By Razi / MPA (ဆောင်းပါး)
ဗလာစာရွက်အပေါ် လက်ရေး ခပ်သော့သော့ နှင့် ရေးထားသည့် အကျဉ်းထောင်အတွင်းမှ စာတစ်စောင်ကို မကြာသေးခင်က တွေ့ရှိလိုက်ရပါသည်။
နွေဦး တော်လှန်ရေး တစ်နှစ်ကျော် ရှိလာချိန်တွင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီး အကျဉ်းချ ခံခဲ့ရသူများ၏ ထောင်တွင်းမှ ပေးစာများ မကြာခဏဆိုသလို ပြင်ပသို့ ရောက်ရှိလာပြီး တော်လှန်ရေး လှုပ်ရှားမှုများကို အရှိန်မြှင့်ကြရန် လည်း တိုက်တွန်း နှိုးဆော်ထားကြပါသည်။
နိုင်ငံရေး ပုဒ်မတပ် အဖမ်းခံရသည့် အမျိုးသမီး ၃၀ ကို ထောင်ပြောင်းလိုက်ပြီး အကျဉ်းထောင် အတွင်း နိုင့်ထက် စီးနင်း ပြုကျင့် နေကြကြောင်း ရေးသားထားသည့် အထက်ပါ စာတစ်စောင်ဟာ မေလ ပထမပတ် အတွင်းမှာ မီဒီယာများ ထံသို့ ရောက်ရှိလာခဲ့ပါသည်။
“ထောင်ပြောင်းရတဲ့ သူတွေကို တစ်ပွင့်နဲ့ဟာမက ရိုက်ပြီး အခန်းထဲက ထုတ်သွားတယ်။ နံပါတ်တုတ်နဲ့ ရိုက်တာ”ဟု ရေးသားထားသည့် အဆိုပါစာသည် အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီး အကျဉ်းချခံထားရသည့် နိုင်ငံရေး အကျဉ်းသူများ၏ အခြေအနေကို ဖော်ပြနေပါသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်သည့် အမျိုးသမီးများသည် အကြမ်းဖက် စစ်တပ်၏ မတရား ဖမ်းဆီး နှိပ်စက် ညှဉ်းပန်းခံကြရပြီး တချို့မှာ သေဒဏ်၊ တစ်သက်တစ်ကျွန်း စသည့် ပြစ်ဒဏ်များပင် ချမှတ်ခံထားရပါသည်။
နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်သည့် အမျိုးသမီးများ အနေဖြင့် ဖမ်းဆီးခံရချိန်တွင် ရိုက်နှက်၊ နှိပ်စက်ခံရသလို စစ်ကြောရေးတွင်လည်း လူမဆန်စွာ နှိပ်စက် ညှဉ်းပန်း ခံကြရကြောင်း သိရပါသည်။
စစ်ကြောရေးမှ အကျဉ်းထောင်သို့ ရောက်သည့် အချိန်တွင်လည်း ထောင်ဝန်ထမ်းများ၊ အခြား ပုဒ်မများနှင့် အကျဉ်းကျနေသည့် အမျိုးသမီးများ၏ နိုင့်ထက်စီးနင်း ပြုကျင့်မှုများကို ခံနေကြရသည်ဟုလည်း ဆိုကြပါသည်။
ထိုသို့သော နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်မှုကြောင့် မန္တလေး အိုးဘိုထောင်အတွင်း အကျဉ်းချခံခဲ့ရသည့် ဒေါ်အေးမြင့်လည်း တစ်ဦး အပါအဝင် ဖြစ်ပါသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည့် သူသည် ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီ တပ်များ၏ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးမှုခံခဲ့ရပြီး ၂ လကျော် ထောင်တွင်းမှာ နေခဲ့ရသူ ဖြစ်ပါသည်။
