“လူတွေကို သတင်း အချက်အလက်တွေ သိခွင့်ပေးလိုက်ပါ။
အဲဒါဆိုရင် အဲဒီ တိုင်းပြည် လုံခြုံသွားလိမ့်မယ်”
အမေရိကန် နိုင်ငံ၏ ၁၆ ယောက်မြောက် သမ္မတ အေဗရာဟင် လင်ကွန်း ပြောခဲ့တာကို မှတ်သားခဲ့ရဖူးပါသည်။
၁၈၆၅ ခုနှစ် ဧပြီလ ၁၅ ရက် အသက် ၅၆ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့သည့် သမ္မတ လင်ကွန်း သည် အမေရိကန် ပြည်တွင်းစစ်ကို အဆုံးသတ်ပေးသူ၊ ကျွန်စနစ်ကို ဖျက်သိမ်းပေးသူ၊ ပြည်ထောင်စု နှစ်ခြမ်းကွဲမည့် အဖြစ်ကနေ ဆယ်ယူသူ ဆိုပြီး လူအများက လေးစားရသော သမ္မတ တစ်ဦးလည်း ဖြစ်ပါသည်။
သမ္မတ လင်ကွန်းသာ အခုနေအခါ မြန်မာနိုင်ငံမှာ ရှိရင် နှစ်ပေါင်း ၁၅၀ လောက်က သူပြောခဲ့သော အထက်ပါ စကားကို ပြင်ဆင်ခြင်စိတ်များ ဖြစ်ပေါ်လာနိုင်မလား ဆိုပြီး တွေးထင်မိပါသည်။
တစ်နှစ် ကျော်လာပြီ ဖြစ်သည့် စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေသော မြန်မာနိုင်ငံသည် အများပြည်သူကို သတင်း အချက်အလက်များ မျှဝေပေးရမည့် သတင်းသမားများကိုယ်တိုင် လုံခြုံမှု မရှိဘဲ အသက်အန္တရာယ်ပါ ရှိနေသည့် နိုင်ငံ၊ Journalism is not a crime သတင်းစာ ပညာသည် ရာဇဝတ်မှု မဟုတ်၊ သတင်းသမားများသည် ရာဇဝတ်မှု ကျူးလွန်သူများ မဟုတ်ကြောင်း ပြောဆို ထောက်ပြနေကြပေမယ့်လည်း အာဏာသိမ်း စစ်တပ် လက်ပါးစေများက သတင်းသမားများကို ရာဇဝတ်သားများ ပမာ အငြိုးအတေး ကြီးစွာနဲ့ ဖမ်းဆီး နှိပ်ကွပ်နေသည့် နိုင်ငံ ဖြစ်နေသည်။
၁၉၂၀ ကျော်က ထုတ်ဝေခဲ့သည့် ဂန္ထလောက မဂ္ဂဇင်း (World of Books) ခေါင်းကြီးပိုင်း (အယ်ဒီတာ့ အာဘော်) တစ်ပုဒ်မှာ ပြင်သစ် စစ်ဗိုလ်ကြီး တစ်ဦးက “ကျွနု်ပ်သည် သတင်းစာ တစ်စောင်ကို စက်အမြောက် ၁၀ စင်းထက် ကြောက်ပါ၏” ဟု ပြောဖူးကြောင်း ဖော်ပြထားသည်ကိုလည်း သတိရမိသည်။
ယခု အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် စစ်သားများကို တွေ့ရှိပါက ဂန္ထလောက မဂ္ဂဇင်း ခေါင်းကြီးပိုင်းလည်း ပြောင်းလဲသွားနိုင်သည်။
မကြာသေးခင်ကပင် စစ်ကောင်စီ၏ အကြမ်းဖက် စစ်သားများက ကရင်ပြည်နယ် ဘားအံမြို့မှာ အလွတ်တန်း သတင်း ထောက် တစ်ဦးကို ဖမ်းဆီးလိုက်သေးသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့က နိရဉ္စရာ (Narinjara) သတင်းဌာန ရုံးကိုလည်း ဝင်ရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပါသည်။
ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနများနှင့် သတင်းသမားများကို အာဏာသိမ်း စစ်တပ်က ပုဒ်မ အမျိုးမျိုးတပ် အမှုဖွင့် ဖမ်းဆီးကာ တရားစွဲဆိုမှုများကြောင့်လည်း သတင်းထောက်များ တိမ်းရှောင်နေကြရပါသည်။
နိုင်ငံတဝန်းက သတင်းသမားများကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ စတဲ့ ဥပဒေ ပုဒ်မ မျိုစုံတပ် အရေးယူမှုများ ပြုလုပ်နေခြင်းလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာ သိမ်းပြီးကတည်းက မြန်မာနိုင်ငံရှိ သတင်းသမား ၁၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီး သတင်းသမား ၅၇ ဦး လက်ရှိအချိန်အထိ မတရား ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်သံရုံးက ထုတ်ပြန်ထားသည်။
၂၀၂၂ ကမ္ဘာ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၆ နှင့် ရပ်တည်နေကြောင်း သိရပါသည်။
နယ်စည်းမခြား သတင်းသမားများ အဖွဲ့ (RSF) က မြန်မာနိုင်ငံမှာ သတင်းမီဒီယာ အလုပ်သည် အကျဉ်းချခံရခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်း သို့မဟုတ် သတ်ဖြတ် ခံရခြင်းများ ကဲ့သို့ ခြိမ်းခြောက်မှုများနှင့် အလွန်ကို အန္တရာယ်များသည့် အလုပ်အကိုင် တစ်ခု ဖြစ်ကြောင်း၊ သတင်းထောက်များကို ထောင်သွင်း အကျဉ်းချရာမှာလည်း မြန်မာနိုင်ငံသည် တရုတ် နိုင်ငံပြီးလျှင် ဒုတိယ အများဆုံးနိုင်ငံ ဖြစ်လာကြောင်း ထုတ်ဖော် ပြောဆိုထားပါသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များထဲက ထွက်ပေါ်လာသော ဖြစ်စဉ်တချို့က အလွန်ကို ကြမ်းတမ်းခက်ခဲတဲ့ အခြေအနေများ နှင့် စနစ်တကျ ညှဉ်းပန်း နှိပ်စက်မှုများ ရှိကြောင်း ဖော်ပြနေသည် ဟုလည်း ဆိုပါသည်။
၂၀၂၁ ဒီဇင်ဘာ နှင့် ၂၀၂၂ ဇန်နဝါရီလ အတွင်း သတင်းထောက် ၃ ဦး စစ်အာဏာရှင် လက်ချက်နှင့် သေဆုံးခဲ့ရပြီး သူတို့ထဲက ၂ ဦးကမှာ ဖမ်းဆီး ထိန်းသိမ်းထားစဉ် ညှဉ်းပန်း နှိပ်စက်မှုများကြောင့် အသက် ဆုံးရှုံးခဲ့ရခြင်း ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးကလည်း RSF ထုတ်ပြန်ချက်ကို ထပ်ဆင့် ဖော်ပြထားပါသည်။
မည်သို့ပင် ဆိုစေကာမူ မြန်မာ သတင်းသမားများ အနေနှင့် ကြောက်ရွံ့ နောက်တွန့် သွားမှာ မဟုတ်ကြောင်း ယုံကြည်မိပါသည်။
တခြားသော ရွေးချယ်ပိုင်ခွင့်၊ ရွေးချယ်စရာများ ရှိလင့်ကစား သတင်းသမား အလုပ်၊ သတင်းမီဒီယာ လုပ်ငန်းကို ယတိပြတ် စိတ်ပိုင်းဖြတ်ကာ ရွေးချယ် ခဲ့ကြပြီးသူများလည်း ဖြစ်ပါသည်။
ဘာကြောင့်ဆို သတင်းသမား ဆိုတာ တရားတဲ့ ဘက်၊ ဓမ္မဘက်၊ အမှန်တရား ဘက်က ရပ်တည်သူများလည်း ဖြစ်၍ မဟုတ်ပါလား…..။ ။