By Ra Wai / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ညအချိန် စစ်တပ်ဗုံးကြဲမှုကြောင့် အမျိုးသမီးလေးဦးအပါအဝင် စုစုပေါင်း ပြည်သူခြောက်ဦး သေဆုံးခဲ့ကြောင်းသိရသည်။
မတ်လ လေးရက်၊ ည ၁၀နာရီခွဲခန့်တွင် တောင်သာမြို့နယ်၊ နတ်စောင့်ရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံးတစ်လုံးကြဲချခဲ့ရာ သက်ကြီးရွယ်အိုအမျိုးသားတစ်ဦး၊ အမျိုးသမီးလေးဦးနှင့် အသက် ၁၃နှစ်အရွယ်ကလေးငယ်(ကျား)တစ်ဦးတို့ သေဆုံးပြီး နေအိမ် ၂၈လုံးမီးလောင်ပြာကျခဲ့ကြောင်း ဒေသတွင်းPDFရဲဘော်တစ်ဦးထံကသိရသည်။
” ကြဲတာက တစ်လုံးတည်းကြဲသွားတာ။ ၅၀၀(ပေါင်၅၀၀)ကို ဒီလောက်ပြင်းသွားတာ။ ရွာထဲ ဓမ္မာရုံဘေးကို ကျတာ။ ဘယ်လိုအခြေအနေကြောင့် မီးလောင်တယ်ဆိုတာတော့ မပြောတတ်ဘူး။ လောင်တာတော့ ဗုံးကြဲလို့ပဲလောင်သွားတာ။ အရင်ကတော့ ထိခိုက်ဒဏ်ရာနဲ့ ကြေမွပျက်စီးတာ ပဲရှိတာ။ ခုကဘယ်လိုဖြစ်ပြီးမီးလောင်သွားတယ်မသိဘူး” ဟု ၎င်းက MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးစာရင်းနှင့် နေအိမ်ပျက်စီးမှုစာရင်းသာ ရရှိထားပြီး ဒဏ်ရာရရှိသူစာရင်းကိုမူ မရရှိသေးကြောင်း ၎င်းကပြောသည်။
” ထိခိုက်ဒဏ်ရာရတဲ့ စာရင်းကို ကျတော်တို့လည်း မရသေးဘူး။ ခုလောလောဆယ်စာရင်း ကောက် တာ သေဆုံးသူစာရင်းပဲရသေးတာ။ သေဆုံးသူစာရင်းတောင် နာမည်အတိအကျမရသေးဘူး။ သန့်ရှင်းရေးဝင်လုပ်နေတုန်းဆိုတော့” ဟု ၎င်းကယနေ့(မတ်ငါးရက်)နံနက်၁၀နာရီကျော်တွင် ပြောသည်။
စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အချိန်မရွေး ပြုလုပ်နေသဖြင့် ဗုံးခိုကျင်းများစနစ်တကျတူးထားရန်နှင့် အထူးသတိထားနေထိုင်ကြရန် လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက တိုက်တွန်းထားသည်။
စာတည်း-ML