သပိတ်မှောက် လှုပ်ရှားများ နေ့တိုင်းထွက်နေသော ဒေါ်အေးမြင့်တို့ကို အကြမ်းဖက်စစ်ကောင်စီတပ်များက လာရောက်ဖမ်းဆီးပြီ ဖြစ်ကြောင်း သတင်းရသည့်နေ့က သူ ကင်းကျသည့်နေ့လည်း ဖြစ်သည်။
မနက်အစောပိုင်း ကင်းသိမ်းခါနီးအချိန်တွင် ယင်းသို့ သတင်းရသဖြင့် အခြားသူများအား တိမ်းရှောင်ကြရန် ဆက်သွယ် သတိပေးလိုက်သည်။
သူကိုယ်တိုင်လည်း လွတ်ရာကို ထွက်ပြေးခဲ့ပြီးမှ ကျန်ခဲ့သည့် အမျိုးသမီး နှစ်ဦးကို ပြန်လှည့်ပြောချိန်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားများက သူ့ကိုမြင်သွားပြီး အဖမ်းခံခဲ့ရပါသည်။
“လိုက်ဖမ်းတော့ ၄ ယောက်၊ ၁ ယောက် နပန်းလုံးကြတာ။ ကိုယ်တစ်ယောက်တည်း မိတယ်။ ဖုန်းကိုစစ်ပြီးတော့ ရိုက်တာပေါ့၊ သေနတ်ဒင်တွေနဲ့လည်း ရိုက်တယ်၊ ရင်ညွန့်တွေ ပါးတွေကို လက်သီးတွေနဲ့ ထိုးတယ်”ဟု ဖမ်းဆီးခံရစဉ်က အခြေအနေကို ဒေါ်အေးမြင့်က ပြန်ပြောပြသည်။
ထို့နောက် သူ့ကိုခေါ်သွားသည့် လမ်းတွင်လည်း သဲအိတ်များ ထမ်းခိုင်းခဲ့ရာ သားအိမ်ရောဂါရှိ၍ မထမ်းနိုင်ဟု ဆိုသောအခါ ဗိုက်ကို ခြေထောက်နှင့် အကန်ခံခဲ့ရပြန်သည်။
ဒေါ်အေးမြင့်ကို ကားဖြင့် ခေါ်ဆောင်သွားခဲ့ပြီးနောက် မျက်လုံးကို အဝတ်စည်းကာ အခန်းတစ်ခုအတွင်း ခေါ်သွားခဲ့ကာ ခဲပုံပေါ်တွင် ဒူးထောက် လက်မြှောက်နေခိုင်းခဲ့သည်။
ခေါ်သွားသည့် လမ်းတွင်လည်း တစ်လမ်းလုံး ရိုက်နှက် ကန်ကျောက်ခံခဲ့ရသည်ဟု အသက် ၄၀ ကျော်အရွယ်ရှိ သူက ပြောပြပါသည်။
“ခဲပုံပေါ် ဒူးထောက် လက်မြှောက်ထားတာ ညောင်းလို့ လက်ချရင် ရိုက်တယ်။ ကိုယ်က ကျစ်ဆံမြီး အမြဲကျစ်ထားတော့ အဲ့ဒါကို ဆောင့်ဆွဲတာ။ ရိုက်လို့ လဲကျရင် မျက်နှာကို ဖိနပ်နဲ့ နင်းထားတာ” ဟု စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရပုံများကိုလည်း သူက ပြောသည်။
အသက် ၄၀ ကျော်အရွယ် အိမ်ထောင်သည်၊ ကလေးအမေပင် ဖြစ်သော်ငြား စစ်ကြောရေးမှ စစ်သားများ၏ ထိကပါး ရိကပါး ပြုလုပ်မှုကိုလည်း ခံခဲ့ရသည်ဟု သူက ဆိုသည်။
“စတာလိုလို နောက်တာလိုလို လူကို ဖက်ပြီး ပွတ်သပ်နေတာ”ဟု ဒေါ်အေးမြင့်က ပြောပြပါသည်။
ထိုနေ့တစ်နေ့လုံး အစာမစားရ၊ ရေမသောက်ရဘဲ နှိပ်စက်ခံခဲ့ရပြီးနောက် သန်းခေါင်အချိန်ခန့်တွင် ဒေါ်အေးမြင့်ကို ရဲစခန်းသို့ ပို့ခဲ့သည်။
မိသားစုဝင်များက ရဲစခန်းတွင် စောင့်နေသော်လည်း စခန်းမှူးက ဒေါ်အေးမြင့် မရောက်ဟုသာ ဖြေကြားခဲ့သဖြင့် မိသားစုဝင်များမှာ ရတက်မအေး ဖြစ်ခဲ့ကြရသည်ဟုလည်း ဆိုပါသည်။
