယအကြိမ် အသံတိတ်သပိတ်ကို ၁၈၅မြို့ ပါဝင်တိုက်ပွဲဆင်ခဲ့သည်ဆိုသော မှတ်တမ်းများအရ ယခု မြို့ပေါင်း၁၅၀ကျော် တိုက်ပွဲဝင်မှုမှာ ပြည်သူတို့ သွေးမအေးကြောင်းနှင့် တော်လှန်ရေးအရှိန်မှာ အဟုန်မပျက် ဆက်လက်ချီတက် မြဲဖြစ်ကြောင်း သက်သေခံနေပေသည်။
ထို့ပြင် ၂၀၂၃ခုနှစ်ဖေဖေါ်ဝါရီ၁ရက်နေ့ အသံတိတ်သပိတ်သည် စစ်အာဏာဘီလူးတို့၏ မအောင်မြင် သော အာဏာသိမ်းမှု ၂နှစ်ပြည့်ဖြစ်ကြောင်း နိုင်ငံတကာအသိုင်းဝိုင်း သိမှတ်ဖွယ် မှတ်တမ်းတင်ပြခဲ့ခြင်း ဖြစ် သလို ဒီမိုကရေစီအောင်မြေရှိရာဆီ ရောက် အောင်လှမ်းမည်ဆိုသည့် ပြည် သူ တို့၏ အောင်ကိုအောင်ရ မည် ဆိုသောစိတ်ဓာတ်ကိုလည်း ဖော်ပြနေ ကြောင်း MPA အနေနှင့်ယုံကြည်ပါသည်။