လေဖြင့်ဆောက်ပြီး ရောင်းချလိုက်သော ကွန်ဒိုတိုက်ခန်းများ ၁၈ နာရီ အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဒဿမ၃၅သန်း ဖြစ်လာခြင်းမှာ နားထောင်၍ ကောင်းသော ပုံပြင်တစ်ပုဒ် မဟုတ်တာ သေချာသည်။
ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းများ ဖြစ်သည်။ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မင်းအောင်လှိုင် တပ်ပိုင်မြေပေါ်တွင် နွေဦးတော်လှန်ရေးအပြီး၌ တည်ဆောက်ကာ ရန်ကုန်ကို ခြယ်သမည့် စီမံကိန်းတစ်ရပ် ဖြစ်သည်။
ဇန်နဝါရီ ၂၁ ရက်နေ့တွင် စတင်ရောင်းချတော့မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက စတင်ကြညာပြီးနောက် တစ်ရက်တွင်ပင် ကွန်ဒိုတိုက်ခန်း ၃၀၀ ကျော်ကို ဝယ်ယူလိုကြောင်း ကြိုတင် အမှာစာ လက်ခံရရှိခဲ့သည်။
ထို့နောက် အံ့အားသင့်ဖွယ် ဇန်နဝါရီ ၂၁ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၀ နာရီတွင် တရားဝင် စတင် ရောင်းချခဲ့ပြီးနောက် ၁၈ နာရီ အကြာ၌ ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းပေါင်း ၇၇၀ စလုံး အရောင်းထွက်သွားခဲ့ပြီ ဆို တော့ မြန်မာပြည်သူတို့၏ လက်ခုပ်သံ နိုင်ငံပြင်ပသို့ လျှံထွက်ခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်းကပင် ရဲရင့်နွေဦး၏ အတွင်းသားထဲက နွေဦးခွန်အားကို အသိအမှတ် ပြုခဲ့ကြရသည်။ တကယ်တော့ ရဲရင့်နွေဦး ကွန်ဒို ဆိုသည်မှာ အကောင်အထည် ပြနိုင်ခြင်းမရှိ၊ လေဖြင့်ဆောက်ပြပြီး လေဖြင့်ရောင်းကာ လေမပါ ငွေသားစင်စစ် တော်လှန်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ ဒဿမ ၃၅ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
ပြောရလျှင် နတ်ရေကန်ထဲသို့ ပစ်ချလိုက်သော အိပ်မက်သည် ၁၈ နာရီ အတွင်း ရွှေဖြစ်လာခြင်း ဖြစ်သည်။ ထို့အတွက် အမျိုးသား ညီညွတ်ရေး အစိုးရတွင် နွေဦးတော်လှန်ရေး အောင်မြေ နင်းပြီးနောက်တွင် ရဲရင့်နွေဦးကွန်ဒိုများကို တည်ဆောက်ပေးမည်ဆိုသည့် ကတိကဝတ်ကလွဲ၍ အခြားမည်သည့် အာမခံချက်မျှမပေးနိုင်။ သို့သော်၊ ၁၈ နာရီ အတွင်း ကန်ဒေါ်လာ၁၀ဒဿမ၃၅သန်း ရရှိခဲ့သည်။ ရဲရင့်နွေဦး ကဲ့သို့ပင်၊ NUG ငွေတိုက်စာချုပ်၊ မင်းအောင်လှိုင် မတရား သိမ်းပိုက်ထားသည့် အိမ် ၂ လုံးကို ရောင်းချခြင်း၊ ထို့နောက် နွေဦးရန်ကုန်နှင့် နွေဦးမန္တလေး အိမ်ယာစီမံကိန်းများ။ အမျိုးသားညီညွတ်ရေးအစိုးရ၏ တော်လှန်ရေး ရန်ပုံငွေ ရှာဖွေမှု စီမံကိန်းများ အားလုံးမှာ တော်လှန်ရေးကြီး အောင်ပြီဆိုမှသာ ဖြစ်ထွန်းလာမည့်အရာများချည်း။