ဖမ်းဆီးခံရပြီး ဒုတိယမြောက် နေ့မှသာ ရဲစခန်းတွင် ဖမ်းဆီးခံထားရသော ရှေ့နေတစ်ဦးက ဖုန်းခိုးပေးသဖြင့် မိသားစုဝင်များနှင့် အဆက်အသွယ် ရခဲ့သည်။
ထို့နောက် ပုဒ်မ ၅၀၅(က)၊ လက်နက်မှု၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မများဖြင့် အမှုဖွင့်ခံခဲ့ရကာ အိုးဘိုထောင် အတွင်းမှ တရား ရင်ဆိုင်ခဲ့ရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်အတွင်း ဒေါ်အေးမြင့် အပါအဝင် အမျိုးသမီး ၁၆၂၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ် ချမှတ်ခံရသူ ၉၅ ဦးရှိခဲ့ကြောင်း မြန်မာ့ အမျိုးသမီး သမဂ္ဂ (BWU) က ထုတ်ပြန်သော အာဏာသိမ်း ကြိုးပမ်းမှုကာလ အမျိုးသမီးများ၏ အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖမ်းဆီးချုပ်နှောင်ခံရသည့် အမျိုးသမီးများသည် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စစ်ကြောရေးများတွင် နှိပ်စက်ညှဉ်းပန်း ခံရသည့် အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုလည်း ခံကြရကြောင်း အစီရင်ခံစာက ဆိုသည်။
စစ်ကြောရေးတွင် ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦးအား သူမ၏ ဖခင်ရှေ့တွင်ပင် မဖွယ်မရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ကြကြောင်းလည်း BWU အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ထို့ပြင် စစ်ကြောရေးတွင် ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦးအား အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရက်တိုက်ကာ အဓမ္မ ပြုကျင့်ရန် ကြိုးပမ်းခဲ့သေးသည်ဟုလည်း ဆိုသည်။
စစ်ကြောရေးတွင် ရောက်ရှိနေသည့် အမျိုးသမီး တစ်ဦး အရက်ပျံသောက်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်ကလည်း စစ်ကောင်စီတပ်က အမျိုးသမီးများအပေါ် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်နေကြောင်း မီးမောင်း ထိုးပြနေပါသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း အကျဉ်းထောင်များ၊ စစ်ကြောရေး စခန်းများ၌ အမျိုးသမီး အကျဉ်းသူများ ညှဉ်းပန်းနှိပ်စက်မှု ဆိုးဆိုး ရွားရွား ခံခဲ့ကြရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများလည်း ရှိခဲ့ကြောင်း၊ အလားတူ ၂၀၂၁ နွေဦး တော်လှန်ရေး နောက်ပိုင်း ဖမ်းဆီးခံရသည့် အမျိုးသမီး တော်လှန်ရေး ရဲဘော်များ၊ အမျိုးသမီး နိုင်ငံရေး အကျဉ်းသူများသည်လည်း ယင်းသို့ နှိပ်စက်ညှဉ်းပန်းမှုများကို ခံနေကြရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောသည်။
“အဲ့ဒီထဲမှာမှ ပြီးခဲ့တဲ့ အာဏာရှင်တွေ ကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေ နဲ့ ယနေ့ မတရား အာဏာလု အကြမ်းဖက် စစ်အုပ်စုက ကျူးလွန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေက ပိုပြီးတော့ ဆိုးရွားလာတာ တွေ့နေရပါတယ်”ဟုလည်း ၎င်းက ပြောသည်။
အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားများကို ခွဲခြားဆက်ဆံပြီး ဂုဏ်သိက္ခာပိုင်းအရ ယုံကြည်ချက်ကို မတရားသဖြင့် ချိုးချိုးနှိမ်နှိမ် ပြောဆို ဆက်ဆံခြင်း၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု ကျူးလွန်ခြင်းများ ရှိနေသည်ဟု လည်း AAPP မှ တာဝန်ရှိသူက ပြောပါသည်။
ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံခဲ့ရပြီး ၆ လကျော် ချုပ်နှောင်ခံခဲ့ရကာ ၄၅ ရက် သီးခြား တိုက်ပိတ်ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသူ တစ်ဦးသည့် ဒေါ်မျိုးမျိုးအေးကလည်း အကျဉ်းထောင်အတွင်း ခွဲခြားဆက်ဆံမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ပြောသည်။
“ရိုးရိုးပြစ်မှုနဲ့ ကျတဲ့သူတွေက ငွေမပေးနိုင်ဘူး။ ရောက်တဲ့နေရာမှာ ငွေမသုံးနိုင်ရင် သူ့ကိုဆိုးရွားတဲ့ အလုပ်တွေခိုင်းတယ်။ အိမ်သာသန့်ရှင်းရေး လုပ်တာတို့ မိလ္လာခပ်တာတို့ ပိုက်ဆံမရှိဘူးဆိုရင် လုပ်ရတယ်။ ရှေ့မြောင်း နောက်မြောင်း ဆယ်ရတယ်၊ အဲ့ဒါကို ၅၀၅ တွေကို တာဝန်မပေးဘူး။ ဒါပေမယ့် ၅၀၅ သီးသန့်ထားလိုက်တော့ လုပ်မယ့်သူမရှိဘူး ဆိုပြီး ခုနက အဲ့ဒီလို အလုပ်တွေကို ၅၀၅ တွေကို ခိုင်းတာပေါ့”ဟု အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်သည့် ဒေါ်မျိုးမျိုးအေးက ပြောပြပါသည်။
ထို့ပြင် ပြင်ပနှင့် ဆက်သွယ်ရန် ကြိုးစားသည်ဟု ဆိုကာ ၎င်းကို တိုက်ပိတ်ရန် လာရောက် ခေါ်ဆောင်စဉ်ကလည်း အဝတ်အစား၊ အသုံးအဆောင်၊ ဆေးဝါး စသည်တို့ကို ယူခွင့်မရခဲ့ဘဲ တိုက်ပိတ်ခံခဲ့ရသည်ဟုလည်း ဆိုသည်။
“တိုက်ပိတ်တော့မယ်ဆိုရင် အကျဉ်းကျနေတဲ့ ပစ္စည်းတွေ အကုန်ယူသွားပြီး တိုက်ထဲမှာ တစ်ယောက်တည်း နေရတာပေါ့။ ကျမတုံးက ဘာပစ္စည်းမှ မပါသွားဘူး။ ဒုတိယနေ့ကျမှ အင်္ကျီတစ်ထည် ထဘီတစ်ထည် လာပေးတာ တစ်လ ကျော်လောက် ကျမှ ပစ္စည်းတွေ အကုန် ကျမဆီရောက်တာ”ဟုလည်း ၄၅ ရက် တိုက်ပိတ်ခံခဲ့ရစဉ်က အခြေအနေကို ဒေါ်မျိုးမျိုးအေးက ပြောပြပါသည်။