ယင်းသို့သော အခြေအနေအောက်တွင် ၁၈ နာရီ အတွင်း ကွန်ဒိုတိုက်ခန်းပေါင်း ၇၇၀ အရောင်းစွံခဲ့သနည်း။အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က အိမ်ရာ တိုက်ခန်းပိုင်ဆိုင်လိုမှုထက် အာဏာရှင်အဆုံးသတ်နိဂုံး စစ်ပွဲတွင် ငါတို့လည်း ပါဝင်ဆင်နွှဲမယ်ဟေ့ ဆိုသည့် ဆန္ဒာဓိပတိ ပြဌာန်းမှုကြောင့် ဟု ကောက်ချက်ချသည်။
ဝန်ကြီးပြောခဲ့သလို အာဏာရှင် အဆုံးသတ်ရေးအတွက် ပြည်သူတစ်ဦးချင်းစီ၏ တနိုင်ထည့်ဝင်ကြမှု အပေါ် လေးနက်စွာ အသိအမှတ် ပြုရမည်ဖြစ်သော်လည်း ရဲရင့်နွေဦးကွန်ဒို၏ အရှင်းဆုံး တစ်ခွန်းတည်းသော ပြောပြချက်မှာ ပြည်သူတို့၏သွေးသားထဲ နွေဦးတော်လှန်ရေး အောင်တော့မည်ဆိုသည့်အသိ ပိုမိုခိုင်မာလာခြင်းပင် ဖြစ်သည်။
နွေဦးတော်လှန်ရေးသည် အောင်စိတ်နှင့်အတူ မွေးဖွားလာခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ပြည်သူအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု အပြင်းထန်ဆုံးဖြစ်ခဲ့သော ၂၀၂၂ ခုနှစ်တွင်ပင် တော်လှန်ရေးအောင်စိတ်မှာ လျော့နည်းပွန်းပဲ့ သွားခြင်းမျိုးမရှိဘဲ လောကဓံမျိုးစုံကြား ရုန်းကန်တောင့်တင်းလာသည့် ကလေးငယ်တစ်ယောက်ပမာ သန်စွမ်းခဲ့သည်။
၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် တို့တွင် အမျိုးအစား စုံလင်လှသော ပြည်သူတို့၏ တော်လှန်ရေးထည့်ဝင်အား များမှာ တော်လှန်ရေးဒီရေမြင့်သစ် ၂၀၂၃ ခုနှစ် အဖြစ် ပြဌာန်းပေးခဲ့သည်။ ၂၀၂၂ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်၊ မြန်မာ့နွေဦးတော်လှန်ရေးကို ပံ့ပိုးပေးမည့် အမေရိကန် NDAA အက်ဥပဒေ ပြဌာန်းမှုနှင့် မြန်မာ့အရေး အာဆီယံ မူ ၅ ရပ်ကို ယင်းမူ ၅ရပ်နှင့်အညီ ကိုင်တွယ်လာနိုင်ဖွယ် ရှိသည့် အာဆီယံ၏ခြေလှမ်းတို့မှာ ရဲရင့်သောမြန်မာပြည်သူတို့ စိုက်ခဲ့သမျှ၏ အသီးအပွင့်တို့ပင်ဖြစ်သည်။
မြန်မာပြည်သူတို့သည် နွေဦးတော်လှန်ရေးကို ယုံကြည်သည်။ နွေဦးတော်လှန်ရေး အောင်ကိုအောင်ရမည်ဟုလည်း ယုံကြည်ကြသည်။ ယင်းသို့သော ယုံကြည်မှုသည် ၂၀၂၃ ခုနှစ်တွင် ပိုမိုခိုင်မာလာခြင်းကြောင့် ၁၈ နာရီအတွင်း ကန်ဒေါ်လာ၁၀ဒဿမ၃၅သန်း ဖြစ်ထွန်းလာခဲ့သည်။ ယင်းသည် နွေဦးတော်လှန်ရေး အောင်ကို အောင်ရ မည်ဟု ပြည်သူတို့ ဟစ်ကြွေးလိုက်ခြင်းပင် ဖြစ်သည်။