ဖမ်းဆီးခံရစဉ်က တစ်ပတ် တိုက်ပိတ်ခံခဲ့ရသည့် ဒေါ်အေးမြင့်ကလည်း အကျဉ်းထောင်အတွင်း မကြာခဏ အရိုက်ခံခဲ့ရသည်ဟု ဆိုသည်။
ပြင်ပသို့ စာထုတ်ရန် ကြိုးစားသဖြင့် မိသွားချိန်တွင် အရိုက်ခံရခြင်း ဖြစ်ကြောင်းလည်း သူက ပြောပါသည်။
ထို့ပြင် ထောင်တာဝန်ခံများ၏ နှိပ်စက်မှုကိုခံခဲ့ရသလို Other ဟုခေါ်သည့် အခြားအမှုဖြင့် အကျဉ်းကျနေသူများ၏ အနိုင်ကျင့်မှုများကိုလည်း ခံခဲ့ရသည်ဟု ဆိုသည်။
“၅၀၅ သီးသန့်ထားတယ်၊ ဒါပေမယ့် Other တွေကို အနိုင်ကျင့်ခိုင်းထားတယ်၊ တချို့တွေဆို ကလေးလေးတွေ ပါလာတယ်။ ကလေးတွေငိုရင် ဆဲတာ ဝါဒါတွေက ဆဲတယ်၊ တခြားသူတွေလည်း ဆဲတယ်။ တကယ့်ကို မကြားဝံ့ မနာသာတွေပဲ”ဟု ဒေါ်အေးမြင့်က ထောင်တွင်း ကြုံတွေ့ခဲ့ရပုံများကို ပြောပြသည်။
ထောင်ကနေ ရုံးချိန်းထုတ်တိုင်း အလွန်ဆိုးရွားပြီး အရှက်ရစေသည့် အမျိုးသမီးများအား စစ်ဆေးသည့် ပုံစံကို ဒေါ်အေးမြင့် အမုန်းဆုံး ဖြစ်သည်ဟုလည်း ဆိုသည်။
“အရင်ကဆို ထဘီတွေ ခါပြရတာ။ အခုက အတွင်းခံဘောင်းဘီကို ဒူးခေါင်းအောက်အထိ ရောက်အောင် ချွတ်ပြရတာ။ အများအမြင် အလယ်ခေါင်ပေါ့၊ အပေါ်ခန်းတွေ အောက်ခန်းတွေ အကုန်မြင်ရတဲ့ နေရာမှာပေါ့။ ထဘီကို ပါးစပ်က ကိုက်ထား။ စစ်တဲ့မိန်းမက ထဘီထဲ ငုံ့ကြည့်တာလေ”ဟု ဒေါ်အေးမြင့်က ပြောပြသည်။
လက်ရှိတွင် ဒေါ်အေးမြင့်မှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာပြီ ဖြစ်သော်လည်း အကျဉ်းထောင်အတွင်း အရိုက် ခံခဲ့ရသည့် ဒဏ်၊ စစ်ကြောရေးတွင် နှိပ်စက်ခံရသည့် ဒဏ်များကြောင့် အင်္ကျ ီဝတ်လျှင် လက်မမြှောက်နိုင်တော့သလို ခေါင်းကိုက် ရောဂါလည်း စွဲကပ်နေပြီ ဖြစ်သည်။
“စစ်ကြောရေးမှာတုံးက တယောက် လာစစ်လိုက် ရိုက်သွားလိုက်၊ နောက်တယောက် လာစစ်လိုက် ရိုက်သွားလိုက်၊ ခေါင်းတစ်ခုလုံးဆိုလည်း၊ အခုခေါင်းကိုက်တာ စွဲနေတာ။ သေနတ်ဒင်နဲ့ ရိုက်တာလေ”ဟုလည်း သူကပြောပါသည်။
ဒေါ်အေးမြင့်သည် သပိတ် လှုပ်ရှားမှုတွင် တက်တက်ကြွကြွရှိပြီး ပစ်ခတ်မှုများရှိလာသည့်တိုင် ကြောက်ရွံ့စိတ်မရှိဘဲ အမြဲလိုလို သပိတ်ထွက်ခဲ့သူ ဖြစ်ကြောင်း ၎င်းနှင့်အတူ သပိတ်ထွက်ခဲ့သည့် သပိတ်ခေါင်းဆောင် တစ်ဦးကလည်း မှတ်ချက်ပြု ပြောပြပါသည်။
“သူ ဖမ်းခံရတဲ့ အချိန်က သူက တစ်နေရာ ကိုယ်တွေက တစ်နေရာ၊ လမ်းမှာ ပိတ်ထားတဲ့ဟာတွေကို သူ့ကို ဖယ်ခိုင်းတယ်။ ဖုန်းကိုစစ်ရင်းနဲ့ ဖုန်းထဲမှာ ဆန္ဒပြတဲ့ ဓာတ်ပုံတွေ တွေ့တဲ့အခါ ဒလန်ကလည်း ပါတယ်ထင်တယ်၊ ဒီကောင်မက သပိတ်ခေါင်းဆောင်လို့ ပြောတဲ့အခါ ရိုက်နှက်ပြီး ခေါ်သွားတာ”ဟုလည်း အထက်ပါ သပိတ် ခေါင်းဆောင်က ဒေါ်အေးမြင့် ဖမ်းဆီးခံရပုံကို ဆက်လက် ပြောပြသည်။
အကျဉ်းထောင်မှ လွတ်လာချိန်တွင် လုံခြုံရေး အခြေအနေကြောင့် တကွဲတပြားစီ ဖြစ်နေကြသော်လည်း ဒေါ်အေးမြင့်က တတ်နိုင်သည့် အပိုင်းမှ ဆက်ကူနေခဲ့သည်ဟုလည်း ဆိုသည်။
“အခုနောက်ပိုင်းဆိုရင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ မကြားဝံ့မနာသာတွေ လုပ်တာတွေ ရှိတယ်။ ဒီလို အခက်အခဲတွေကြားမှာ ရဲရဲရင့်ရင့်န ဲ့ဒေါ်အေးမြင့်လို အမျိုးသမီးတွေ အများအပြား စစ်အာဏာရှင် အောက်ကို ဒူးမထောက်ဘူး၊ ရရာနည်းလမ်းနဲ့ တော်လှန်ကြမယ်ဆိုတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ အဲ့ဒီ အမျိုးသမီးတွေကို ဂုဏ်ပြုတယ်၊ ချီးလည်းချီးကျူးတယ်၊ သူတို့ရဲ့ ရဲစွမ်းသတ္တိကိုလည်း အသိအမှတ်ပြုတယ်”ဟုလည်း သပိတ်ခေါင်းဆောင်က ပြောဆိုပါသည်။
တော်လှန်ရေး အောင်မြင်ချိန်တွင် ယခုကဲ့သို့ ဖမ်းဆီးခံရသူများအား ညညှ်းပန်းနှိပ်စက်သူများ၊ အမိန့်ပေးစေခိုင်းသူများ၊ အမှန်တရားကို ထုတ်ဖော်ပြောဆိုခြင်း မပြုသူများအားလုံး ထိုက်သင့်သည့် အပြစ်ပေး အရေးယူမှုများ ခံရမည် ဖြစ်ပြီး ပြစ်ဒဏ် ကင်းလွတ်ခွင့် မရစေရေး ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်ကြောင်း AAPP မှ တာဝန်ရှိသူက ပြောဆိုပါသည်။
“အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ပြန်လည်ရှာဖွေရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်တဲ့အချိန်မှာလည်း အသင်းအဖွဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေ လုပ်ကိုလုပ်ရပါမယ်။ စစ်တပ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမှာ ဖြစ်သလို ရဲတပ်ဖွဲ့တွေ အကျဉ်းဦးစီးတွေ အစစအရာရာ အကုန်လုံးကို ပြုပြင်ပြောင်းလဲမှု လုပ်ရမှာဖြစ်ပါတယ်”ဟုလည်း သူက ပြောသည်။
ထို့ပြင် နစ်နာဆုံးရှုံးခဲ့သူများ အတွက်လည်း ပြန်လည် ကုစားရေး လုပ်ငန်းများ လုပ်ဆောင်ရမည် ဖြစ်သည်ဟုလည်း ဆိုသည်။
အကျဉ်းထောင်အတွင်း နှစ်လကျော် ဖြတ်သန်းခဲ့ရသည့် ဒေါ်အေးမြင့်ကမူ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သည့် အခါအကျဉ်းဦးစီး ဌာနကို မေ့မထားကြရန်လည်း ယခုလို သတင်းစကား ပါးလိုက်ပါသည်။
“အကျဉ်းဦးစီးက ကျမတို့ကို စိတ်ဒုက္ခ အပေးဆုံးနဲ့ စိတ်ဒဏ်ရာ ရအောင် အလုပ်နိုင်ဆုံးပဲ”ဟု ဒေါ်အေးမြင့်က ပြောဆို လိုက်ပါတော့သည်။